ကလေးတွေရဲ့ သွားကျန်းမာရေးဟာ တကယ်ကို အရေးကြီးပါတယ်။ ဒါကို လွန်ခဲ့တဲ့ ၅နှစ် သားလေးမွေးခဲ့စဉ်တုန်းက Wifey သိပ်သတိမထားခဲ့မိပါဘူး။ မနက်အစောကြီး ကလေးမနိုးခင် ရုံးသွားရတာနဲ့၊ ရုံးပိတ်ရက်တွေမှာ သွားတိုက်ပေးတဲ့အခါ ကလေးကငိုတော့ သက်ဦးကလည်းဖြစ်ပြန် ချစ်တာကလည်းတုန်နေတော့ ကလေးငိုရင် ဇွတ်မလုပ်ပေးဘဲ အလျော့ပေးခဲ့တာတွေများပါတယ်။ အဲဒီ့တော့ ဘာဖြစ်သလဲဆိုတော့ သားလေးအခု အသက်၅နှစ်မှာ ရှေ့သွား၎ချောင်းပိုးစားစပြုနေပါပြီ။ မြန်မာပြည်မှာ ကလေးသွားပိုးစားတာ အေးအေးဆေးဆေးပဲ ဆိုပေမယ့် ဒီနိုင်ငံမှာတော့ ကလေးသွားပိုးစားတာ မြင်တာနဲ့ သွားဆရာဝန်တွေဟာ တကယ့်ကို heavy case ပါပဲ။ ကျောင်းတက်တဲ့ အခါမှာလည်း ဒီက ကလေးတွေက မွေးစကတည်းက သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ၆လတစ်ခါ ပုံမှန် check up လုပ်ပြီး ဂရုစိုက်ထားတဲ့ အတွက် သွားလေးတွေဟာ ဖြူဖွေးညီညာပြီးစီနေတာပါပဲ။
ဒါကြောင့် ဒီတစ်ခါ သမီးလေးအလှည့်မှာတော့ ပိုလည်းနားလည်လာပြီ ပိုလည်းအချိန်ပေးနိုင်လာတာကြောင့် သူ့ရဲ့ သွားကျန်းမာရေးကို Wifey က အထူးပဲဂရုစိုက်ပေးဖြစ်ပါတယ်။ သမီးလေးရဲ့ ပထမသွားလေး စထွက်ကတည်းက သွားဆေးခန်းမှာ register လုပ်ပြီး ကလေးအထူးကုသွားဆရာဝန်နဲ့ dental care ပုံမှန်စလုပ်ခဲ့ပါတယ်။ အိမ်မှာ သွားတိုက်ပေးတဲ့အခါမှာ သူငိုလည်း မရရအောင် သွားရဲ့ အပေါ်အောက်အရှေ့အနောက် အနှံ့သေချာတိုက်ဖြစ်အောင် တစ်နေ့၂ကြိမ် အနည်းဆုံးတိုက်ပေးပါတယ်။
ဒီတော့ ဒီတစ်ပတ်မှာ ဘေဘီလေးရဲ့ သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး Wifey လေ့လာထားတဲ့ ဗဟုသုတတစ်ချို့ကို မျှဝေပေးချင်ပါတယ်။
👄ဘာကြောင့်ကလေးသွားလေးတွေဟာ အရေးကြီးတာလဲ?
ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးတိုးတက်မှုမှာ သွားကျန်းမာရေးဟာလည်း သိပ်ကိုအရေးကြီးတဲ့ အခန်းကဏ္ဏကနေပါဝင်ပါတယ်။ သွားကလေးတွေဟာ အစာကို ကြေညက်စွာ ဝါးစားဖို့၊ စကားပီပီသသကောင်းကောင်းပြောဆိုဖို့နဲ့ အပြုံးလှလှလေးကို ရဲရဲဝံ့ဝံ့ ပြုံးနိုင်ဖို့ ကူညီပေးပါတယ်။ ငယ်သွားတွေ အချိန်မတိုင်ဘဲ စောစောစီးစီး ကျိုးသွားတဲ့အခါ လွတ်သွားတဲ့နေရာမှာ ကြီးသွားဟာ အလျင်အမြန်ဝင်ရောက်လာတာမို့ တခြားကြီးသွားတွေထွက်လာဖို့ နေရာအနေအထားခက်ခဲသွားပြီး သွားတစ်စောင်းတွေထွက်လာတာ၊ တစ်နေရာထဲမှာ အများကြီးထပ်ပြီးထွက်သွားတာတွေ ဖြစ်တတ်တာကြောင့် မွေးစကတည်းက သွားကျန်းမာရေးကို ကောင်းမွန်စွာ လုပ်ဆောင်ပေးထားရင် နောင်နှစ်ပေါင်းများစွာ သွားလေးတွေဟာ ပိုးမွှားကင်းစင်ပြီး သန်စွမ်း လှပနေမှာ အမှန်ပါပဲ။
🔹ဘယ်အချိန်မှာ ကလေးသွားလေးတွေစပေါက်လာတာလဲ?
ဘေဘီလေး ၆လနဲ့တစ်နှစ်ကြားမှာ ပထမဆုံးသွားလေးတွေစပေါက်လာပါတယ်။
ဘေဘီလေးတွေသွားပေါက်တော့မယ်ဆိုရင် သွားရေကျခြင်း၊ သွားဖုံးရောင်ခြင်း နဲ့ ကိုယ်အပူချိန်အနည်းငယ်တက်ခြင်းစတဲ့ လက္ခဏာတွေပြတတ်ပါတယ်။ ကလေးသွားပေါက်ချိန်မှာ သူ့အနေနဲ့ မသက်မသာဖြစ်တတ်တာမို့ အဲ့ဒီ့ရက်ပိုင်းမှာ ငိုတာ ဂျီကျတာတွေရှိနိုင်ပါတယ်။
ဒါကို သက်သာအောင်အတွက်မိဘအနေနဲ့ ဘယ်လိုကူညီပေးလို့ရလဲဆိုရင် ကိုက်လို့ရတဲ့ Teething ring လေးတွေပေးကိုက်ထားတာဖြစ်ဖြစ်၊ သန့်ရှင်းတဲ့ အဝတ်လေးနဲ့ သွားဖုံးလေးတွေကို ပွတ်ပေးတာပဲ ဖြစ်ဖြစ် သက်သာအောင်လုပ်ပေးနိုင်ပါတယ်။
🔹ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ပြသသင့်ပါသလဲ?
ပထမဆုံးသွားလေးစထွက်လာတဲ့အချိန်မှ တစ်နှစ်ပြည့်မွေးနေ့ မတိုင်မီအချိန်မှာ သွားဆရာဝန်နဲ့ well baby checkup appointment ကိုယူပြီး သွားပြသင့်ပါတယ်။ ဒီအချိန်မှာ ပိုးစားတဲ့ ပြဿနာမရှိသေးပေမယ့် သွားကို ဘယ်လိုပုံမှန်သန့်ရှင်းရေးလုပ်ရမလဲ၊ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကဘာတွေလဲ စသဖြင့် ဆရာဝန်က ဆွေးနွေးပြသပေးပါလိမ့်မယ်။ တစ်ခုခုဖြစ်ပြီးမှ သွားဆေးခန်းသွားပြရင် အချိန်လွန်မှပြတာဖြစ်လို့ အပ်နဲ့ပေါက်ရမယ့်ကိစ္စ ပုဆိန်နဲ့ပေါက်ရမလို ခက်ခဲသွားနိုင်တာကြောင့် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာ အကောင်းဆုံးလို့ထင်ပါတယ်။
🔹ကိုယ့်အိမ်မှာပဲ ဘေဘီလေးရဲ့သွားတွေကို ဘယ်လို care လုပ်မလဲ?
သွားကလေးတွေ စမထွက်လာခင်ကတည်းက သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပေးနိုင်ပါတယ်။ ကလေးလက်ကိုင်ပဝါအပါး wash cloth လေးနဲ့ဖြစ်စေ၊ ပိတ်ဖြူစလေးနဲ့ ဖြစ်စေ ရေစွတ်ပြီး သွားဖုံးလေးတွေကို တစ်နေ့၂ကြိမ်တိုက်ပေးနိုင်ပါတယ်။ အထူးသဖြင့် အစာကျွေးပြီးတဲ့အချိန်နဲ့ ညအိပ်ယာမဝင်ခင်မှာ တိုက်ပေးတာက ထိရောက်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သွားဖုံးမှာ ကပ်နေနိုင်တဲ့ ဘက်တီးရီးယားတွေကိုဆေးကြောပေးရာရောက်ပါတယ်။
ပထမဆုံးသွားလေးတွေ စပေါက်လာတဲ့အချိန်မှာတော့ သွားတိုက်တံကို စတင်အသုံးပြုနိုင်ပါပြီ။ သွားပွတ်တံရွေးချယ်တဲ့အခါမှာ ခေါင်းသေးသေးနဲ့ နူးညံ့ပြီး ကိုင်တွယ်ရလွယ်ကူတဲ့ လက်ကိုင်ကြီးကြီးလေးနဲ့ ဟာကို ရွေးဝယ်ပေးပါ။
အစပိုင်းမှာတော့ သွားတိုက်တံကို ရေစွတ်ပြီးဖြစ်စေ၊ Fluoride မပါတဲ့ သွားဖုံးသန့်စင်တဲ့ သွားတိုက်ဆေးကိုသုံးပြီးတော့လည်း သန့်စင်ပေးနိုင်ပါတယ်။
၃နှစ်အောက်ကလေးကို သွားတိုက်ပေးတဲ့အခါမှာ ကလေးအတွက်သီးသန့်ထုတ်ထားတဲ့ fluoride ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုမယ်ဆိုရင် ဆန်စေ့ခန့်ကိုသာထည့်ပြီး တစ်နေ့ ၂ကြိမ်တိုက်ပေးသင့်ပါတယ်။
၃နှစ်မှ၆နှစ်ကြားဆိုရင်တော့ ပဲစေ့ခန့်ပမာဏအသုံးပြုပြီး မနက်တစ်ကြိမ်ညတစ်ကြိမ် သွားရဲ့ အရှေ့ရောအနောက်ရောကို နေရာနှံအောင်တိုက်ပေးသင့်ပါတယ်။
အသက်၆နှစ်မတိုင်ခင်မှာ ကလေးကိုယ့်ဘာသာကိုင်ပြီး သေချာမတိုက်နိုင်သေးခင်အထိ သွားတိုက်ဆေးကို မမျိုချမိစေဖို့နဲ့ သေချာပလုတ်ကျင်းတတ်အောင် မိဘအနေနဲ့ ကူညီပြီး ပြသသင်ကြားပေးရပါတယ်။
သွားကလေးတွေ ဝါလာတာ အဖြူစက်ကလေးတွေဖြစ်လာတာ အစရှိသဖြင့် ပုံမှန်မဟုတ်ဘူးလို့ ထင်ရတဲ့အခါမှာ နီးစပ်ရာ သွားဆရာဝန်ထံအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
🔹သွားပိုးစားခြင်းကိုကာကွယ်ရန်
နောက်ဆုံးအနေနဲ့ သွားပိုးစားခြင်းမှ ကာကွယ်နိုင်ဖို့အတွက်ကတော့ ဘေဘီလေးရဲ့ နို့ဘူးနဲ့ ရေဘူးတွေထဲမှာ မိခင်နို့၊ formula နဲ့ ရေသန့်ကလွဲလို့ အသီးဖျော်ရည်တွေ၊ အချိုရည်တွေထည့်တိုက်ခြင်းမှ ရှောင်ရှားရပါမယ်။ ညအိပ်ခါနီးနို့ဘူးနဲ့ အိပ်တတ်ရင် နို့အစားရေကိုသာထည့်ပေးခြင်းအကျင့်လုပ်ပေးထားနိုင်ရင်ပိုကောင်းပါတယ်။
Fluoride မပါတဲ့ သွားတိုက်ဆေးနဲ့ ကလေးသီးသန့် အထူးထုတ်ထားတဲ့ သွားတိုက်ဆေးတွေကို City Mart လို Super Market တွေမှာ ဝယ်လို့ရနိုင်မယ်လို့ထင်ပါတယ်။ Wifey ကတော့ လောလောဆယ် သမီးလေးအတွက် ဖလိုရိုက်မပါတဲ့ ၃လကနေ ၂နှစ်အောက် အသုံးပြုနိုင်တဲ့ သွားတိုက်ဆေး Nuk တံဆိပ်ကိုသုံးနေပါတယ်။ သားလေးကိုတော့ crest တံဆိပ် ကလေးသွားတိုက်ဆေးနဲ့ ပလုတ်ကျင်းတဲ့ Listerine တံဆိပ် Burble gum အရသာ ဆေးရည်ကို သုံးနေတာ တော်တော်အဆင်ပြေနေပါတယ်။
Teething ring နဲ့ ကိုက်လို့ရတဲ့ အရုပ်တွေကိုတော့ camera, farlin အစရှိတဲ့ ကလေးပစ္စည်းဆိုင်တွေမှာ ဝယ်လို့ရနိုင်ပါတယ်။
ပြုံးအလှပိုင်ရှင် သားသားမီးမီးတို့ လှပပြီးပိုးမွှားကင်းစင်တဲ့ သွားလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ
အချစ်များစွာဖြင့်
Burmese Wifey 