❇️ကလေးနှင့် အဖျား❇️

၅ နှစ်အောက် ကလေး မဖျားဘူးတာ မရှိသလောက်ပါ။ မေမေဖေဖေတို့အားလုံးကလေးမှာဖြစ်တဲ့ အဖျားနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဗဟုသုတများရှိစေလိုပါတယ်။

🔺(က) ကလေး ဘာကြောင့်ဖျားလဲ?
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
(၁) ကာကွယ်ဆေးပေးရင် ဖျားပါတယ်။ ၂-၃ ရက်ထက်ပိုမကြာပါ။ အန္တရာယ်မရှိပါ။

(၂) ကလေးတွေရဲ့ ကိုယ်ခန္ဓာထဲကို ရောဂါပိုးရုတ်ချည်း ဝင်ရောက်လာရင် ကိုယ်ခံအားက ပိုးမွှားတွေကို တိုက်ထုတ်ဖို့ကြိုးစားရင်း ကိုယ်အပူချိန်တက်လာပါတယ်။ ကလေးတွေမှာ ၃၈ ဒီဂရီ စင်တီ ဂရိတ် (သို့) ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုရင် အဖျားလို့ခေါ်ပါတယ်။

🔺(ခ) ကလေးကိုယ်အပူချိန် ဘယ်အချိန်တိုင်းမလဲ?
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
-ကိုယ်ပူနေရင်/ ကိုယ်ပူတယ်ထင်ရင် တိုင်းပေးပါ။
-အလွန်အကျွံငိုလျှင်တိုင်းပေးပါ။
-နို့/ အစာ မဝင်လျှင်တိုင်းပေးပါ။
-ကိုယ်ခန္ဓာ တစ်နေရာရာ နာတယ်ပြောလျှင် တိုင်းပေးပါ။
-ခါတိုင်းလိုမလန်းဘဲ အိပ်ငိုက်နေပုံပေါ်လျှင် တိုင်းပေးပါ။

🔺(ဂ) ကလေးကိုယ်အပူချိန် ဘယ်လိုတိုင်းမလဲ?
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
-ချိုင်းအောက်-အရွယ်စုံ အတွက် အသုံးဝင်သည်။
-လျှာအောက်-ကလေးကြီးများတွင်တိုင်းပါ။ ပိုတိကျသည်။
-နားထဲ- နားထဲအဖျားတိုင်းသော ကိရိယာက သီးသန့်ရှိသည်။ မတိကျခြင်းဖြစ်နိုင်သည်။

🔺(ဃ) ဖျားနေရင် ဘာဆက်လုပ်မလဲ?
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကိုယ်အပူချိန်ကို စိတ်ပူဖို့ထက် ကလေးခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းကို ရောဂါပိုးဝင်လာတာလဲနဲ့ ဆရာဝန်ပြသင့်မပြသင့်က ပိုအရေးကြီးပါတယ်။

ဖျားတဲ့ကလေးက ပုံမှန်စားသောက်ပြီး ကစားနေရင် စိတ်ပူစရာမရှိပါ။ အချိန်တန်ရင် ပိုးကို ကိုယ်ခံအားကနိုင်သွားတဲ့အခါ ပျောက်သွားပါမယ်။

၁။ ရေများများတိုက်ပါ။
၂။ ရေပတ်တိုက်ပေးပါ။
၃။ Paracetamol က ဖျားတိုင်းမလိုပါ။ ဖျားပြီး သက်တောင့်သက်သာမရှိပုံပေါ်နေလျှင် ပေးနိုင်သည်။ သို့သော် ကလေးတိုင်းကို ၄ နာရီခြား ၆ နာရီခြား ပုံမှန်ပေးနေဖို့မလိုပါ။ အပူချိန်ပြန်တိုင်း၍ မဖျားလျှင် ထပ်ပေးဖို့မလိုပါ။ နေကောင်းတဲ့အထိ ၆ နာရီခြားလောက်တိုင်းကြည့်နိုင်လျှင်ကောင်းပါသည်။

🔺(င) ဖျားသောကလေးကို စိုးရိမ်ရလား?
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
၁။ မစားမသောက်လျှင်
၂။ ခါတိုင်းလို မကစားလျှင်
၃။ ခါတိုင်းထက် အလွန်အိပ်ငိုက်နေပုံပေါ်လျှင
၎။ ပြင်းထန်စွာ အန်လျှင်
၅။ အဖျား ၃ ရက်ထက်ပိုကြာလျှင်
၆။ အသက်ရှူရ ခက်ခဲနေပုံပေါ်လျှင်
၇။ အရေပြားတွေ အနီစက်များ ထွက်လာလျှင်
၈။ ၃ လအောက်ကလေး ဖြစ်လျှင်
၉။ နှစ်နှစ်အောက် ကလေး ပုံမှန်ထက် ရုတ်တရက် ဆီးသွားနည်းသွားလျှင်
၁၀။ နာတာရှည်ရောဂါရှိလျှင် ကျွမ်းကျင်သူဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

အဖျားရှိသောကလေးကို မလိုအပ်ဘဲ ဆေး ၃-၄ မျိုးစပ်တိုက်ခြင်းထက် ဘာလို့ဖျားသလဲ ဘာလုပ်ပေးသင့်သလဲ အခြေခံကျကျ နားလည်ကြရန် ရည်ရွယ်ရေးပါသည်

#နေနေမိုးဆွေ (Child Health Myanmar Page)
Credit to Google Images
Reference: ဆရာဝန်ဘဝသင်ယူခဲ့သမျှနှင့် Royal Children Hospital Guidelines (Melbourne, Australia)
#naynaymoeswe

********************************
********************************

စာဖတ်အားကောင်းသူ, စာဖတ်ဝါသနာပါသူ, ဗဟုသုတ လိုလားသူမိဘများ ဖျားသော ကလေးကို ကူညီပေးနိုင်ရန် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကလေးခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းကို ရောဂါပိုးဝင်လာတာလဲဆိုတာသိဖို့ ဖျားနေသော ကလေးကို ခေါင်းစခြေဆုံး ဆန်းစစ်ကြည့်ပါ။ စကားပြောတတ်သော ကလေးကို ဘယ်နေရာနာသလဲ မေးပါ။

၁/ အရေပြား ပိုးကြောင့် ဖျားခြင်း

ဦးရေပြားအပါအဝင် အရေပြားတစ်နေရာရာမှာ ရောင်ရမ်းနီပြီး ပြည်တည်နေသလား။ ပိုးသတ်ဆေးလိုဖို့များပါတယ်။ ဆရာဝန်ဆီခေါ်သွားပါ။

၂/ ပိုးအမျိုးမျိုးနှင့် သွေးလွန်တုပ်ကွေးပိုးကြောင့် ဖျားခြင်း

အရေပြားမှာ အနီစက်တွေ ထွက်နေသလား။ အများအားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပြီး အန္တရာယ်မရှိပေမယ့် တခါတရံ ဦးနှောက် အမြှေးရောင်ခြင်းမှာ အနီစက်ထွက်တတ်တာမို့ ကလေးကို ဆရာဝန်ဆီ ခေါ်သွားတာကောင်းပါတယ်။ အနီစက်များထွက်ပြီး ပုံမှန် ကစားတယ် စားတယ်ဆိုရင် အရည်ဓာတ်သာပိုတိုက်ပါ။ ၂-၃ ရက်အတွင်း ကောင်းသွားပါမယ်။

၃/ ဦးနှောက်အမြှေးရောင်ပိုးကြောင့် ဖျားခြင်း

ရုတ်တရက် ကလေးကြီးများ ခေါင်းအရမ်းကိုက်ပြီး အလင်းရောင်ကို မကြည့်နိုင်ပဲ ထိုးအန်လျှင် ဦးနှောက်အမြှေးရောင် ဖြစ်နိုင်၍ ဆရာဝန် အမြန်ပြသပါ။

ကလေးငယ်များ ချောင်းမဆိုးဘဲ ဝမ်းမလျှောဘဲ အန်လွန်းငိုလွန်းရင် ဆရာဝန် အမြန်ပြပါ။

၎/ အန္တရာယ်မရှိသောပိုး နှာလမ်းကြောင်းထဲ ဝင်၍ ဖျားခြင်း

နှာချေ နှာစေးနေသလား။ ဗိုင်းရပ်စ်မို့ ပိုးသတ်ဆေးမလိုပါ။ အရွယ်အလျောက် နို့/ရေ များများတိုက်ပါ။ ကလေးကြီးများကို အရည်ရွှမ်းပြီး လတ်ဆတ်သန့်ရှင်းတဲ့ အသီးကျွေးပါ။ အစာသာဝင်မယ်ဆို အာဟာရဖြစ်တာ ကျွေးသာကျွေးပါ။ ၃ ရက်မှ ၅ ရက် အတွင်းကောင်းသွားပါမယ်။

၅/ အန္တရာယ်ရှိသောပိုး နား လမ်းကြောင်းထဲ ဝင်၍ ဖျားခြင်း

နားကိုက်နေလား, နားထဲက ပြည်ထွက်နေသလား? ဆရာဝန်ဆီ ခေါ်သွားပါ။ ဆရာဝန်က နားထဲကြည့်ဖို့ထုတ်ထားတဲ့ လက်ကိုင်မီးလေးနဲ့ ကြည့်ပေးပါလိမ့်မယ်။ သင့်လျော်တဲ့ ပိုးသတ်ဆေးတစ်မျိုးကို ရွေးချယ်ပေးပါလိမ့်မယ်။

၆/ လည်ပင်းနာစေသော ပိုးအမျိုးမျိုး

လည်ပင်းနာနေသလား။ ဗိုင်းရပ်စ် ဘက်တီးရီးယား ၂ မျိုးလုံးဖြစ်နိုင်ပါတယ်။ ၄-၅ နှစ်နဲ့ ၄-၅နှစ်အထက်မှာ ဖြစ်တတ်တာကြောင့် ဆားရည်နဲ့ ၃-၄ နာရီ တစ်ကြိမ် အာလုတ်ကျင်းခိုင်းပါ။ သာမန်လူအတွက် ဗိုင်းရပ်စ် ဘက်တီးရီးယားခွဲရခက်တာကြောင့် ဆရာဝန်ပြတာကောင်းပါတယ်။ အထူးသဖြင့် နှာမစေးဘဲ လည်ပင်းနာတန်းဖြစ်ရင် ဆရာဝန်ပြဖြစ်အောင်ပြပါ။

၇/ လည်ချောင်းနှင့် အဆုတ်ရောင်ပိုးများကြောင့် ဖျားခြင်း

ရုတ်တရက် ချောင်းတဟွတ်ဟွတ်ဆိုးတာလား။ ကလေးငယ်တွေမှာ အသက်ရှူခက်ရင် ဆေးရုံခေါ်သွားပါ။ ကလေးကြီးတွေမှာ သလိပ်ပျစ်ပျစ်တွေထွက်ရင် အသက်ရှူမြန်ရင် ရင်ဘတ်အောင့်ရင် ဆရာဝန်ပြပါ။ ချောင်းဆိုးပျောက်ဆေးက ရောဂါပိုးကို မသတ်ပေးပါ။ ချောင်းဆိုးပျောက်ဆေးကို ၅ နှစ်အောက်ကလေးအား ပေးရင် ကောင်းကျိုးထက် ဆိုးကျိုးရဖို့များပါတယ်။

၈/ ဝမ်းလျှော ဝမ်းပျက်စေသောပိုး အူလမ်းကြောင်းထဲ ဝင်၍ ဖျားခြင်း

ရုတ်တရက် ဝမ်းလျှောသလား။ ဝမ်းလျှောတဲ့ကလေးမှာ ဝမ်းထဲသွေးမပါဘဲ ကလေးလန်းဆန်းရင် နို့ (သို့) ရေ ပုံမှန်ဝင်နေရင် ပိုတိုက်လိုက်ပါ။ ဓာတ်ဆားရည်တိုက်ပါ။ အများအားဖြင့် ၃ ရက်အတွင်း ကောင်းသွားနိုင်ပါတယ်။ အန်လွန်း၍ အရည်ဓာတ်မဝင်ရင် ဆရာဝန်ပြပါ။ ဝမ်းပိတ်ဆေးမတိုက်ပါနှင့်။ ဝမ်းပိတ်ဆေးဟာ ရောဂါပိုးကို အူလမ်းကြောင်းထဲ ကြာကြာပေးနေမယ့်ဆေးဖြစ်ပါတယ်။

၉/ ဆီးသွားလမ်းကြောင်းထဲ ပိုးဝင်၍ ဖျားခြင်း

ကလေးငယ်လေးများ ဝမ်းမသွားဘဲ ချောင်းမဆိုးဘဲ အန်ရင် ဆီးသွားလမ်းကောင်း ပိုးဝင်တာဖြစ်နိုင်ပါတယ်။ ကလေးကြီးများကိုဆီးသွားရင် နာလား ဗိုက်အောင့်လားမေးပါ။ ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။

၁၀/ အရိုးထဲ အဆစ်ထဲဘက်တီးရီးယားကြောင့် ဖျားခြင်း

အရိုး (သို့) အဆစ်နာကျင်နေသလား။ အထူးသဖြင့် တစ်ကိုယ်လုံး ကိုက်ခဲနေလျှင် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး သွေးလွန်တုပ်ကွေးမှ လွဲ၍ အန္တရာယ်မရှိဘဲ ၃-၄ ရက်အတွင်းကောင်းသွားနိုင်ပါတယ်။ အရိုးတစ်နေရာထဲ အဆစ်တစ်နေရာထဲ နာလျှင်တော့ ဆေးခန်း (သို့) ဆေးရုံ အမြန်ပြပါ။

သတိ-ဖျားတဲ့ကလေးမှာ ရောဂါပိုးက ဗိုင်းရပ်စ်ဖြစ်ရင် ပိုးသတ်ဆေးမလိုဘဲ ဘက်တီးရီးယားဖြစ်ရင် ပိုးသတ်ဆေးပေးဖို့ အရေးကြီးပါတယ်။ ပိုးသတ်ဆေးကို မလိုဘဲပေးရင် ကလေးက ဘေးထွက် ဆိုးကျိုးသာရပြီး လိုအပ်တဲ့ ပိုးသတ်ဆေးကို အချိန်မီမပေးနိုင်ရင်လည်း အချို့ရောဂါပိုးတွေက အသက်အန္တရာယ်ရှိပါတယ်။

အဖျားရှိသောကလေးကို မလိုအပ်ဘဲ ဆေး ၃-၄ မျိုးစပ်တိုက်ခြင်းထက် ဘာလို့ဖျားသလဲ ဘာလုပ်ပေးသင့်သလဲ အခြေခံကျကျနားလည်ကြရန် ရည်ရွယ်ရေးပါသည်။

#နေနေမိုးဆွေ (Child Health Myanmar Page)
Credit to Google Images