😵ကလေးသိပ်လျှင်😵

📍တစ်နှစ်အောက်ကလေးငယ်တို့သည် ၂၄ နာရီတွင် စုစုပေါင်း ၁၆-၁၇ နာရီ အိပ်ကြသော်လည်း အချို့က စအိပ်ရန် ခက်ခဲသည်။ အချို့က မကြာခဏနိုးသည်။ အချို့က နေ့နှင့်ည မမှန်။ ထိုပြဿနာများ ကြာရှည်လာလျှင် မေမေဖေဖေ အိပ်ရေးပျက်၍ စိတ်ပင်ပန်းနိုင်သည်။

📍ကလေးငယ် နှစ်ခြိုက်ကြာရှည်စွာ အိပ်စက်ဖို့ အချက် (၃) ချက် လိုအပ်သည်။

ကလေး ကိုယ်ခန္ဓာ သက်တောင့်သက်သာရှိဖို့လိုသည်။

အိပ်စက်ရာ ပတ်ဝန်းကျင်က အိပ်ပျော်ဖို့ သင့်တင့်သော အခြေအနေဖြစ်ရမည်။

အိပ်စက်ခြင်းကို ပုံမှန် အကျင့်တစ်ခုဖြစ်အောင် လေ့ကျင့်ပေးရမည်။

ကလေး တော်ရုံနှင့် မအိပ်လျှင် အောက်ပါ အချက်များကို စစ်ဆေးပါ။

❇️(၁) ကလေး ကိုယ်ခန္ဓာ သက်တောင့်သက်သာရှိရဲ့လား။

🔺ဗိုက်ပြည့်ရမည်။ နို့ဆာလျှင် မအိပ်ပျော်ပါ။
🔺အနှီး (သို့) အဝတ်အစား သက်တောင့်သက်တာရှိရမည်။ ကျပ်လွန်း၊ ပူလွန်းလျှင် အဆင်မပြေပါ။
🔺သေးခံ စိုနေ၊ ပေနေသလားကြည့်ပြီး လိုအပ်ရင် လဲပေးပါ။
🔺သေးခံလောင်နေလျှင် နာကျင်မှု ယားယံမှု ရှိနိုင်၍ အိပ်မရဖြစ်တတ်သည်။
🔺သွားထွက်ချင်လျှင် သွားဖုံးယောင်ပြီး နာနိုင်၍ ယာယီ အအိပ်နည်းတတ်သည်။ မာသည့် သွားကွင်းလေးများ ပေးကိုက်နိုင်သည်။ သိပ်နာကျင်ပုံပေါ်လျှင် ပါရာစီတမော ပေးသောက်နိုင်သည်။
🔺နေမကောင်း၍ မအိပ်ပုံပေါ်လျှင် အဖျားတိုင်းပါ။ ဆရာဝန်နှင့် စစ်ဆေးပါ။

❇️(၂) အိပ်စက်ရာ ပတ်ဝန်းကျင်က အိပ်စက်ဖို့ သင့်တင့်ရဲ့လား။

🔺ညဆိုလျှင် မီးပိတ်ပါ။
🔺နေ့ဖြစ်လျှင် ခန်းဆီးများကာပါ။
🔺ပူလွန်းအေးလွန်းခြင်းမရှိအောင် ပန်ကာ၊ cooler၊ အဲကွန်းစသည်တို့ ကို လိုသလိုသုံးပါ။
🔺ဆူညံမှု ကင်းဝေးပါစေ။
🔺ကလေး ကြိုက်လျှင် ငြိမ့်ညောင်းသော သီချင်းသံ တိုးတိုးလေးဖွင့်ပေးနိုင်သည်။

❇️(၃)အိပ်စက်ခြင်းကို ပုံမှန် အကျင့်တစ်ခုဖြစ်အောင် လေ့ကျင့်ပေးပါ။

(က) အိပ်ချိန်ကို အချိန် သတ်သတ်မှတ်မှတ်ထားပါ။ ဥပမာ နေ့တိုင်း ည ၇ နာရီ အိပ်စေရန် ည ၇ နာရီထိုးလျှင် ကလေးကို အိပ်ရာထဲ ထည့်ပါ။ ထိုအချိန်တွင် အိမ်သားများ ဆူညံမှု မပြုပါနှင့်။

(ခ) အိပ်ပျော်စေသော အကူအညီပေးပါ။ ဘာလုပ်ပေးရင် အိပ်သလဲက ကလေးတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။

🔺ကလေးကို ပက်လက်အနေအထားနှင့် ရင်ခွင်ပိုက်ချီ၍ ရှေ့တိုးနောက်ဆုတ် ငြင်သာစွာ လှုပ်လွှဲပေးခြင်းဖြင့် ကလေးအများစု အိပ်ပျော်ကြသည်။

🔺ကလေးကို ရင်ခွင်ပိုက်ထည့်ချီနိုင်သော အိတ်ထဲထည့်၍ ရှေ့တိုးနောက်ဆုတ် လမ်းလျှောက်ပေးခြင်းက ကလေးကို အိပ်ပျော်စေနိုင်သည်။

🔺ပုခက်ထဲထည့်ပြီး ငြင်သာစွာ လွှဲသိပ်လျှင် အိပ်ပျော်ဖို့ အားပေးသည်။

🔺အချို့ကလေးများက ကလေးတွန်းလှည်းထဲထည့်ပြီး အိမ်ပြင်ထွက် လမ်းလျှောက်လျှင် အိပ်ပျော်သည်။ အချို့က ကားတစ်ပတ် ထွက်စီးလျှင် အိပ်သွားသည်။

🔺လှုပ်ရှားမှုရှိလျှင် မျက်လုံးပိုကျယ်သော အချို့ကလေးများအတွက် အထက်ပါနည်းလမ်းများက အဆင်မပြေပါ။ ထိုကလေးများကို မအိပ်ခင် ပုံပြင်ဖတ်ပြခြင်း၊ သီချင်းဆိုပြခြင်း၊ ကဗျာရွတ်ပြခြင်း၊ အိပ်ခါနီး ရေနွေးနွေးနှင့် ချိုးပေးခြင်းတို့ လုပ်နိုင်သည်။

❗️အိပ်ခါနီး နို့ဗူး စို့စေ၍ အိပ်ပျော်စေခြင်းက သွားရှိသောကလေးကို သွားပိုးစားစေနိုင်၍ ရှောင်ပါ။

နေနေမိုးဆွေ (Child Health Myanmar Page)
Photos credits to Wikihow
#naynaymoeswe