HFMD( hand foot mouth disease )

ရန်ကုန်မှာ HFMD( hand foot mouth disease ) ဖြစ်နေကြတယ်လို့ ဖတ်လိုက်ရပါတယ်။ နီတိုးမေမေက newsfeed တွေ အရမ်းမကြည့်ဖြစ်တော့ သေချာတော့ မသိပါဘူး။ HFMD အကြောင်းလေး မြန်မာပြည်က ဖေဖေ မေမေ တွေ သိရအောင် သတိထားရအောင် မှတ်သားမိသလောက် ပြောပြချင်ပါတယ်။

စကာင်္ပူမှာတော့ hfmd က မဖြစ်ဖူးတဲ့ ကလေး မရှိသလောက်ပါပဲ။ child care, kindergarten , school , playground တွေကနေ ကူးကြတယ်။ သူက တစ်ယာက် ဖြစ်ပြီးရင် ကူးတော့တာပါပဲ။

ခန္ဓာကိုယ်က ချွေး၊ တံတွေး၊ နှပ်ချေး၊အနာက အရည်တွေကနေ ကူးတယ်။အခန်းထဲမှာ တစ်ယာက် ဖြစ်ရင် အနည်းဆုံး ၅ ယောက်လောက်က လိုက်ဖြစ်ကြတာ။ဒီမှာ Hfmd ဖြစ်ရင် ကျောင်းလုံးဝ ပေးမလာပါဘူး။ တစ်ပတ်တိတိ အိမ်မှာနေရတယ်။ ဖြစ်နိုင်ရင် ကလေးကို ဘယ်မှ ခေါ်မသွားစေဘူး။ ရောဂါပိုး ပျံ့မှာစိုးလို့… ။ တစ်ပတ်ပြီးရင်လည်း ဆရာဝန်ဆီက ပျောက်ပါပြီ ဆိုတဲ့ ဆေးလက်မှတ်ရမှ ကျောင်းက ပြန်တက်ခွင့်ပေးပါတယ်။ အဲ့လောက်ကို ကြောက်ကြတာပါ။

Hfmd ရောဂါပိုးကောင်ဟာ ကြီးကြီးလာလို့ ဖြစ်ဖူးပြီးသား၊ဒီပိုးကို နိုင်ပြီးသား၊ immune ဖြစ်ပြီးသား ကလေးလည်း ပြန်ဖြစ်နိုင်ပါတယ်။ သူက ကာကွယ်ဆေးလည်း မရှိပါဘူး။ ဖြစ်ရင် ကလေးကို အဖျားကျ၊ အနာပျောက်အောင်ပဲ စောင့်ကြည့် ဂရုစိုက်ရတာပါ။

hfmd က ဖြစ်ရင် အဖျားကြီးမယ်။ ပါးစပ်ထဲ မှာ အရည်ကြည်ဖုလေးတွေ ပေါက်မယ်။ ခြေလက်တွေမှာ အရည်ကြည်ဖုလေးတွေ ပေါက်မယ်။ ဒီအတိုင်းကြည့်ရင် ဒီလောက်လေးပဲလို့ ထင်ရပေမယ့် သူက တကယ်တော့ စိုးရိမ်စရာကြီး…

ပါးစပ်ထဲ အရည်ကြည်ဖု ပေါက်တော့ ကလေးတွေဟာ အစာစားဖို့၊အရည်သောက်ဖို့ ငြင်းဆန်ကြပါမယ်။ သူတို့ သိပ်နာနေတဲ့ အတွက် သူတို့မြိုချလို့ မရဘူးလေ။ အရည် မဝင်တဲ့အတွက်🌟 ရေဓါတ်ခမ်းခြောက်ပါမယ်။ dehydration ဖြစ်ပါမယ်။ ဒီအချိန်မှာ အဖျားလည်း တက်လာမယ်ဆိုရင် ပိုဆိုးပါမယ်။ ဒီလို အစားမစားနိုင်၊အရည် မသောက်နိုင်ဘဲ အဖျားကြီးတာဟာ အသက်အန္တရာယ် ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် hfmd ဖြစ်ရင် ကလေးကို ရေဓါတ်မခမ်းခြောက်အောင် အထူးဂရုစိုက်သင့်ပါတယ်။

လသားကလေးလေးတွေဆို ပို အန္တရာယ် ရှိတယ်။ သူတို့က နို့လေး တမျိုးတည်းနဲ့ နေရတာမို့ hfmd ကူးစက်ခံရပြီး နို့မစို့နိုင်ဘဲ ဖျားရင် ပိုလို့ဂရုစိုက်ရပါမယ်။ ကလေးငယ်လေးတွေဟာ ကလေးကြီး တွေဆီက ဖက်တာ၊ နမ်းတာ၊အတူကစားတာကနေ ကူးနို်င်တယ်လေ။

ကူးစက်တာ မြန်လွန်း လွယ်လွန်းတဲ့ hfmd ကို ဘယ်လို ကာကွယ်မလဲ…?

လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးရပါမယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။

hfmd ဖြစ်နေတဲ့ သူရဲ့ ခန္ဓာကိုယ်က အရည်၊တံတွေး၊ ချွေး၊နှာရည်၊ မစင်(🌟 ဖြစ်နေတဲ့ ကလေးကို diaper လဲပေးတာမျိုး၊ ဆေးကြော သုတ်သင်ပေးထားတာမျိုး ပြုလုပ်ထားတဲ့ မိခင်ရဲ့ လက်နဲ့ တခြား ကလေးကို ကိုင်တွယ်မိရင် ရောဂါကူးစက်ပါတယ်။) တွေနဲ့ တိုက်ရိုက် ထိတွေ့တာမျိုး မဖြစ်အောင် နေရမယ်။

ဇွန်း၊ ခရင်း၊ ပန်းကန်၊ ရေခွက် စတာတွေ တူတူမသုံးရပါဘူး။

အရုပ်၊ စာအုပ်၊ အဝတ်အစား၊ ပန်းကန်ခွက် စတာတွေကို ခွဲသုံးရပါမယ်။

hfmd ဖြစ်နေတဲ့ ကလေးနဲ့ ဖက်တာ၊ နမ်းတာ စတဲ့ တိုက်ရိုက် ထိတွေ့မှုတွေ မလုပ်ရပါဘူး။

hfmd ဖြစ်တဲ့ ကလေးကိုင်တွယ် သုံးစွဲ သွားတဲ့ ကစားစရာ၊ အသုံးအဆောင် ပစ္စည်းတွေကို သန့်ရှင်းပြီး ပိုးသတ်ရပါမယ်။

ကိုယ့်ကလေးမှာ ဖြစ်လာရင်လည်း တခြားကလေးတွေကို မကူးရအောင် မိဘတွေက လိုက်နာသင့်တယ်။ လူထူထပ်တဲ့ဆီမသွားစေတာ၊ ကျောင်းမသွားစေတာ၊ ကစားကွင်း မသွားစေတာမျိုးပေါ့။ တစ်အိမ်ထဲမှာ ကလေး တစ်ယောက်ထက် ပိုရှိရင်လည်း တတ်နိုင်သမျှ ခွဲထားသင့်ပါတယ်။

မေတ္တာဖြင့်
ယုငယ်
၁၇/၁၀/၂၀၁၇