ချောင်းဆိုးတတ်သော ကလေးငယ်များ

Q – ကျွန်မကလေးငယ် ချောင်းတအားဆိုးနေလို့ အိပ်ရေးပျက်တဲ့ညတွေ များနေပြီ၊ ဘယ်လိုလုပ်ရပါ့မလဲ။

A – ချောင်းဆိုးရတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ အကြောင်းရင်းကိုရှာပြီးကုမှ ပျောက်မှာဖြစ်ပါတယ်။

Q – ချောင်းဆိုးရင် ဘယ်လိုဆိုးပါသလဲ။
A – ချောင်းဆိုးပုံကိုကြည့်ပြီးရောဂါကိုခန့်မှန်းလို့ရပါတယ်။
(က) ချောင်းဆိုးရင် အခြောက်ဆိုးတာရှိပါတယ်။ လည်ချောင်းနာတယ်၊ အသံဝင်တတ်တယ်၊ ချွဲသံမကြားရပါ၊ အဲဒီလိုချောင်းဆိုရင်တော့ လည်ချောင်းထဲယားကျိကျိဖြစ်ပြီးဆိုးတတ်တာဖြစ်ပါတယ်။ ငါးရက် တစ်ပတ်ဆိုကောင်းသွားတတ်ပါတယ်။
(ခ) ချောင်းဆိုးရင် ချွဲသံနှင့်ဆိုးခြင်း၊ နှာစေးတာနှင့် စတတ်ပါတယ်။ ဒီလိုဆိုးရင်တော့ အများအားဖြင့် လည်ချောင်းမှတစ်ဆင့် အဆုတ်ထဲပိုးဝင်လို့ ဖြစ်တတ်ပါတယ်။ တစ်ပတ် ၁၀ရက်ကြာတတ်ပါတယ်။ သူ့ဟာသူကောင်းဖို့ ခက်တယ်။ ဆရာဝန်နှင့်ပြသဖို့ လိုပါတယ်။
(ဂ) ချွဲသံနှင့် ချောင်းဆိုးရာတွင် တစ်ခါတစ်ရံရင်ကျပ်သံပါလာတတ်ပါတယ်။ အဲဒီအခါ လေပြွန်ရောင်ပြီးအဆုတ်တွေပါ ရောင်လာခြင်း ဖြစ်တတ်ပါတယ်။ ၁၀ ရက်ကျော် ဖြစ်တတ်တယ်။ ဆရာဝန်နှင့် သေချာပြပြီးကုရမှာဖြစ်ပါတယ်
(ဃ) ချောင်းဆိုးရင်လည်း ချွဲသံနှင့်ဆိုးမယ်၊ ချောင်းမဆိုးတဲ့ အချိန်မှာလည်းအသက်ရှူရင် တရွှီရွှီနှင့် မြည်နေရင်တော့ ကလေးငယ်သည် ရင်ကျပ်နေတယ်လို့ ပြောလို့ရပါတယ်။ ရင်ကျပ်တဲ့ မျိုးရိုးလည်းရှိမယ်၊ ရင်မကျပ်ခင် အစမှာနံနက်စောစောချောင်းထထဆိုးမယ်ဆိုရင် ပန်းနာရင်ကျပ် ဖြစ်ဖို့ရန်အတွက်အစပဲမို့ တစ်ချိန်မှာပန်းနာရင်ကျပ် ဖြစ်လာတတ်ပါတယ်။ အသက်ရှူနှုန်းဘယ်လောက်မြန်လဲ၊ အသက်ရှူစဉ် ရင်ဘတ်အောင့် ချိုင့်ဝင်မှု ရှိမရှိ၊ နို့စို့နိုင်မနိုင်၊ စကားပြောနိုင်၊ မနိုင်ကြည့်ပြီးရောဂါအတိမ်အနက် ခွဲခြားပြီးဆေးကုသရမှာဖြစ်၍ နီးရာဆရာဝန်နှင့် ပြသဖို့လိုပါတယ်။ ဆေးမြီးတုနှင့် မကုသင့်ပါ။
(င) ချောင်းတစ်ခါဆိုးရင် ၁၀ခါထက်မနည်း အဆက်မပြတ်ဆိုးပြီးတစ်နေ့ကိုတစ်ခါနှစ်ခါလောက်ပဲဆိုးတဲ့ချောင်းမျိုးလည်းရှိပါတယ်။ ချောင်းဆိုးပြီးရင် အန်ထွက်တတ်ပါတယ်။ ကလေးအသက်ငယ်ရင် ချောင်းဆိုးပြီးအသက်ရှူရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါ ချောင်းဆိုးရင် အဆက်မပြတ်ညှစ်ပြီးအရှည်ကြီးဆိုးရတဲ့အတွက် မျက်လုံးထဲသွေးခြေဥတာတို့ ဖြစ်တတ်ပါတယ်။ ဒီလိုချောင်းဆိုးခြင်းကတော့ မြန်မာတွေပြောတဲ့ ‘ရက် ၁၀၀ ချောင်း’ သို့မဟုတ် ‘ကြက်ညှာချောင်းဆိုး’ ပါပဲ။ ရက် ၁၀၀ ပြည့်မှ ချောင်းဆိုးပျောက်တတ်ပါတယ်။ ချောင်းဆိုးသက်သာအောင်ပဲလုပ်လို့ရပါတယ်။ ကြက်ညှာချောင်းဆိုးမဖြစ်အောင် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
(စ) ချောင်းရက်ရည်ဆိုးခြင်း (သုံးပတ်) ထက်ကျော်အောင် ချောင်းဆိုးပြီးညနေပိုင်းဖျားမယ်၊ အစာမစား၊ ကိုယ်အလေးချိန် တဖြည်းဖြည်းလျော့လာရင် ကလေးမှာ ဖြစ်တတ်သောတီဘီရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။
(ဆ) တစ်ခါတစ်ရံချောင်းရက်ရှည်ဆိုးပြီးဖျားတဲ့အပြင် အသက်ရှူတဲ့အခါ ပါးစပ်ကအနံ့နံ့ရင် (ပြည်နံ့)လိုရရင် လေပြွန်ချောင်းထဲပစ္စည်းတစ်ခုခုဝင်ရာမှ အဆုတ်တွင် ပြည်တည်နာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ၎င်းကလေးတွေမှာတော့ အစာစားပြီးသီးသွားတာ၊ တစ်ခါတစ်ရံပစ္စည်းသေးသေးလေးတွေ ကိုက်ကစားရာမှ ဝင်သွားတာ၊ အောက်ပိုင်းလေပြွန်အထိရောက်သွားရင် ဖြစ်တတ်ပါတယ်။ တချို့အဆုတ်ထဲ ပြည်တည်တာကပိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။
(ဇ) တချို့ချောင်းဆိုးခြင်းကvirusပိုးတစ်မျိုးကြောင့် ဖြစ်တတ်ပါတယ်။ နှာစေးချောင်းဆိုး ဖြစ်ပါတယ်။ တစ်ပတ်အတွင်းပျောက်တတ်ပါတယ်

Q – ချောင်းဆိုးရင် ဘယ်လိုကုရပါ့မလဲ။
A – ရိုးရိုးချောင်းဆိုးတာအတွက်ကကုရတာလွယ်ပါတယ်။ နှာစေးချောင်းဆိုးဆိုရင် နှာစေးတာအရင်ပျောက်အောင် antihistamine ဥပမာဘာမီတွန်ဆေးတစ်မျိုးမျိုးတိုက်ရင် နှာစေးကောင်းသွားရင် ချောင်းဆိုးလည်းသက်သာပျောက်ကင်းသွားမှာပါ။ ချောင်းဆိုးတိုင်း antibiotic ပိုးသတ်ဆေးတိုက်စရာမလိုပါ။ ရိုးရိုးနှာစေးချောင်းဆိုးခြင်းကတော့ တစ်ပတ်လောက်ဆိုသူ့ဟာသူပျောက်တတ်ပါတယ်။ ဒါကြောင့် နှာစေးတာအရင်ကောင်းအောင်လုပ်ရင် ပျောက်သွားမှာပါ။
အအေးမိတာကြောင့်ဆိုရင် နွေးနွေးထားပေးပါ။ ရေနွေးနွေးလေးတိုက်ပါ။ ချောင်းဆိုးတာတစ်ပတ်ထက် ကျော်လာရင်တော့ antibiotic ပိုးသတ်ဆေးတိုက်ရတော့မှာမို့ နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးဆေးကုသမှု ခံယူသင့်ပါတယ်။
ချောင်းဆိုးတာသုံးပတ်ထက်ကျော်ရင်တော့ ဓာတ်မှန်ရိုက်ဖို့၊ ဆေးစစ်မှုတွေ လုပ်ရတော့မှာမို့ ကလေးအထူးကုဆရာဝန်များနှင့် ပြသ၍ ကုသမှုခံယူသင့်ပါတယ်။ ဆေးမြီးတိုများနှင့် မကုသသင့်ပါ။ ချောင်းဆိုးရောဂါ အမျိုးမျိုးရှိတဲ့အတိုင်းသူ့ရောဂါနှင့်သူဆေးပေးကုသရမှာဖြစ်ပါတယ်။ ကလေးတစ်ယောက်မှာဖြစ်တဲ့ ချောင်းဆိုးရောဂါနှင့် နောက်တစ်ယောက်မှာ ဖြစ်တဲ့ရောဂါ တူချင်မှတူပါလိမ့်မယ်။ ကိုယ့်ကလေးရောဂါ ဒီဆေးနှင့် ပျောက်ပေမယ့် နောက်ကလေးတစ်ယောက်အတွက် သင့်တော်တဲ့ဆေး ဖြစ်ချင်မှဖြစ်မှာမို့ ပိုးသတ်ဆေး Antibiotic များကိုလက်ဆင့်ကမ်းညွှန်ကြားမှုမလုပ်သင့်ပါဘူး။ ဆရာဝန်နှင့် ပြသပြီးမှသာပိုးသတ်ဆေးများသုံးသင့်ပါတယ်။ ရိုးရိုးချောင်းဆိုးပျောက်ဆေးကတော့ တိုက်လို့ရပါတယ်။

Q – ချောင်းဆိုးနေသောကလေးဘယ်အချိန် အရေးကြီးတယ်လို့ ယူဆရမလဲ။
A – ချောင်းဆိုးနေသောကလေးအတွက် အန္တရာယ်ရှိသောလက္ခဏာများ…
-ချောင်းဆိုးနေတဲ့ကလေးဟာလသားအရွယ်ဆိုရင်၊ နို့မစို့နိုင်ရင်၊ နည်းနည်းကြီးတဲ့ ကလေးကတော့ အရည်မသောက်နိုင်ရင်၊
-အသက်ရှူသောအခါ ရင်ဘတ်အောင့်တိုင်းချိုင့်ချိုင့်ဝင်သွားရင်
-ကလေးငယ်ကအဖျားကြီးပြီးပိုနေမကောင်းဖြစ်လာရင် မှိန်းနေပြီး အနှိုးရခက်နေရင်
-ကလေးငယ်သည် တက်ချင်သလိုမျက်စိအပေါ်လန်ခြင်း (Impending fit) တက်ခြင်းများဖြစ်ရင်၊
-ကလေးငယ် အသက်ရှူရင် ကလေးငယ်ဆီမှ လည်ချောင်းအစ်ဆို့သံ (Stridor) ကြားရရင်၊
-အစာ၊ ရေမဝင်ဘဲ နို့စို့သမျှ အန်၊ စားသမျှ အန်နေရင် အရေးကြီးပြီးကလေးတွင် အသက်အန္တရာယ်ရှိတာကြောင့် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ပါ။

Q – ချောင်းဆိုးခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ရင် ကောင်းမလဲ။
A – ချောင်းဆိုးခြင်းမဖြစ်အောင် အရေးအကြီးဆုံးကအအေးမမိအောင် နှာမစေးအောင် ကလေးကိုရာသီဥတုအလိုက် ဝတ်စားပေးရပါမယ်။ အေးရင် ရင်ပတ်နွေးအောင် အင်္ကျီထူထူဝတ်ပေးပါ။
-ပူအိုက်ပြီးချွေးသိပ်ထွက်ရင် ချွေးသုတ်ပြီးအင်္ကျီစိုကိုလဲပေးပါ။ ချည်အင်္ကျီပါးပါးဝတ်ပေးပါ။ ချွေးအေးမမိပါစေနှင့်။
-တစ်နှစ်အောက်ကလေးများကိုလိုအပ်သောကာကွယ်ဆေးများ ပြည့်စုံအောင်ထိုးထားဖို့ လိုအပ်ပါတယ်။
-ကလေးများငယ်ရွယ်စဉ် သိတတ်သောအရွယ်မှစ၍ ချောင်းဆိုးရင် အဝတ်နှင့်ပိတ်ပြီးဆိုးရန် သင်ကြားပေးထားရပါမယ်။ ဒါမှသူများကိုရောဂါမကူးနိုင်မှာ ဖြစ်ပါတယ်။
-ဖုန်ထူထပ်သောနေရာများသို့သွားရင် နှာခေါင်းနှင့်ပါးစပ်ကိုအဝတ်နှင့် အုပ်ထားသင့်ပါတယ်။
-ချောင်းဆိုးတဲ့အခါ သလိပ်ချွဲထုတ်တတ်သောကလေးများကိုခွက်တစ်ခုထဲသေချာထွေးထုတ်ပြီးစွန့်ပစ်တတ်အောင် သင်ထားပေးရပါမယ်။ အများအားဖြင့် ကလေးများဟာသလိပ်မဟပ်တတ်ပါ။ ချောင်းဆိုးမှ သလိပ်တက်လာရင် မျိုချတာများပါတယ်။
-ကလေးငယ်များကိုလူထူထပ်သောပွဲလမ်းသဘင်များသို့ မခေါ်ဆောင်သွားသင့်ပါဘူး။ လူကြီးတွေဆီကရောဂါများကူးစက်နိုင်ပါတယ်။
-အခိုးအငွေ့၊ အညှော်နံ့၊ ဆေးလိပ်ငွေ့၊ စက်ရုံများမှ အငွေ့များ၊ ခြင်ဆေးခွေနံ့များ၊ ဘိလပ်မြေမှုန့်များ၊ ထုံးမှုန့်များစသည့် အငွေ့များပိတ်လှောင်နေသောနေရာများ၌ ကလေးငယ်များကိုမထားသင့်ပါ။၎င်းအငွေ့အမှုန့်တွေကြောင့် ချောင်းဆိုး၊ ပန်းနာရင်ကျပ်ဖြစ်တတ်ပါတယ်။
-ရင်ကျပ်ရောဂါရှိသောကလေးများကို ၎င်းတို့နှင့်မတည့်သောအစားအစာ (ဥပမာ-ပင်လယ်စာ၊ ပုစွန်ဥ) အနံ့၊ အငွေ့ (ဥပမာ- ခြင်ဆေးနံ့၊ စူးရှသောရေမွှေးနံ့)၊ ပစ္စည်း (ဥပမာ – တိရစ္ဆာန်မွှေး၊ ငှက်ချေး)
-ကလေးငယ်များကိုထမင်းဝါးပြီးခွံ့ကျွေးခြင်း၊ လူကြီးသောက်ထားပြီးသောအရည်ကိုတိုက်ကျွေးခြင်း၊ စုပ်ပိုက်ဖြင့် လူကြီးပါးစပ်ထဲမှ ပိုးမွှား၊ အချင်းချင်းဆီမှ ပိုးမွှားများကူးစက်နိုင်ပါတယ်။
အထက်ပါအမေးအဖြေများကိုဖတ်ရှုပြီးချောင်းဆိုးရောဂါ ကင်းဝေးနိုင်ပါစေ။

ဒေါက်တာ အိအိခင်(ကလေး)

#BabiMildMyanmar မှ တင်ဆက်သည်။