ဈေးကြီးပေးရသော ကလေးကျွေးစာများကို ကျွေးချင်သော မေမေသို့

မေမေရေ

(၁) ကြက်ပေါင်းရည်
ပုလင်းနဲ့လာတဲ့ နိုင်ငံခြားက ကြက်ပေါင်းရည်ဝယ်တိုက်မလို့လား။ အဲ့ပုလင်းထဲ ကြက်က ဘယ်နှစ်ဘယ်လက သေခဲ့မှန်းမသိပါဘူးမေမေရယ်။ လတ်ဆတ်တဲ့ ကြက်သားဝယ်ပြီး သားကို ပေါင်းကျွေးပြုတ်ကျွေးလို့ရပါတယ်။ ကြက်ပေါင်းရည်ချည်းပဲတော့ မတိုက်နဲ့နော်။ ကြက်ပြုတ်ပေါင်းရည်မှာ မေမေထည့်တဲ့ ရေရယ်၊ ဆားရယ်၊ ကြက်အရေခွံက ထွက်တဲ့ အဆီရယ်ပဲအဓိကပါတာ။ ပရိုတင်းပါတဲ့ အသားမျှင်တွေကိုကျွေးပါ။
(၂) ငှက်သိုက်
မေမေ့ကို အခြားမေမေတွေက သားကို ငှက်သိုက်ဝယ်ကျွေးဖို့ တိုက်တွန်းလာရင် အစစ်က ဈေးအရမ်းကြီးတယ်နော်မေမေ။ ဈေးသိပ်မကြီးရင် အတုဖြစ်ဖို့များတယ်။ အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ငှက်သိုက်ထဲက အချိုဓာတ်က အရသာကောင်းအောင် ထည့်ထားတဲ့ သာမန် သကြားပါမေမေ။ ငှက်သိုက်ကပေးတဲ့ ခုခံမှုတက်စေတယ်ဆိုတဲ့ ပရိုတင်းဓာတ်က ကြက်ဥတို့ ကြက်သားတို့မှာ ပါတယ်လေ။ ဒါ့ကြောင့် မေမေ ငှက်သိုက်ဝယ်ဖို့ ပိုက်ဆံ အပိုမရှိရင် စိတ်မကောင်းမဖြစ်ပါနဲ့။
(၃) Bee Pollen @ ပျားဝတ်မှုန်
ဪ ခေတ်စားနေတဲ့ ပျားဝတ်မှုန်ဝယ်တိုက်ချင်လို့လား။ တိုက်ဖို့လိုပါ့မလားမေမေ။ ပျားဝတ်မှုန်က ပေးမယ့် အာဟာရဓာတ်တွေက မေမေနေ့တိုင်းကျွေးတဲ့ အသားငါး အသီးတွေမှာ ပါတယ်လေ။ ပျားဝတ်မှုန်က ကင်ဆာကာကွယ်တယ်တဲ့လား။ ဈေးမကြီးတဲ့ ဝါစိမ်းနီ ရောင်စုံ ဟင်းသီးဟင်းရွက်တွေမှာလည်း ကင်ဆာကာကွယ်တဲ့ သဘာဝပစ္စည်းတွေ အလျှံပယ် ပါပါတယ်။ အချို့ပျားဝတ်မှုန် တံဆိပ်က အသက် အန္တရာယ်ရှိတဲ့ စွဲစေတဲ့ ပိတ်ပင်ဆေးဝါးတွေပါ ထည့်ထားတယ်လို့ ကြားတယ်မေမေရေ။ ပြီးတော့ သားနဲ့ မတည့်ရင် အသက်ပါဆုံးရှုံးနိုင်တယ်ဆိုတော့ ပျားဝတ်မှုန်ကြောင့်တော့ မေမေနဲ့ သား အပြီး ခွဲမသွားရပါစေနဲ့မေမေရယ်။

မိဘတိုင်းက ကလေးကို ဉာဏ်ကောင်းစေလို၍ “ကလေးဉာဏ်ကောင်းစေသော အစာ””ကလေးဉာဏ်ကောင်းစေသော ဆေး”ဆိုသည့် ကြော်ငြာများကို တွေ့တိုင်း သတိရှိကြစေရန် ရည်ရွယ်ရေးပါသည်။

နေနေမိုးဆွေ (Child Health Myanmar Page)
Photo Credits to Google
#naynaymoeswe