လွတ်လပ်မှုအရသာစတင်ခံစားလာတဲ့အခါ အစားစားပုံပါ ပြောင်းလဲလာမှာ

(၁၈) လအရွယ်ကလေးလေးရဲ့ သဘာဝစိတ်ကို ပံ့ပိုးတဲ့ အနေနဲ့ စားစရာလေးတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပြုပါ။ သူတို့လက်နဲ့ တကိုင်စာအရွယ်လေးတွေ တုံးပေးထားပါ။

သားသားမီးမီးလေး (၁၈) လအရွယ်ရောက်ပြီဆိုရင်တော့  တောက်တောက် တောက်တောက် လမ်းလျောက်နေပြီဖြစ်တဲ့ သားသားမီးမီးလေးတို့က ပတ်ဝန်းကျင်မှာ ရှာဖွေစရာ လေ့လာစရာတွေ များလွန်းလာလို့ ဆော့ကစားမက်တဲ့ အရွယ်လို့ ပြောလို့လည်း ရပါတယ်။ ဒါ့ကြောင့် မေမေတို့မှာ အစားကျွေးဖို့ သိပ်ခက်ခဲလာရပါပြီ။ ပထမဆုံးလွတ်လပ်မှုကို စတင်ခံစားတတ်လာတဲ့ အရွယ်လေးဖြစ်တာကြောင့် သူလွတ်လပ်သလို လျောက်သွား လျောက်ကိုင် လျောက်ဆွဲတဲ့ အပြုအမူလေးတွေနဲ့ လွတ်လပ်မှုကို အသုံးချတတ်လာပါတယ်။ အဲဒီ့အထဲမှာ အစားစားခြင်းလည်း ပါဝင်ပါတယ်။ မေမေအများစုလည်း အဲဒီ့အချိန်မှာ စပြီး ကလေးအစာမစားလို့ စိုးရိမ်ပူပန်မှုတွေကို ခံစားလာရပြီပေါ့။

(၁၈) လအရွယ်ကလေးလေးက သဘာဝအရ အံတုတွန်းလှန်တဲ့စိတ်ကလေးရှိပြီလို့  သိထားပါ။ ဒါကြောင့် သူတို့ဘာသာ လွတ်လွတ်လပ်လပ်စားနိုင်တယ်ဆိုတဲ့ သဘာဝစိတ်လေးကို ပံ့ပိုးပေးတဲ့အနေနဲ့ရော၊ အစားကို မက်မက်စက်စက်စားဖို့အတွက်ပါ မေမေတို့က ပြင်ဆင်ကျွေးမွေးရမှာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်စားခိုင်းပါ။

နောက်တစ်ခုကတော့ ဇွတ်အတင်းကျွေးတာကို ရှောင်ပါ။ မေမေတို့အများစုကတော့ ဒီအရွယ်မှာ ကလေးက အစားသိပ်မစားလို့ စိတ်ရှုပ်တတ်ပါတယ်။ ဇွတ်အတင်းဖိအားပေးပြီးတော့ မကျွေးပါနဲ့။ ဘာစားသင့်တယ်လို့ မေမေတို့က ဆုံးဖြတ်တယ်ဆိုပေမယ့် သူ့ရဲ့ ငြင်းပယ်တဲ့စိတ်ကို အသိအမှတ်ပြုပါ။ အစာမျိုးစုံကို သူ့ရှေ့မှာပေးထားပါ။ သူကြိုက်တာကို ယူစားရတဲ့ လွတ်လပ်မှုကို သူက ပိုပြီး နှစ်သက်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းလေးက finger food လေးတွေ ကျွေးတာပါ။

သူတို့ကို ရွေးချယ်ခွင့်ပေးတဲ့အနေနဲ့ အသား၊ အသီး၊ အာလူး၊ ဥ စတဲ့ အရာတွေကို သူတို့လက်နဲ့ တစ်ကိုင်စာအရွယ်လေးတွေ တုံးထားပါ။ ပေါင်မုန့်၊ ကိတ်မုန့်လေးတွေလည်း ချပေးထားလို့ ရပါတယ်။ ပန်းသီး၊ ငှက်ပျောသီး၊ အာလူး စတဲ့ အတုံးတုံးလို့လွယ်ပြီး ကလေးဝါးဖို့အဆင်ပြေစေတဲ့ အားရှိစေမယ့် စားစရာလေးတွေကို သူ့ရှေ့မှာ ဆာလောင်နေတဲ့ အချိန်ပေးထားတာက အကောင်းဆုံးဖြစ်ပါတယ်။