👱🏼‍♀️ကလေးမေမေနှင့် စိတ်ဖိစီးမှု👱‍♀️

🌺မေမေတို့သည် ကိုယ်ဝန်ရှိချိန်မှစပြီး ကလေးမွေးချိန်၊ မွေးပြီးပြုစုစောင့်ရှောက်ချိန် တလျှောက်လုံး စိတ်ဖိစီးမှု အနည်းအများရှိကိုရှိကြသည်။ သာမန် စိတ်ဖိစီးမှုကို အများအားဖြင့် မေမေတို့ ကျော်ဖြတ်နိုင်ကြသည်။

🌺ကလေးအပါအဝင် မိသားစုဝင်တစ်ဦးတွင် နာတာရှည် နေမကောင်းခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ ငွေရေးကြေးရေး ကျပ်တည်းခြင်း စသည့်အဖြစ်များနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ဖိစီးမှု အဆင့် အမြင့်ဆုံး ရောက်ရှိတတ်သည်။

🌺မေမေတစ်ဦးနှင့် တစ်ဦး စိတ်ဖိစီးမှုကို ခံနိုင်ရည်အားချင်း မတူညီကြပါ။ မေမေတို့အပေါ် မိသားစု၊ သူငယ်ချင်းနှင့် အိမ်ထောင်ဖက်စသူတို့၏ ပံ့ပိုးကူညီအားပေးမှုကလည်း ကွာခြားနိုင်သည်။

🌺စိတ်ဖိစီးမှုအဆင့်ကို မလျှော့ချနိုင်သည့်အခါ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းများ အဆင့်သို့ မြင့်တက်သွားနိုင်သည်။ စိတ်ဓာတ်ကျသည့် အဆင့်တွင် သားသမီးများကို ကောင်းမွန်စွာ မပြုစုစောင့်ရှောက်နိုင်ခြင်း၊ စိတ်တို၍ အော်ဟောက်ခြင်း၊ ရိုက်နှက်မိခြင်း၊ လျစ်လျူရှုခြင်းများ ရှိလာနိုင်သည်။

🌺ထိုပြဿနာများ မဖြစ်အောင် စိတ်ဖိစီးမှု အဆင့်ကို လိမ္မာပါးနပ်စွာ ကျော်ဖြတ်ဖို့လိုသည်။

🌺အောက်ပါအချက်များသည် မေမေတို့ စိတ်ဖိစီးမှု ကြုံရသည့်အခါ အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ ရိုးရှင်းသော အကြံကောင်းများ ဖြစ်ပါသည်။

ယုံကြည်ရသူတစ်ဦးနှင့် ပုံမှန်စကားပြောပါ။
ပြဿနာကို ရှောင်ဖယ်ဖို့ ကြိုးစားခြင်းထက် ရင်ဆိုင်ဖြေရှင်းပါ။
သီချင်းနားထောင်၍ စိတ်သက်သာစွာ အနားယူပါ။
တရားထိုင်ပါ။ ဝင်သက်ထွက်သက်မှတ်ပါ။
ယုံကြည်ရာ ဘာသာရေးအတွက် အချိန် ပေးပါ။
အိပ်ရေးဝအောင် အိပ်စက်ပါ။
ကောင်းမွန်သော ဝါသနာတစ်ခုအတွက် ပုံမှန်အချိန်ပေးပါ။ ဥပမာ- အပ်ချုပ်ခြင်း၊ သိုးမွှေးထိုးခြင်း၊ စာဖတ်ခြင်း
ရယ်မောဖို့ အကြောင်းရှာပါ။ ဥပမာ ဘဝမှာ ကြုံတွေ့ခဲ့သည့် ရယ်စရာများကို ပြန်တွေးပါ။ တစ်စုံတစ်ဦးကို ပြန်ပြောပြပါ။
ချိုလွန်း၊ စပ်လွန်း၊ ငန်လွန်းသော အစားများကို ရှောင်ပြီး ကျန်းမာရေးနှင့် လျော်ညီအောင်စားပါ။
ခပ်သွက်သွက် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ပါ။ တစ်ခါလုပ် မိနစ် ၃၀ နှင့် တစ်ပတ် ၄-၅ ကြိမ်လုပ်ပါ။
ကျန်းမာရေးထိခိုက်မည့် ဆေးလိပ်၊ အရက်၊ ကွမ်းဝါးခြင်း ရှောင်ပါ။
သူများနှင့် အတိုက်အခံစကားပြောခြင်း၊ ငြင်းခုန်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားပါ။

နေနေမိုးဆွေ (Child Health Myanmar Page)
Photos credit to Google
#stress
#naynaymoeswe