လမစေ့မီ ကလေးမွေးခြင်း မဖြစ်ရအောင် ဘာတွေလုပ်မလဲ

လမစေ့မီ မွေးတယ်ဆိုတာ မွေးနေစဉ်အတွင်းမှာရော၊ မွေးဖွားပြီးအချိန်မှာရော မေမေနဲ့ ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတာတွေ ရှိပါတယ်။

မေမေတို့ရေ သန္ဓေသားလေးတွေကို စောပြီးမွေးတယ်၊ လမစေ့ဘဲ မွေးတယ်ဆိုတာလေးတွေ ကြားဖူးမှာပါ။ လမစေ့မီ မွေးတယ်ဆိုတာ မွေးနေစဉ်အတွင်းမှာရော၊ မွေးဖွားပြီးအချိန်မှာရော မေမေနဲ့ ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတာတွေ ရှိပါတယ်။ ဒီလို စိုးရိမ်ရတဲ့ လမစေ့ခင်မှာ ကလေးမွေးတာနဲ့ ပတ်သက်လို့ ဘာတွေလုပ်ရမလဲ၊ ဘယ်လိုအရာတွေက လမစေ့မီ ကလေးမွေးတာကို ဖြစ်စေနိုင်မလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ကာလ (၃၇) ပတ်မပြည့်မီမှာ ကလေးမွေးမယ်ဆိုရင် လမစေ့မီ ကလေးမွေးတယ်လို့ ဆိုလို့ ရပါတယ်။ ကိုယ်ဝန်ဆောင် ကာလ အပတ်ရေ(၄၀) မှ ကလေးမွေးမှသာ လစေ့တယ်လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင် အပတ်ရေ(၃၄) ကနေ (၃၆) အတွင်း မွေးတဲ့ ကလေးကတော့ လမစေ့မီ မွေးတဲ့ကလေးပဲ ဖြစ်ပါတယ်။ လမစေ့တဲ့ ကလေးလေးတွေဟာ သန္ဓေသားအဖြစ် မေမေ့တို့ရဲ့ ဗိုက်ထဲမှာတင် ဖွံ့ဖြိုးမှု နည်းတဲ့အတွက် မွေးဖွားပြီးနောက်ပိုင်းမှာလည်း ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

လမစေ့မီ ကလေးမွေးခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ သားအိမ်ပြင်ပမှာ သန္ဓေတည်ကာ ကလေးယူခြင်း၊ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးတိုး၊ ဆီးချိုရှိခြင်း၊ အစားအစာ ပုံမှန်မစားခြင်း၊ အာဟာရ စုံလင်စွာ မရှိခြင်း၊ သားအိမ်ခေါင်းနဲ့ သားအိမ်တဝိုက်မှာ ချို့ယွင်းချက်ရှိခြင်း၊ မေမေလောင်းရဲ့ မွေးလမ်းကြောင်းမှာ ကူးစက်ရောဂါပိုးရှိခြင်း၊ မေမေလောင်းရဲ့ ခန္ဓာကိုယ် ပိန်လွန်းခြင်း၊ ဝလွန်းခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ ကိုယ်ဝန် မကြာခဏ ပျက်ဖူးခြင်းတွေပဲ ဖြစ်ပါတယ်။

လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေရဲ့ လက္ခဏာကတော့ ခေါင်းထက် ခန္ဓာကိုယ်က သေးနေခြင်း၊ ကိုယ်အပူချိန်ကျဆင်းခြင်း၊ နို့တိုက်ရခက်ခြင်း၊ အဆီတစ်ရှူးတွေ ဖွံ့ဖြိုးမှုနည်းခြင်းတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရင်သွေးလေး လစေ့ မစေ့ သိရှိနိုင်ဖို့အတွက် အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကို စစ်ခြင်း၊ သွေးစစ်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

မေမေလောင်းတို့ ခါးအောက်ပိုင်းနာတာက ပုံမှန်ဆိုပေမယ့် ဆက်တိုက် ဆက်တိုက်နာပြီး နေပုံထိုင်ပုံ ပြောင်းလိုက်လည်း မထူးခြားဘဲ ခါးဆက်နာနေခြင်း၊ (၁၀) မိနစ်ကို တစ်ကြိမ်လောက် သားအိမ်ကျုံ့ခြင်း၊ မိန်းမကိုယ်မှ အရည်ဆင်းခြင်း၊ မိန်းမကိုယ်မှ သွေးဆင်းခြင်းတွေ ဖြစ်ရင် ဆရာဝန် အမြန်ဆုံးပြပါ။ သတ်မှတ်ပေးထားတဲ့ ရက်မတိုင်ခင် ဒီလိုတွေ ခံစားရတာဟာ လမစေ့ဘဲ ကလေးမွေးချင်တာမျိုး ဖြစ်နိုင်ပါတယ်။

မေမေတို့အတွက် သတင်းကောင်းကတော့ လမစေ့မီ ကလေးတွေကို ကုသလို့တော့ ရပါတယ်။ ကလေးအတွက် လိုအပ်တဲ့ဆေးကုသမှုတွေ အချိန်မှီရဖို့အတွက် စောစော ဆေးခန်းပြပါ။