မကုလျှင် သေနိုင်သောပိုး =====*=====*=====

ပုံ ၁
*ဦးနှောက် အမြှေးရောင်ပိုးရသော်လည်း အချိန်မီကု၍ အကောင်းပကတိ ပြန်ဖြစ်သောကလေးငယ်

ပုံ ၂
*ဦးနှောက် အမြှေးရောင်ပိုးရပြီး အသက်ဆုံးရှုံးသွားသော ကလေးငယ်

ဦးနှောက် အမြှေးရောင်ပိုးအကြောင်း မိဘများအမေးများ၍ ရေးပါသည်။ အပိုင်း (၁) မှ (၇)ထိ ခွဲရေးထားပေးသည်။

(၁)ဦးနှောက် အမြှေးရောင် ပိုးက ဘာလဲ
————————–———
virus (သို့) TB အပါအဝင် bacteria မျိုးစုံ ကြောင့်ဖြစ်သည်။ bacteria ကြောင့်ဖြစ်လျှင် အန္တရာယ်ပိုကြီးသည်။

(၂) ဘယ်လိုကူး ဘယ်ကဝင်
————————-
ရောဂါပိုးရှိသောသူများချောင်းဆိုး နှာချေတာကို ကလေး ရှူမိရင် နားနှာခေါင်းလည်ချောင်းထဲမှ ပိုးကဝင်လာနိုင်သည်။ ပိုးရှိသော သူများ ကလေး ကို နမ်းလျှင်လည်းကူးသည်။ ပိုးရှိသူများနှင့် ပန်းကန်နှင့် ဇွန်း ခွဲမစားလျှင်လည်းကူးနိုင်သည်။

(၃) ဘာတွေ ဆက်ဖြစ်
——————–
ကိုယ်ခံအား ကောင်းလွန်းလျှင်၊ ကာကွယ်ဆေးထိုးထားလျှင် ရောဂါ လက္ခဏာမပြဘဲ ကိုယ်ထဲ ဝင်လာသောပိုးများသေသွားမည်။

(၄) ဘာလက္ခဏာပြ
——————
ရောဂါပိုး ကိုယ်ထဲဝင်ရောက်ပြီး ၃-၄ ရက်အတွင်း လက္ခဏာစတင်မည်။ လက္ခဏာများက ကလေး အသက်ပေါ် မူတည်သည်။

ကလေးငယ်များ မပြောတတ်၍ ခါးကော့ငိုမည်။ အားနှင့်ထိုးအန်မည်။ ဖျားမည်။ တက်မည်။ ငယ်ထိပ်လေး ဖောင်းကားလာမည်။

ကလေးကြီးများတွင် ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ အန်ခြင်း၊ တက်ခြင်း၊ အလင်းရောင် ကြည့်လျှင် မခံနိုင်ခြင်း၊ နုံးဖတ်ခြင်း၊ လည်ပင်းတောင့်တင်းခြင်းတို့ဖြစ်မည်။

ကလေးအရွယ်မရွေးတွင် ဖိလျှင် မမှိန်သွားသော အနီစက်များထွက်နေတာ တွေ့လျှင် အလွန်စိုးရိမ်ရသော အဆင့်ရောက်နေပြီ ဖြစ်သည်။

(၅) ဆရာဝန်က ဘာလုပ်ပေးနိုင်လဲ
————————–—–
ရောဂါပိုးရှာပေးဖို့လဲ လိုသည်။
ကုသပေးဖို့လဲ လိုသည်။

ရောဂါပိုးရှာပေးဖို့ ခါးရိုး ၂ ခုကြား အပေါက်သေးသေးလေး ဖောက်ပြီး ဦးနှောက်မှ ဆင်းလာသော အရည်ထဲ တွင် ပိုးရှာရသည်။

ပိုးပေါ်မူတည်၍ ဆေးရွေးရသည်။ ဆေးစပြီးလျှင် သင့်မသင့် ပြန်စစ်ရသည်။ ဆေးက သွေးကြောထဲက ပေးမှ ဦးနှောက်ဆီသို့ အမြန်ရောက်သည်။

(၆) နောက်ဆက်တွဲ ဆိုးကျိုး
————————–
အချိန်မီ မကုလျှင် ရောင်နေသော အမြှေးက ဦးနှောက်ကို ဖိ၍ ဖိသောနေရာပေါ်မူတည်ပြီး လက်၊ ခြေထောက် အားနည်းသွားခြင်း၊ မှတ်သားဉာဏ်ထိခြင်း၊ နားလေးခြင်းစသည်တို့မှ သေဆုံးခြင်းထိဖြစ်နိုင်ပါသည်။ ရောဂါ လက္ခဏာ စဖြစ်ပြီး ၂ ရက်အတွင်း ဆေးဝင်ဖို့လိုသည်။

(၇) ဘယ်လိုကာကွယ်
——————–
-ကာကွယ်ဆေးရှိတဲ့ ပိုးအတွက် ကာကွယ်ဆေးထိုးပါ
( ငါးမျိုးစပ်တွင်ပါဝင်သော အဆုတ်ရောင် ကာကွယ်ဆေးနှင့် ဦးနှောက် အမြှေးရောင်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးများက ဦးနှောက်အမြှေးရောင် အဖြစ်အများဆုံး ရောဂါပိုးများကို ကာကွယ်ပေးသည်။ )
-အာဟာရပြည့်ဝအောင် ကျွေးခြင်းဖြင့် ကလေး ကိုယ်ခံအား ကောင်းပါစေ
-လက်ပုံမှန်ဆေးပါ
-လူများသော နေရာ ခဏခဏ မသွားပါနှင့်
-လူကြီး နှာစေးချောင်းဆိုးရင် တစ်ရှူးနှင့်ကာပြီး ချက်ချင်းလွှင့်ပစ်ပါ

(အိမ်တွင် လူနေသိပ်သည်းခြင်း, ဆေးလိပ်သောက်သူရှိခြင်းတို့နှင့် ဤရောဂါ ဆက်စပ်မှုရှိသည်ဟု သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှ တော်ဝင်ကလေးဆေးရုံက ရှာဖွေတွေ့ရှိထားသည်။)

#နေနေမိုးဆွေ ( Child Health Myanmar Page)
Reference: Royal Children Hospital Melbourne, Victoria Australia
#naynaymoeswe