အကောင်းမြင်တတ်တဲ့ စိတ်သဘောထားတွေဖြစ်ပေါ်စေဖို့ ဘယ်လိုသင်ကြားပေးမလဲ
|မေမေတို့က အဲလိုတွေ မြည်တမ်းဒေါသထွက်နေမယ့်အစား၊ ကလေးရှေ့မှာ ကောင်းတာလေးတွေ ရွေးပြောရင် သားသားမီးမီးလေးတို့က အကောင်းမြင်စိတ်တွေ ဖြစ်လာမှာပါ။
စိန်ခေါ်မှုတွေများလှတဲ့ ဘဝမှာ အကောင်းမြင်တတ်ခြင်းက ဘဝကို ပိုမိုနေပျော်အောင် ဖန်တီးပေးမှာဖြစ်ပါတယ်။ ရေတစ်ဝက်နဲ့ ဖန်ခွက်ကို တစ်ဝက်လျော့နေတယ်လို့ မြင်တဲ့အမြင်ထက်၊ တစ်ဝက်ပြည့်နေတယ်လို့ မြင်တဲ့အမြင်မျိုးပေါ့။ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားဟာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကိုရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာကောင်းမွန်စေပါသတဲ့။ ဒါ့ကြောင့် မေမေတို့ရဲ့ သားသားမီးမီးလေးတို့ကို အကောင်းမြင်စိတ်ရှိပြီး ဘယ်အရာကိုမဆို အပြုသဘောစိတ်ထားအောင် ဘယ်လိုပျိုးထောင်ပေးကြမလဲ ။
မြည်တမ်းမနေပါနဲ့
ကလေးကျောင်းပို့သွားတဲ့အခါ ကားလမ်းတွေက ပိတ်မှာပါပဲ။ မီးပွိုင့်မိတာ၊ တခြားကားက ကြားဝင်လာတာ၊ လူတွေ ဖြတ်သွားလို့ စောင့်ရတာ၊ ပါကင်ရှာလို့မလွယ်တာတွေကြောင့် မြည်တမ်းမနေပါနဲ့နော်။ ဒီကားက ဇွတ်ဝင်လာတာ၊ သွားလေကွာ၊ မမောင်းတတ်ဘူးလား၊ မီးပွိုင့်က ပျက်နေလို့လား ဆိုပြီး တောက်တခေါက်ခေါက်နဲ့ ကလေးရှေ့မှာ မြည်တမ်းမနေပါနဲ့နော်။ ကလေးတွေက မေမေတို့ရဲ့ အပြုအမူတွေ အပြောအဆိုတွေ သဘောထားတွေကနေပြီး ဘယ်လို စိတ်မျိုးထားရမလဲဆိုတာကို သင်ယူနေကြတာဖြစ်ပါတယ်။ လမ်းပိတ်တာကို အဆိုးမြင်ရင် သူတို့ကလည်း လမ်းပိတ်တာကို ဒေါသထွက်စရာလို့မြင်မှာပါပဲ။
မေမေတို့က အဲလိုတွေ မြည်တမ်းဒေါသထွက်နေမယ့်အစား၊ ကလေးရှေ့မှာ ကောင်းတာလေးတွေ ရွေးပြောရင် သားသားမီးမီးလေးတို့က အကောင်းမြင်စိတ်တွေ ဖြစ်လာမှာပါ။ ဥပမာ လမ်းပိတ်လို့ မေမေ့သားလေးနဲ့ ကြာကြာနေရတာပေါ့။ ပြောပါအုံး။ သားရဲ့ မနေ့ညက ဆွဲတဲ့ ပန်းချီကားလေးအကြောင်း (ဒါမှမဟုတ်) boss baby ဇာတ်ကားထဲက ကလေးလေးနှစ်ယောက်က နောက်ဆုံးမှာ ချစ်သွားကြတယ်နော်။ သားလည်း ညီလေးတစ်ယောက်ရရင် ချစ်မှာလား ဆိုတဲ့ ကလေးနဲ့ ကိုယ်နဲ့ အပြန်အလှန်ပြောလို့ရတာလေးတွေပေါ့။
သူတို့တတ်နိုင်တာလေးတွေကို လုပ်ဆောင်ခွင့်ပေးပါ
ငါလုပ်နိုင်တယ်ဆိုတဲ့ အတွေးမရှိဘဲနဲ့ အကောင်းမြင်ဖို့ကလည်းခက်ပါတယ်။ သူတို့ လုပ်နိုင်တာလေးတွေကို ယုံယုံကြည်ကြည်လုပ်ဆောင်ဖို့ အခွင့်အရေးပေးတာက ကလေးတွေကို ပိုပြီး အကောင်းမြင်စိတ်ရှိစေပါတယ်။ မေမေတို့က အကုန်လိုက်မလုပ်ပေးပါနဲ့။ အရွယ်နဲ့ကိုက်ညီပြီး သူတို့လုပ်ဆောင်နိုင်တာလေးတွေကို ခိုင်းပါ။ အကျီ င်္ချွတ်တာ၊ စာအုပ်တွေကို ရှင်းလင်းတာ၊ ဖိနပ်တွေကို နေရာတကျ စီတန်းထားတာ စတဲ့ ဝေယျာဝစ္စလေးတွေကို ကိုယ်တိုင်လုပ်ဆောင်ခြင်းက လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရလာပြီး နေ့စဉ်ဘဝတွေကို အကောင်းမြင်လာစေပါတယ်။
ခက်ခက်ခဲခဲလေးတွေကို လုပ်ဆောင်ဖို့အားပေးပါ
ဘယ်လောက်ပဲ ခက်ခက် ထိတွေ့မှုများလာတဲ့အခါ လွယ်ကူသွားတာပါပဲ။ ရေကြောက်တဲ့သူကို ရေကူးသင်ပေးပြီး ရေမကြာခဏကူးစေမယ်ဆိုရင် ရေမကြောက်တော့ဘဲ ရေကူးရတာတောင်ပျော်လာမှာပါ။ ဒီအခါ ခက်ခဲတယ်ဆိုတဲ့ စိတ်လည်း ရှိတော့မှာမဟုတ်တော့ဘဲ ခက်ခဲတယ်လို့ သူထင်ခဲ့မိတာကို ပြန်တွေးပြီး ဘယ်အရာမဆို လုပ်ကြည့်ရင် ရနိုင်တယ်ဆိုတဲ့ အတွေးလေး ဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် သားသားမီးမီးလေးတွေကို ခက်ခဲမယ်ထင်နေတဲ့အရာလေးတွေကို လုပ်ကြည့်ဖို့ အားပေးပါနော်။ ဥပမာ စက်ဘီးစီးခိုင်းတာ၊ မျောက်လွှဲကျော်တွေလို ဘားတန်းမှာ ခိုးစီးတာမျိုးတွေပေါ့။
တခြားကလေးတွေနဲ့ မနှိုင်းပါနဲ့
သူတို့က မလုပ်ချင်တာပဲဖြစ်ဖြစ်၊ မလုပ်နိုင်သေးတာပဲဖြစ်ဖြစ် တခြားကလေးတစ်ယောက်နဲ့ နှိုင်းပြီးမပြောပါနဲ့။ ဥပမာ အရုပ်တွေကို ဆက်ရတာ မရတဲ့အခါ သားအိမ်ဆောက်တုန်းကလည်း ထပ်ခါထပ်ခါလုပ်လို့ ရခဲ့တာလေ။ စက်ရုပ်က နဲနဲရှုပ်တော့ သားအချိန်ယူရမှာပေါ့။ မပူပါနဲ့ ခဏနေရင် သားဆက်နိုင်မှာပါ လို့ပြောပါ။ သူတို့မရနိုင်သေးတာတွေကို သားနဲ့ မသင့်တော်ဘူး ဒါ သိပ်ခက်တယ်လို့ ဘယ်တော့မှ မပြောလိုက်ပါနဲ့။