အမှားကို တာဝန်ယူတတ်တဲ့ အကျင့်ကောင်းလေးတွေ ပျိုးထောင်ပေးရအောင်

သားသားမီးမီးလေးတို့ရဲ့ လူမှုဆက်ဆံရေး ရလဒ်ကောင်းတွေရပြီး တာဝန်ယူနိုင်တဲ့ လူကြီးလေးတွေဖြစ်လာဖို့ အခုကတည်းက အလေ့အကျင့်ကောင်းလေးတွေနဲ့ ပျိုးထောင်ပေးဖို့လိုပါတယ်

 မေမေတို့ရေ သားသားမီးမီးလေးတို့ကို ရိုက်နှက် မဆုံးမဖို့ ပြောခဲ့ဖူးပါတယ်။ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်တာက သားသားမီးမီးလေးတွေရဲ့ဦးနှောက်က အမှားအပေါ်မဆင်ခြင်မိစေပဲ နာကျဉ်းစိတ်ကိုဖြစ်ပေါ်စေတက်တာကြောင့် မိဘနဲ့သားသမီးကြား ပြဿနာကို ဖြေရှင်းတဲ့ အလေ့အကျင့်ထက် ပိုပြီး စိတ်ပျက်ဖွယ်အခြေအနေကို ဖြစ်ပေါ်စေတက်ပါတယ်။ ဒါပေမယ့် မေမေတို့လည်း တခါတလေ စိတ်တိုမိတဲ့ အချိန်တွေရှိတာပေါ့။ လူရယ်လို့ဖြစ်လာရင် ကြီးကြီးငယ်ငယ် အမှားရှိတက်ကြတာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်ကြား မှားရင်တောင်းပန်တာလောက်ထိရောက်တဲ့ အကျိုးကျေးဇူးမရှိပါဘူး။ ဒါပေမယ့် တောင်းပန်တယ်ဆိုတဲ့ အလေ့အထကို မဖြစ်မှ အသုံးပြုတက်ကြပါတယ်။ တကယ်က တောင်းပန်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့လူ၊ လူသားဆန်တဲ့လူတွေရဲ့ ကိုယ့်အမှားကိုယ်တာဝန်ယူလိုက်တာဖြစ်ပါတယ်။ ဒီလိုတာဝန်ယူလိုက်ခြင်းအားဖြင့် နောက်တစ်ခါမှာ ဒီလိုအမှားမျိုးမကျူးလွန်မိတော့ပဲ လူမှုဆက်ဆံရေးတွေမှာ ပိုပြီး အဆင်ပြေလွယ်ကူလာနိုင်စေပါတယ်။
 ဒီတော့မေမေတို့အနေနဲ့ သားသားမီးမီးလေးတို့ရဲ့ လူမှုဆက်ဆံရေး ရလဒ်ကောင်းတွေရပြီး တာဝန်ယူနိုင်တဲ့ လူကြီးလေးတွေဖြစ်လာဖို့ အခုကတည်းက အလေ့အကျင့်ကောင်းလေးတွေနဲ့ ပျိုးထောင်ပေးဖို့လိုပါတယ်။ မိဘတွေဘက်က မှားတာရှိတဲ့အခါ တောင်းပန်စကားပြောလိုက်ပါနော်။ အလုပ်တွေရှုပ်နေတုန်း ကလေးကို ဆူလိုက်မိတယ် အော်လိုက်မိတယ် ဆိုရင် ‘အို မေမေအလုပ်တွေများသွားလို့သမီးကိုအော်မိတာနော်။ စိတ်မကောင်းဘူး ငါ့သမီးလေးကို အော်လိုက်မိတာ’ဆိုပြီး ပွေ့ဖက်ပေးပါ။ မတော်တဆရိုက်မိသွားတယ်ဆိုရင်လည်း ကလေးကို ပြန်တောင်းပန်ပါ။ ဘာကြောင့် ရိုက်လိုက်မိတယ်ဆိုတာကို ကလေးနားလည်နိုင်လောက်တဲ့ စကားလုံးလေးတွေနဲ့ သေသေချာချာ ရှင်းပြတောင်းပန်ပါ။ ဒီအခါ သူတို့စိတ်ထဲ ဒဏ်ရာခဲ့ရင်တောင် ပြန်တောင်းပန်လို့ စိတ်ဖြေရာအနည်းငယ် ရနိုင်တာအပြင် သူတို့ကိုယ်တိုင် အမှားလုပ်မိရင် တဖက်လူကို တောင်းပန်ရမယ်ဆိုတဲ့ အကျင့်ကောင်းလေးတွေ ရနိုင်ပါတယ်။ မေမေတို့အနေနဲ့ ခဏခဏရိုက်လိုက် တောင်းပန်လိုက်တော့ မလုပ်မိဖို့လိုတာပေါ့နော်။