အားလုံးစူးစမ်းမယ်…ဘာလဲဆိုတာ သိချင်တယ်လေ..

နီထွေးလေးကို နှစ်ပတ်သမီးလောက်ကတည်းက အပြင်ခေါ်သွားပါတယ်။ ဆေးခန်းကို follow up လုပ်ရတဲ့ ရက်တွေအပြင် အပြင်ကို လမ်းလျှောက်အမြဲခေါ်ပါတယ်။ baby wear wrap လေးနဲ့ပေါ့။ အပြင်ဘက်က အသံတွေ၊ လူသံတွေ၊ ပစ္စည်းသံတွေ ယဉ်ပါးအောင်ပေါ့။ ငယ်သေးတော့ သူအိပ်နေတာပဲ များပါတယ်။ ပြီးတော့ နီတိုးက ကစားဖို့ လိုတယ်လေ ဒါကြောင့်သူ့ကို လိုက်ပို့ရပါတယ်။ ဒီတော့ အပြင်က ထွက်ဖြစ်နေတာပါပဲ။

ကလေးငယ်လေးနဲ့ အပြင်ထွက်တော့ ရောဂါပိုးမွှားတွေရဲ့ အန္တရာယ်ကိုတော့ ဂရုစိုက်ရတယ်။ ကိုယ်ကိုယ်တိုင် လက် အမြဲဆေးနေပါတယ်။ တခြားပစ္စည်းကိုင်ပြီး ကလေးကို မကိုင်ဘူး။ ကားတံခါး ဖွင့်ပြီးရင်တောင် ကလေးကို မကိုင်ဘူး။ လက်အရင် ဆေးတယ်ပေါ့။ hand sanitizer လေး ဆောင်ထားတာပေါ့။ အများသုံး nursing room တွေ ဝင်ရင်လည်း ကိုယ့်အဝတ်လေး ခင်းပြီးမှ ကလေးကို ချတယ်။ အဲလိုပေါ့နော်။

လမ်းမှာ သူများက ကလေးကို နှုတ်ဆက်ရင်း ထိမယ် ကိုင်မယ်ထင်တာနဲ့ hand sanitizer လေး ထိုးပေးလိုက်ပါတယ်။ ပြောလို့ရတဲ့သူဆို မကိုင်ဖို့ ပြောပါတယ်။ လူအများစုကလည်း ကလေးဆိုရင် မျက်နှာပဲ ကိုင်ချင်တာ မဟုတ်လား 😄

နီထွေးလေး ၂- ၃ လကျော်လို့ အပြင်ကို ပို ကြည့်တတ်လာတော့လည်း နေ့တိုင်း အပြင်ထွက်ပြီး လမ်းလျှောက်ဖြစ်ပါတယ်။ အဝေးကို ကြည့်ရအောင်ပါ။ အဲလိုဆိုရင် မျက်လုံးလေးဝိုင်းပြီး အပြင်ကို ကြည့်ပေမယ့် သူ့လက်သီးလေးတွေကို ကျစ်ကျစ်ဆုပ်ထားတယ်။ သူ နည်းနည်း ကြောက်တယ်ပေါ့နော်။

နောက်တော့ ထွက်ပါများတော့ သူမကြောက်တော့ပါဘူး။ အပြင်ရောက်ရင် မျက်နှာလေး တစ်မျိုးပြောင်းပြီး လျှောက်ကြည့်တတ်ပါတယ်။ နောက်တော့ ပါးစပ်လေးဟပြီး ကြည့်တဲ့အခါလည်းရှိတယ်။ အားတက်သရော မျက်လုံးလေး ဝိုင်းပြီး စုပြီး ကြည့်တဲ့အခါလည်း ရှိတယ်။ သွားရည်တွေလည်း ဗူးမှုတ်ထားပြီး ပေနေတဲ့အခါလည်းရှိတယ်။ သူနှုတ်ခမ်းလေးနဲ့ လျှာလေးကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးလို့ ဖြစ်တာပါ။ သူ့မှာ လျှာရှိတာကို သိလာလို့ လျှာကို ဆော့တာပါ။ ဒါဟာ ကလေးရဲ့ ဖွံ့ဖြိုးမှု တခုလို့ပဲ ယူဆပါတယ်။

နောက်သုံးလကျော်တော့ သူ့လက်ကို သူသိလာတယ်။ သူ့လက်ကို သူစုပ်တယ်။ သူ့ပါးစပ်နား ထိမိတာ အားလုံး စုပ်မယ်။ လျှာလေးနဲ့ တို့မယ်။ ပခုံးပေါ် ချီထားရင် ပခုံးကို စုပ်မယ်။ သူ့အတွက် အရာအားလုံးဟာ အဆန်းချည်းပဲမို့ သူ စမ်းကြည့်တာ။ လျှက်ကြည့်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အရွယ်လေးတွေက ပါးစပ်တခုပဲ လှုပ်တတ်သေးတာ မဟုတ်လား။

ကလေးလေးတွေဟာ သူတို့လက်ကိုလေးလလောက်မှ သေချာသိပြီး ထိန်းချုပ်တာ ရွေ့လျားတာကို လုပ်တတ်ကြတယ်။ ခြေထောက်ကလည်း မြှောက်ပဲ မြှောက်နိုင်သေးတာ။ သေချာရွေ့အောင်မလုပ်တတ်သေးဘူး။ ဒါကြောင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ အစောဆုံး သိရတဲ့ လျှာလေးကို ထုတ်ကြည့်မယ်။ ဝါးကြည့်မယ်။ ပစ္စည်းတွေကို လျှက်ကြည့်မယ်။ ဒီနည်းနဲ့ စပြီး သင်ယူတာပါ။ တွေ့ကရာကို ပါးစပ်ထဲ ထည့်တော့မှာပါ။

ဒါမှလည်း ဖြည့်စွက်စာ စားတဲ့အခါ အစာစားခြင်းအတတ်ကိုလည်း ဆက်ပြီး လွယ်လွယ် သင်ယူဦးမယ်။ သူတို့သိတဲ့ လျှာလေးနဲ့ သူတို့ ဦးနှောက်ထဲကို data တွေ ထည့်တာပါ။

ဒါကို လျှာမှာ ပြဿနာ ရှိတယ်… သူငယ်နာပါဆိုပြီး လျှာကိုဆိတ်… ဆေးတွေတိုက်… သိချင်လို့ လျက်ကြည့်တာကို တွန်းဖယ် ပုတ်ထုတ် ပေးမလုပ်ရင် ဘယ်တရားမလဲနော်….

သင်ယူနေတဲ့… သိချင်နေတဲ့ ကလေးရဲ့ ဦးနှောက်လေးကို အစောကြီးကတည်းက ဟန့်တားကန့်သတ်ပစ်လိုက်သလို မဖြစ်ရအောင် သူတို့နားမလည်သေးတဲ့ အချိန်မှာ တတ်နိုင်သမျှ ပစ္စည်းတွေကို သန့်ရှင်းပြီးမှပေးကိုင်တာမျိုး လုပ်ရမှာပါပဲ။ teething toys လေးတွေ ပေးထားပြီး ကိုက်စေတာလည်း လုပ်နိုင်တယ်။ ပြောလို့ နားလည်နိုင်တဲ့ အရွယ်ရောက်တော့ ပါးစပ်ထဲကို စားစရာပဲ ထည့်လို့ရတယ်ဆိုတာ သင်ပေးရမှာပေါ့နော်…

(သူငယ်နာဆိုတာ ဘယ်လိုဆိုတာလည်း ဆရာဝန်များ ရှင်းပြရေးထားပြီးပါပြီ။ )

ဒါကြောင့် ကလေးလေးတွေကို စူးစမ်းခွင့်ပေးသင့်ပါတယ်။ ပေးဆော့သင့်ပါတယ်။ ပေးစားသင့်ပါတယ်ပေါ့ 😄

⚠️ဒါပေမယ့် စိတ်ချရပြီး သန့်ရှင်းတဲ့ ပါးစပ်ထဲဝင်ရင် အန္တရာယ် မဖြစ်တဲ့ ပစ္စည်းတော့ ဖြစ်ရမှာပေါ့နော်။ ⚠️

⛔️ဆေးလုံးတွေ၊ ဆေးပုလင်းတွေ၊ဓါတ်ခဲတွေ၊ ကစားစရာ အစိတ်အပိုင်းသေးသေးလေးတွေ၊ chemical ပါတဲ့ သန့်ရှင်းရေး ပစ္စည်းတွေ( ဥပမာ- မှန်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ ပန်းကန်ဆေးရည်) တွေ၊ မိတ်ကပ် ပစ္စည်းနဲ့ အသုံးအဆောင်တွေ( nail polish, hair remover, etc…) ၊ baby oil , baby shampoo , baby cream ဗူးတွေ၊ သံလိုက်တုံးတွေ၊ ပိုးဟတ်သတ်ဆေး၊ ကြွက်သတ်ဆေး စတာတွေ၊ အိမ်သုတ်ဆေးဗူးတွေ၊မီးခြစ်ဗူးတွေ စတဲ့ အန္တရာယ် ရှိတဲ့ ပစ္စည်းတွေ ကိုတော့ ကလေးလက်လှမ်းမမီအောင်ထားရမယ်။ ကလေးကို ပေးမဆော့သင့်ဘူး။

⛔️ကလေးကို ပေးဆော့တယ် ပေးစူးစမ်းတယ်ဆိုပြီး ဒဏ်ကြေလိမ်းဆေး ပုလင်းပေးထားလို့တော့ မရဘူးပေါ့နော်။ child safe ဖြစ်အောင်တော့ ကြိုလုပ်ထားရမယ်။ အမြဲစောင့်ကြည့်နေရမှာပေါ့နော်။

မေတ္တာဖြင့်
ယုငယ်