လူလေးကြီးရင် ဘာလုပ်မယ် မေမေ မေးရင်ကွယ် •===•===•===•===•===•

လူလေး (၁) အကြောင်း-အသက် ၈ နှစ်လောက်ကတည်းက ဖေဖေ ဟန်ပါပါနှင့် ဆေးလိပ်ဖွာတာကို လူလေး အမြဲ သဘောကျမိသည်။ လူလေး ၁၂ နှစ်ပြည့်တော့ ဆေးလိပ် စတင်ခိုးသောက်သည်။ ကြိုက်၍ ဆက်သောက်သည်။ အသက် ၂၅ တွင် သွေးတိုးရောဂါစ ရသည်။ အသက် ၃၆ တွင် နှလုံးသွေးကြောပိတ်၍ ရုတ်တရက်ဆုံးပါးသည်။

လူလေး (၂) အကြောင်း

-လူလေး မေမေက လူလေးကို မူကြိုစပို့ကတည်းက ဆရာဝန်ဖြစ်အောင်လုပ်ဖို့ အမြဲပြောသည်။ ၁၀ တန်းတွင် ကျူရှင်အကောင်းစားများပို့ပေးသည်။ နာမည်ကြီး ဂိုက် ၃ ယောက်ငှားပေးသည်။ လူလေးဆေးကျောင်းရောက်ပြီ။ လူလေး ကိုယ်တိုင် ဘာဖြစ်ချင်မှန်း ဘယ်တော့မှ မစဉ်းစားမိပါ။ ဆေးကျောင်းမှာ လူလေးမပျော်။ ဒုတိယနှစ် နှစ်လယ်တွင် လူလေး စိတ်ကျ ရောဂါ အကြီးအကျယ်ရ၍ ကျောင်းထွက်လိုက်ရသည်။

လူလေး (၃) အကြောင်း

-လူလေး က ၉ နှစ်။ ကိုကိုက လူလေးထက် ၄ နှစ်ကြီးသည်။ အိမ်မှာလူကြီး မရှိလျှင် ကိုကိုက ဗီဒီယို ရုပ်ရှင်ခိုးကြည့်သည်။ ဂိမ်းဆော့သည်။ ဖေဖေမေမေ ပြန်လာလျှင် စာလုပ်သည်ဟု အမြဲလိမ်ပြောသည်။ လူလေး ကိုကို့ကို အားကျသည်။ အရွယ်မရောက်ခင် ကိုကို့ထက် ပိုပြီး လိမ်တတ်လာသည်။ လူလေး ၁၃ နှစ်တွင် ကိုကို့ကိုပါ အလွယ်တကူ လိမ်နိုင်ပြီ။

လူလေး (၄) အကြောင်း

-လူလေး မိဘများက အလုပ်အလွန်များသော စီးပွားရေးသမားများ ဖြစ်၍ အိမ်မှာ မရှိသည်ကများသည်။ လူလေးက အိမ်ဖော်မမနှင့် ကြီးပြင်းသည်။ အိမ်ဖော် မမက အိမ်တွင် အလွယ်တွေ့သော ပိုက်ဆံခိုးသည်ကို လူလေးအမြဲတွေ့သည်။ လူလေးကြီးလာပြီ။ ပိုက်ဆံချမ်းသာဖို့ အလွယ်လမ်းလိုက်ရင်း လူလေး တစ်နေ့ ထောင်ကျသည်။

လူလေး (၅) အကြောင်း

-လူလေး သင်္ချာဘာသာရပ်ကိုနှစ်သက်သည်။ ဉာဏ်ကွန့်မြူးပြီး ပုစ္ဆာအဖြေရှာရသည် ကို ပျော်မွေ့သည်။ သင်္ချာ စာမွေးပွဲတွင် လူလေးက သူငယ်ချင်းများထက် အမှတ်နည်းသည်။ ဆရာက ခေါ်ပြောသည်။ လူလေး အဖြေမှန်သော်လည်း တွက်နည်းက သင်ထားသည်နှင့် လွဲနေ၍ အမှတ်မရပါ။ ထိုနေ့မှ စ၍ လူလေး သင်္ချာ တွက်နည်းပါ အသေကျက်ရသည်။ လူလေး စာအလွတ်ကျက်၍ ဘွဲ့တော့ရပြီ။ ဘဝပုစ္စာ ဖြေရှင်းနည်း မစဉ်းစားတတ်တော့ပါ။

မိဘများ သတိပြုရန်- လူလေး ကြီးရင် ဘာလုပ်မယ် မေးခွန်းရဲ့ အဖြေကို လူလေးပတ်ဝန်းကျင်က သတ်မှတ်ပေးသည်။

နေနေမိုးဆွေ (Child Health Myanmar Page)
လူ့ပတ်ဝန်းကျင်မှ အဖြစ်မှန်အချို့ကို ကိုးကားရေးပါသည်။
Photo Credits to Google
#naynaymoeswe