၅ နှစ်မတိုင်ခင် သားသားမီးမီးလေးတို့တွေမှာ စိတ်ကူးယဉ်တာလေးတွေရှိတယ်။ စိတ်ထဲ အိမ်ကို သူခိုးလာတယ်၊ ခြေချောင်းကွေးနိုင်တာလေးကို သူတို့ခြေချောင်းလေးတွေ ကောက်သွားပြီလို့တွေးပြီး လူကြီးတွေကို စီကာပတ်ကုံးပြောပြနေလိမ့်မယ်။ နောက်ပြီး အရုပ်ကလေးကို ကလေးလိုလုပ်ပြီး ချီပိုးတာ၊ မင်းသမီးလေးလို ကတာ၊ လူဆိုးဖမ်းတာ ဒါတွေက စိတ်ကူးယဉ်သလို ဇာတ်လမ်းလေးတွေဆင်ပြီး ပုံဖော်ကြတာပါ။ သူတို့ စိတ်ကူးဥာဏ်လေးတွေ ကွန့်မြူးလို့ ဇာတ်လမ်းလေးတွေ ဖန်တီးပြောကြတာပါ။ ဒီလို မုသားဆန်တဲ့ စိတ်ကူးဉာဏ်လေးတွေက ဉာဏ်ကောင်းတဲ့ သားသားမီးမီးလေးတွေမှာ ရှိတယ်လို့ ကလေးစိတ်ပညာရှင်တွေက ဆိုပါတယ်။
မူကြိုစမတက်ရသေးတဲ့ ၄ နှစ်ခွဲအရွယ် သမီိးလေးဖူးဖူးက မေမေ့ပိုက်ဆံအိတ်ပျောက်သွားပြီလို့ တခြားအိမ်သားတွေကို ပြောပြလိမ့်မယ်။ မိသားစုဝင်တွေကလည်း ‘အို ဟုတ်လား။ ဘယ်နားထားလိုက်တာလဲ။ ဘယ်မှာ ကျခဲ့လဲ။ ဘာတွေ ပါသွားသေးလဲ’ စတဲ့ မေးခွန်းတွေနဲ့ အခန်းထဲက ထွက်လာတဲ့ မေမေ့ကို မေးကြလိမ့်မယ်။ ဒီအခါ မေမေနဲ့ မိသားစုတွေက ဖူးဖူးလေး မမှန်တာပြောတာကို သိသွားပြီ။ အဲဒီအခါ ‘အို ကလေးလေးလိမ်တာပဲ’ ဆိုပြီး မေမေတို့စိတ်ထဲ စိုးရိမ်မှုတွေ မများပါနဲ့နော်။ သူ့စိတ်လေးထဲ စိတ်ကူးယဉ်မိတာလေးကို လူကြီးတွေကိုပြောပြတာဆိုတော့ ရယ်စရာအနေနဲ့ပဲ တွေးလိုက်ပါ။ သမီးလေးပြောလိုက်တာက ဘယ်သူ့ကိုမှ ထိခိုက်သွားတာမဟုတ်ပါဘူး။
မူကြိုအရွယ်ကလေးလေးတွေအနေနဲ့ စိတ်ကူးယဉ်တာနဲ့ အမှန်တရားကို ခွဲပြီးလည်း မသိကြသေးဘူး။ ဒီလို စိတ်ကူးယဉ် ဇာတ်လမ်းဆင်ပြီးပြောလိုက်တာဟာ ဉာဏ်ကွန့်မြူးတဲ့ မုသားပြောကြတာလို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ နောက်ပြီး ဒီလို ဉာဏ်ကွန့်မြူးတာလေးတွေကနောင်တချိန် မြီးကောင်ပေါက်အရွယ်ရောက်ရင် ကောင်းမွန်တဲ့လူမှုဆက်ဆံရေးတွေရှိစေနိုင်တယ်လို့တောင် ပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့် အမှန်ကို တန်ဖိုးထားတက်အောင်ကိုတော့ မေမေတို့ဖေဖေတို့အနေနဲ့ တဖြည်းဖြည်းချင်း သင်ပြပေးသင့်ပါသတဲ့။