မိခင်နို့ကိုနို့ဗူးနဲ့ဆက်တိုက်ခြင်း ————————–

အလုပ်ပြန်ဝင်ရမှာမို့သော်လည်းကောင်း၊အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း မိခင်နို့ကို နို့ဗူးနဲ့ပြောင်းတိုက်ရမယ့်မိခင်များအတွက် အကြမ်းဖျဉ်းသိသင့်တာလေးတွေ ပြောပြချင်ပါတယ်……

(၁) ဘယ် breast pump ကိုသုံးမလဲ

အမျိုးမျိုးအစားစားရှိတဲ့အထဲက ကိုယ်နဲ့အသင့်တော်ဆုံးကို ရွေးဖို့ပါ
မြန်မာပြည်မှာရွေးချယ်နိုင်မှုနည်းချင်နည်းနိုင်ပါတယ်
ဥပမာ
အိမ်မှာပဲ သုံးမှာလား၊ အပြင်မှာသုံးဖို့လိုမလား….
အပြင်မှာပါသုံးဖို့ဆိုရင် ဘက်ထရီနဲ့သုံးလို့ရတဲ့စက်ဖြစ်ရပါမယ်၊ အပြင်မှာသုံးတဲ့အခါမှာလဲ ဘက်ထရီအလွယ်တကူပြန်သွင်းဖို့မလွယ်ဘူးဆိုရင် ဘက်ထရီကြာကြာခံတာဖြစ်ဖို့လိုပါတယ်

Manual(လက်နဲ့ညှစ်တဲ့စက်)နဲ့ electric(စက်နဲ့ညှစ်တဲ့စက်)….
တရက်တခါ သို့မဟုတ် အဲ့ဒီထက်နည်းနည်းပဲသုံးမှာဆို manual လည်းအဆင်ပြေပါတယ်

တဖက်တည်းသုံးတဲ့စက် နဲ့ ၂ ဖက်တပြိုင်တည်းသုံးတဲ့စက် ….
ကိုယ်ဘယ်လောက်များများမြန်မြန်လိုချင်လဲပေါ်မူတည်ပြီးရွေးရပါမယ်
ကျန်တဲ့အချက်တွေကတော့ ကိုယ့်အကြိုက်ပေါ်မူတည်ပြီးရွေးနိုင်ပါတယ်
Warranty(အာမခံ) လေးပါရင်တော့ပိုကောင်းပါတယ်
မှတ်ချက်။ စက်မသုံးဘဲ လက်နဲ့လည်းညှစ်နိုင်ပါတယ်၊ သန့်ရှင်းဖို့ကတော့အရေးကြီးပါတယ်။

(၂) စက်ကိုဘယ်လိုထိန်းသိမ်းမလဲ

အဓိက က သန့်ရှင်းရေးပါ၊ အသုံးပြုပြီးတိုင်း စက်အညွှန်းမှာပါတဲ့အတိုင်းသန့်ရှင်းရေးလုပ်ပါ
အနည်းလေး တရက်တခါတော့ဆေးသင့်ပါတယ်
များသောအားဖြင့် ဆပ်ပြာနဲ့ရေနဲ့ဆေးပြီး ရေနွေးပူပူနဲ့ပြောင်အောင်ဆေးချပြီး အဝတ်သန့်သန့်ပေါ်မှာ လုံးဝခြောက်အောင်အခြောက်ခံထားပါ။

(၃) ဘယ်လောက်များများလိုမလဲ

Demand feeding လို့ခေါ်တဲ့ကလေးတောင်းဆို သလောက်တိုက်ရမှာပါပဲ ဒါပေမယ့် မိခင်နို့ ဒီတိုင်း တိုက်ရင် ကလေးဘယ်လောက်စို့တယ်ဆိုတာ အတိအကျသိဖို့ခက်ပါတယ်
ဒါကြောင့် အကြမ်းအားဖြင့် ၆၀ml သို့မဟုတ် ၂ အောင်စ နို့ဗူးတွေပြင်တာကောင်းပါတယ်။ တဗူးကို နည်းနည်းပြင်ထားခြင်းဖြင့် အလဟဿ မဖြစ်ဘဲ လိုသလိုတိုးတိုက်နိုင်ပါတယ်
၁ လ ကနေ ၆လ ကလေးတွေဟာ ၂၄ နာရီအတွင်းမှာ ၅၀၀ ml ကနေ ၁၀၀၀ ml ထိသောက်နိုင်ကြပါတယ် များသောအားဖြင့်တော့ ၇၅၀ ကနေ ၈၀၀ ml ပေါ့ (ကလေးတဦးနဲ့တဦးချွတ်စွတ်မတူနိုင်ပါ)
ဖြည့်စွက်စာကျွေးပြီးနောက်ပိုင်းမှာတော့ ဖြည့်စွက်စာကျွေးတဲ့ ပမာဏ နဲ့ တစ်ဦးချင်းပေါ်မူတည်ပြီး ပမာဏကွဲပြားသွားပါမယ်

(၄) နို့ထွက်အားကောင်းအောင်

တခါညှစ်ရင်အကြာကြီးညှစ်တာထက် အကြိမ်ရေများများညှစ်ပေးခြင်းက ပိုကောင်းပါတယ်
ကလေးကိုနို့မတိုက်ဖြစ်ရင်တောင် အသားချင်းထိကပ်တဲ့ bonding အချိန်လေးတွေ ရအောင်ယူပါ
နို့ထွက်တာ ရပ်ပြီး မိနစ်အနည်းငယ်လောက်ဆက်ညှစ်ပေးခြင်းကလည်းအထောက်အကူပြုပါတယ်

(၅) သိမ်းထားနို့ကို မတိုက်ခင်ဘယ်လိုနွှေးမလဲ
ရေနွေးပူပူ ( ဆူပွက်နေသောရေနွေးမဟုတ်) ထဲစိမ်ထားပြီး သင့်တော့်တဲ့အနေအထားကို လက်ပေါ်မှာအစက်ချစမ်းသပ်နိုင်ပါတယ်
Microwave မသုံးပါနဲ့
နွှေးပြီးသားနို့ကိုပြန်ခဲတာ၊နွှေးပြီးအေးသွားလို့နောက်တခေါက်ပြန်နွှေးတာမျိုး မလုပ်သင့်ပါ

(၆) ကလေးကိုနို့ဗူးပြောင်းတာလွယ်ကူစေဖို့

အိမ်မှာကလေးကိုနို့တိုက်မယ့်သူကအစကတည်းကကလေးနဲ့ရင်းနှီးပြီးသားဆို ပိုအဆင်ပြေပါတယ်
တယောက်တည်းကပုံမှန်တိုက်နိုင်ရင်လည်းပိုကောင်းပါတယ်
အမေအလုပ်ပြန်မဝင်ခင်တည်းက ကြိုကျင့်ထားပါ

(၇) ဘယ်လောက်ကြာကြာခြားပြီးတခါတိုက်ရမလဲ

ကလေးလိုအပ်တာထက်ပိုပြီးမတိုက်မိအောင် ထိန်းတိုက်ပေးရင် အမေနဲ့ရှိတဲ့အချိန်မှာလဲ ပုံမှန်နို့တိုက်နိုင်အောင် အထောက်အကူဖြစ်ပါမယ်
ကလေးငိုတိုင်းဗိုက်ဆာတာမဖြစ်နိုင်ပါ၊ ဘယ်တုန်းကနောက်ဆုံးတိုက်ထားလဲ ဘယ်လောက်တိုက်ထားလဲကြည့်ပြီးချင့်ချိန်နိုင်ပါတယ်
ကလေး ဗိုက်ဆာတဲ့လက်ခဏာတွေကို ကြည့်တတ်ရင်တော့အကောင်းဆုံးပါ
( ပုံမှာကြည့်ပါ)
နှမြောပြီး ကလေးကနို့ဝနေလျက်နဲ့ အတင်းဆက်တိုက်တာမျိုး မလုပ်ပါနဲ့

အလုပ်ပြန်ဝင်ရမယ့် ကလေးအမေများ နောက်ဆံတင်းခြင်းမှကင်းဝေးနိုင်ပြီး မိခင်နို့ဆက်လက်တိုက်နိုင် ကြပါစေ။

သိမ့်သိမ့်ဇော် ( Child Heath Myanmar)
Ref: http://www.breastfeeding.asn.au/
Google images
Government of Western Australia department of health website