အကြီးတစ်လုံး အသေးတစ်လုံး @@@—[email protected]@@—[email protected]@@

ဆရာရယ်၊ ကျွန်မတို့ကို အဆင်းနောက်ကျနေတဲ့ သားလေးရဲ့ ဥလေးအကြောင်းရှင်းပြတာ ဘယ်လိုကျေးဇူးတင်မှန်း မသိဘူး။ ခုဆို ယောက်ျားကလည်း သဘောပေါက် နားလည်လို့ ကျွန်မ အစားမှားလို့ ဖြစ်လေသလားဆိုတဲ့ သံသယကြီးလည်း အရှင်းကို ပျောက်သွားပေါ့။ ကျွန်မ စိတ်ချမ်းသာ လိုက်တာရှင်၊ မပြောပါနဲ့တော့။’

‘အခုလိုကြားရတော့ ကျွန်တော်တို့လည်း ဝမ်းသာကြပါတယ်။ လုပ်ရကျိုးနပ်တယ်လို့လည်း ခံစားရတယ်လေ။’

‘ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မ ကြီးတော့် သားလေးရဲ့ ပြဿနာကိုလည်း ရှင်းပြပေးစေချင်ပါတယ်။’

‘ကဲ ဆိုပါဦး။ သူ့သားလေးဟာက ဘယ်က ဘယ်လို စဖြစ်တာတုံး။’

‘သူ့သားလေးရဲ့ ဥတစ်လုံးက ပြီးခဲ့တဲ့နှစ်က စလို့ ကြီးလာလိုက်တာ အခုဆို ပန်းသီးလုံးလောက် ရှိနေပြီတဲ့ ဆရာ။ အသက်ကတော့ ဆယ်နှစ်ပါ။
ဆေး အရည်၊ အမှုန့်၊ အဆီ၊ အဖတ် လက်လှမ်းမှီရာအကုန် လိမ်းတယ်၊ အုံတယ်၊ တိုက်တယ်၊ ကျွေးတယ် ဆရာ။ ဗေဒင်၊ ပယောဂ၊ အကြား အမြင်ရတွေဆီ စုံနေအောင် ရောက်ပြီးပြီ ဆရာ။ ဆရာဝန်ဆီတော့ မရောက်သေးဘူး။
ဆရာဝန်သွားပြဆိုတော့လည်း ကလေးရှက်မှာစိုးလို့၊ ကလေးကို ခွဲစိတ်ကြမှာ ကြောက်လို့ဆိုပြီး မသွားဘူးဆရာ။ သူ ကျန်းမာရေး ဗဟုသုတ နည်းတာကိုသိတဲ့ ကျွန်မက Child Health Myanmar page လေးအကြောင်း ပြောပြတော့ သူလည်းမေးဖို့ စိတ်ဝင်စားတယ်လေ။ အဲဒါကြောင့်ပါ။’

‘ဪ…. ဖြစ်မှဖြစ်ရလေကွယ်။ ကလေးရှက်မှာစိုးလို့၊ ဆရာဝန်က ခွဲမှာစိုးလို့တဲ့လား…။
ဒီနေရာမှာ အခွင့်ကြုံတုန်း ကျွန်တော်တို့ Child Health Myanmar ရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင် တစ်ခုကို ပြောပြချင်ပါတယ်။ ဒါကတော့ ကျုပ်တို့ပြည်သူပြည်သားတွေမှာ အရိုးစွဲအောင် ကိန်းအောင်းနေတဲ့ မမှန်ကန်တဲ့ ရှေးရိုးစွဲ အထင်မှား အမြင်လွဲများကို သားသမီးကိုချစ်တဲ့စိတ်အရင်းခံပြီး မိခင်ဖခင်တွေက ရဲရဲဝံ့ဝံ့ တွန်းလှန်စွန့်လွှတ်နိုင်အောင် ကူညီဖို့ဖြစ်ပါတယ်။’

‘ဟာ… ကောင်းလိုက်တဲ့ ရည်ရွယ်ချက် ဆရာ ရယ်။ တလောက ပယောဂဆရာတစ်ဦး ကိုင်ပေါက်လို့ ကလေးငယ်လေးတွေရဲ့အသက် ဆုံးပါးသွားရတဲ့သတင်း ဆရာတို့လည်း ကြားလိုက်မှာပေါ့။ ကျွန်မလုံးဝကို စိတ်မကောင်းဘူး။ နှမြောလိုက်တာ။ နောင်ကို ဒီလို အဖြစ်ဆိုးမျိုးတွေ ထပ်မကြုံရအောင် ဆရာတို့ ကျွန်မတို့ အားလုံးပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်သွားကြရမယ်လို့ ကျွန်မကတော့ ဒီလိုပဲ မြင်တယ်။’

‘သိပ်မှန်တာပေါ့ ဗျာ။ သွေးထွက်အောင်ကို မှန်တယ်။’

‘ဟုတ်ကဲ့ပါ ဆရာ။ တစ်လုံးကြီး တစ်လုံးသေး ကိစ္စလေးလည်း လုပ်ပါဦး။ သိချင်နေလို့။’

‘ဒါက လွယ်မယောင်နဲ့ခက်၊ ရှင်းမယောင်နဲ့ရှုပ် တတ်တဲ့ကိစ္စမို့ အရင်ဦးဆုံးပြောချင်တာက ဆရာဝန်ရဲ့ စမ်းသပ်စစ်ဆေးမှု လိုတယ်ဆိုတာပါပဲ။
နားလည်လွယ်အောင် ဒီဥကလေးတွေနဲ့ ပတ်သက်တဲ့ သန္ဓေသား ဗေဒ (Embryology) အခြေခံကို အရင်ရှင်းပြမယ်။’

‘ဟုတ်ကဲ့ ဆရာ။’

‘ဥကလေးဟာ ခေသူမဟုတ်တဲ့ VIP မင်းသားလေးဆိုတော့ ဗိုက်ထဲကနေ စံအိမ်တော် ကပ်ပယ်အိတ်ထဲဆင်းတဲ့အခါ ကိုယ်ရံတော် အရည်အိတ်ကလေးက လိုက်ပါစောင့်ကြပ်ပါတယ်။ အိမ်တော်ကို ရောက်ကြတာနဲ့ ဂိတ်မှုးက တံခါးနဲ့လမ်းကြောင်းကို ပိတ်ပြီး အပြင်က မဆိုင်တဲ့အူတွေ အိမ်တော်တွင်းဝင်မလာအောင် တားပါတယ်။’

‘ထူးဆန်းတယ် နော်။ လန်ထွက်နေတာပဲ။ နိုင်းလောက်ရှိတယ်။’

‘ဒီတော့ ကိုယ်ရံတော် ပိန်ပိန် ရှိသလို ဝဝလည်း ရှိမှာပေါ့။ အစကပိန်ပြီး နောက်မှ ဝလာတာလည်းရှိမှာပဲလေ။ ဖောင်းတဲ့အရည်ကြည်အိတ်ကို Hydrocele လို့ခေါ်တယ်။
တံခါး မလုံရင် ဒါမှမဟုတ် အူတွေကအတင်းတိုးရင် (ဥပမာ ဝမ်းညှစ်ရင်၊ အလေးမရင်) သူလည်းကပ်ပယ်အိတ်ထဲ ကျူးကျော်ဝင်လာနိုင်တယ်လေ။ ဒါကိုတော့ Indirect Inguinal Hernia လို့ခေါ်တယ်။’

‘ဒါဆို ကြီးရတဲ့ ဖြစ်နိုင်ခြေ နှစ်ခုရှိတာပေါ့။’

‘မကပါဘူး။ အဖြစ်နဲနဲ နည်းတာတွေကတော့ ပါးချိတ်ရောင် ဗိုင်းရပ်စ် (သို့) ဆီးပိုး ကြောင့် ဝှေးစေ့ရောင်ခြင်း (Orchitis)၊ သုတ်ပိုးကို ခံယူစုဆောင်းပေးတဲ့ ကတော့ပြွန် မှာအရည်ကြည်အိတ်ဖြစ်ခြင်း (cyst of epididymis)၊ သွေးကြောထုံးခြင်း (varicocele)၊ ဥကင်ဆာ (testicular tumours) စတာတွေ ဖြစ်ပါတယ်။’

‘အမယ်လေး.. ဘုရားကယ်ပါ.. သိကြားကယ်ပါ.. ဒီလိုရှင်းမယောင်နဲ့ ရှုပ်တတ်တဲ့ ဥပြဿနာမို့ ဆရာဝန်ပြဖို့လိုတာကိုး။ ပေါက်ပြီ။’

‘ဟုတ်ပါတယ်။ ဘာလဲဆိုတာသေချာသိမှ မှန်ကန်တဲ့ကုသမှုကို ပေးနိုင်မှာ မဟုတ်လားဗျ။ အဲဒါကြောင့် ငါ့ညီငါ့ညီမတို့ message တွေ comment တွေမှာ မေးတဲ့ အချို့မေးခွန်းတွေကို ကျွန်တော်တို့ မစမ်းမသပ်ပဲ ဘယ်လိုမှ ဖြေဖို့ မဖြစ်နိုင်တာပါ။ ဆရာတို့က စေတနာနဲ့ ဖြေလိုက်လို့ မှားသွားရင် ကလေးပဲ နစ်နာမယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့ကို ဆေးရုံဆေးခန်းလို သဘောထားပြီးမေးတဲ့ မေးခွန်းတွေကို အထူးရှောင်ကြဉ်ပါလို့ ပြောပါရစေ။’

‘ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မတို့ နားလည်ပါပြီ။’

‘စမ်းသပ်လို့ hydrocele ဆိုရင်တော့ အန္တရာယ် မရှိပါဘူး။ မခွဲပဲ စောင့်ကြည့်လို့ရပါတယ်။ သိပ်ကြီးလာပြီး ကလေးကို နာကျင်နေစေတဲ့ အဆင့်အထိရောက်လာရင်တော့ ခွဲဖို့စဉ်းစားရပါမယ်။ ဆေးနဲ့ကုလို့ ပျောက်တတ်တဲ့အရာ မဟုတ်ပါဘူး။
ခွဲတာကတော့ အရည်ကြည်အိတ်ကိုဖွင့်၊ အရည်ကိုထုတ်၊ အိတ်ကိုတော့ ပြောင်းပြန်လှန်ပြီး ချုပ်လိုက်တာပါပဲ။’

‘အရည်ကြည်ဆိုတော့ အပ်ကလေးနဲ့ စုပ်ထုတ်လိုက်ရင် ပိုမလွယ်ဘူးလား။ စဉ်းစားကြည့်တာပါ။ ဆရာဝန်ကို မေးသင့်တာ မေးရမယ်ဆိုလို့ပါ။’

‘သိပ်ကောင်းတဲ့မေးခွန်းပါ။ လုပ်ကြည့်လို့တော့ရပါတယ်။ ဒါပေမယ့် စုပ်ထုတ်ပြီး ခဏ နေရင်ပြန်ပြည့်လာမှာမို့ အလကားပဲ။’

‘အူကျတာကကော ဆရာ၊ မခွဲလို့ရလား။’

‘Indirect inguinal hernia ကိုတော့ စောစောစီးစီး ခွဲစိတ်အထူးကုနဲ့ပြ သင့်တော်တဲ့ အချိန်တစ်ခုသတ်မှတ်ပြီး ခွဲသင့်တယ်။
အစမှာတော့ အူတွေက ဝင်လိုက်ထွက်လိုက်လုပ်မယ်။ နောက်ပိုင်း အပေါက်ကကျပ်လာရင် ဗိုက်ထဲပြန်မဝင်တော့ဘူး၊ ပိုကျဉ်းလာရင် အူပိတ်မယ်၊ ဒီထက်ဆိုးရင် အူပုပ်ပြီး အသက်အန္တရာယ်ပါ ရှိနိုင်တယ်။ မခွဲထားရင် ပေါက်ကွဲမည့် ချိန်ကိုက်ဗုံးကို ပိုက်ထားသလိုပဲ။
ခွဲရတာလည်း မခက်လှပါဘူး။ အူကိုပြန်ထည့်၊ အူနေခဲ့တဲ့အိတ်ကိုထုတ်၊ အူထွက်ကျရာ အပေါက်ကို ခိုင်အောင် ချုပ်ရုံပါပဲ။’

‘ဒါနဲ့ ဆရာက အူပုပ်တဲ့ အကြောင်းပြောလို့ သတိရတုန်း တစ်ခုမေးချင်လို့။ ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့သားလေး တစ်မနက်မှာ ရုတ်တရက် ဘောအရမ်းအောင့်လာပြီး ညကျတော့ မခံနိုင်လို့ ဆေးရုံသွားပြတော့ ဥပုပ်သွားလို့ဆိုပြီး ခွဲထုတ်ပစ်လိုက်ရတယ်ဆရာ။’

‘အဲဒါ torsion of testis ဖြစ်မယ်။ ဥကလေးရဲ့ လည်ပင်းလိမ်သွားပြီး လည်ပင်းညှစ်ခံရသလိုဖြစ်လို့ ဥကလေး သေသွားရတာ။ စ နာချိန်မှ ၆ နာရီအတွင်း လိမ်နေတဲ့လည်ပင်းကို ခွဲစိတ်ပြီး မဖြေပေးနိုင်ရင် ဥကလေးရဲ့အသက်ကို ကယ်ဖို့ခက်မယ်။
အဲဒီတော့ ကလေးက မထိမိမခိုက်မိဘဲ ရုတ်တရက် သူ့ဘော အရမ်းအောင့်တယ်အောင့်တယ် ပြောရင် ခွဲစိတ်ဆရာဝန်ရှိတဲ့ဆေးရုံကို အမြန်ဆုံးရောက်အောင် သွားပါ။ ဒါမှ ဥကလေးရဲ့ အသက်ကို မှီနိုင်ခြေရှိမယ်။ အချို့ကလေးတွေကျတော့ ဘောထက်စာရင် ဥရဲ့ဇာတိဗိုက်မှာ ပိုအောင့်တာလည်း ရှိတတ်တယ်။’

‘အခုမှပဲ ဥကလေးတွေရဲ့ အသက်နဲ့ အိုးအိမ်ကို ဘယ်လိုကာကွယ် စောင့်ရှောက်ရမလဲဆိုတာ သိသွားတော့တယ်။ ကျွန်မရဲ့ ကြီးတော်ကြီးကိုလည်း ရှင်းပြလိုက်ပါ့မယ်။ ဒါနဲ့ သူ့ကိုကျွန်မ facebook သုံးနည်းစသင်ပေးနေပါပြီ။ နောက်ဆို သူ ဆရာတို့ကို facebook မှ တိုက်ရိုက် ဆက်သွယ်လာပါလိမ့်မယ်။’

‘Good job. Well done!’

~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~

စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများရရှိကြ၍ ကျန်းမာသန်စွမ်းသောသားသားမီးမီးလေးများကိုပြု့စုပျိုးထောင်နိုင်ကြပါစေ။

photo credit to google image

ကျော်စန်းလွင်(Child Health Myanmar)