ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးလတွေမှာ ညောင်းညာကိုက်ခဲလာတဲ့အခါ
|ကိုယ်ဝန်ရဲ့ အလေးချိန်က ပိုမိုတိုးလာတာကြောင့် မိခင်လောင်းတို့ရဲ့ ခြေကျင်းဝတ်၊ ဒူး၊ ခါးစတဲ့ အဆစ်တွေ အရိုးတွေ နာကျင်လာပါတယ်။
ကိုယ်ဝန်ကာလ နောက်ဆုံး(၃)လပတ်ရောက်ပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေတို့ ရဲ့ ခန္ဓာကိုယ်က ရောဂါလက္ခဏာအသစ်တွေစတင်ခံစားလာရမှာ ဖြစ်ပါတယ်။ ခါးနာတာ၊ ညောင်းတာ၊ ခြေထောက်ကြွက်တက်တာ စတာတွေကို ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ ကြာကြာမတ်တပ်ရပ်ဖို့၊ လမ်းလျောက်ဖို့အတွက် မေမေတို့ ကြွက်သားတွေက မဟန်နိုင်တော့ပါဘူး။ ကုလားထိုင်ပေါ်မှာထိုင်နေချိန်ထက် လဲလျောင်းနေချိန်က ပိုမိုများပြားလာမှာဖြစ်ပါတယ်။
နေ့ရော၊ညဘက်ပါ ကြွက်တက်တာက ကိုယ်ဝန်ဆောင်တိုင်းခံစားရတဲ့ ဝေဒနာတစ်ခုပါ။ သန္ဓေသားဟာ ပိုမိုလေးလံလာပြီး သားအိမ်ဟာ ခြေထောက်ကနေ နှလုံးဆီသွားတဲ့ သွေးပြန်ကြောအပေါ်က ဖိထားသလို ဖြစ်နေတာကြောင့် ကြွက်တက်တာဖြစ်ပါမယ်။ ညဘက်အိပ်ပျော်နေစဉ် ကြွက်တက်တတ်တာကြောင့် ခြေသလုံးကြွက်သားတွေကို ဖြေလျော့ဖို့ ခင်ပွန်းဖြစ်သူကို ပြောလို့ ရပါတယ်။
ခြေသလုံးကြွက်သားတွေကို ဆန့်တန်းထားပြီး နှိပ်နှယ်ပေးမယ်ဆိုရင် သက်သာပါတယ်။ နေ့ဘက်တွေမှာ ထိုင်တာနည်းပြီး လဲလျောင်းနေချိန်တွေက ပိုများလာမှာဖြစ်လို့ သက်သောင့်သက်သာထိုင်လို့ရမယ့် ထိုင်ခုံကိုရွေးချယ်ဝယ်ယူထားပါ။
လဲလျောင်းတဲ့အခါပဲဖြစ်ဖြစ်၊ ထိုင်တဲ့အခါပဲဖြစ်ဖြစ်၊ ခြေထောက်က သွေးပြန်ကြောအတွက် နှလုံးဆီသွေးရောက်ဖို့ ခြေထောက်ကို အမြင့်မှာ တင်ထားပါ။ ပက်လက်နေမယ်ဆိုရင်လည်း ခြေထောက်အောက်က ခေါင်းအုံးတွေအများကြီးခံထားပေးပါ။
ကိုယ်ဝန်ရဲ့ အလေးချိန်က ပိုမိုတိုးလာတာကြောင့် မိခင်လောင်းတို့ရဲ့ ခြေကျင်းဝတ်၊ ဒူး၊ ခါးစတဲ့ အဆစ်တွေ အရိုးတွေ နာကျင်လာပါတယ်။ ကြွက်သားတွေကလည်း ဝန်အပိုရဲ့ ဖိအားကြောင့် သက်သောင့်သက်သာမရှိပဲ တောင့်တင်းညောင်းညာနေပါလိမ့်မယ်။ အိပ်တဲ့အခါမှာတော့ အဆိုးဆုံးပါပဲ။ နောက်ကျောက ပက်လက်လှန်လို့ မရတော့ပါဘူး။ ကျောမှီနဲ့ အိပ်ဖို့ ကြိုးစားပါ။ မေမေတို့သက်သောင့်သက်သာ အိပ်လို့ရစေဖို့ အိမ်မှာရှိတဲ့ ခေါင်းအုံးတွေကို ထုတ်ထားပြီး ခန္ဓာကိုယ်နဲ့ ခုတင်ကြမ်းပြင်ကြား လိုတဲ့နေရာတွေခုဖို့ အဆင့်သင့်သာပြင်ထားပါတော့။