“ဂျပန်ဦးဏှောက်ရောင်ရောဂါ”
|ဂျပန်ဦးဏှောက်ရောင်ရောဂါ (Japanese Encephalitis) ကို အရင်က အီကိုနိုမို အေ ဦးဏှောက်ရောင်ရောဂါ (Economo’s A Encephalitis) ကနေ ခွဲခြားရလွယ်အောင်ဆိုပြီး ဂျပန် ဘီ ဦးဏှောက်ရောင်ရောဂါ (Japanese B Encephalitis) လို့ ခေါ်ခဲ့ကြပါတယ်… ဂျပန်ဦးဏှောက်ရောင်ရောဂါဟာ ဂျပန်ဦးဏှောက်ရောင်ဗိုင်းရပ်စ်ရောဂါပိုး (Japanese Encephalitis Virus, JEV) ကြောင့်ဖြစ်တာဖြစ်ပြီး အဲ့ဒီရောဂါပိုးဟာ ခြင်ကိုက်တာကတဆင့် ကူးစက်ပျံ့နှံ့စေပါတယ်… ဒီရောဂါပိုးကိုသယ်ဆောင်ပေးတဲ့ ခြင်က Culex tritaeniorhynchus နဲ့ Culex vishnui ခြင်တွေပဲဖြစ်ပါတယ်…
အဲ့ဒီ ဂျပန်ဦးဏှောက်ရောင်ဗိုင်းရပ်စ်ရောဂါပိုးဟာ အိမ်မွေးဝက်တွေနဲ့ ငဟစ်ငှက် (Herons) တွေမှာ အဓိကပေါက်ပွားကြပြီး ခြင်ကတဆင့် လူကိုကူးစက်ကြပါတယ်… ဒါပေမယ့် ကံကောင်းတာက လူကနေ လူကို မကူးစက်စေတတ်ပါဘူး… ဒါကြောင့် ဒီ ဂျပန်ဦးဏှောက်ရောင်ရောဂါဟာ မြို့ပေါ်မှာထက် တောရွာထဲက ဝက်မွေးမြူရေးလုပ်တဲ့ အိမ်တွေမှာ ပိုပြီးအဖြစ်များကြပါတယ်… အထူးသဖြင့် အနီးအနားမှာ ခြင်ပေါက်ဖွားလွယ်တဲ့ မြောင်းပုပ်၊ ရေအိုင်၊ ရေကန်ငယ်တွေရှိတဲ့အိမ်တွေမှာ ဒီ ဂျပန်ဦးဏှောက်ရောင်ရောဂါ ပိုပြီး ဖြစ်ပွားနိုင်ပါတယ်…
ဒီရောဂါပိုးဟာ ကူးစက်ခံရပြီး ၅ ရက်ကနေ ၁၅ ရက်အတွင်းမှာ ရောဂါလက္ခဏာစပြပါတယ်… အများစုကတော့ လုံးဝလက္ခဏာမပြဘဲ ရောဂါကူးစက်ခံရသူ အပုံ ၂၅၀ ပုံ တစ်ပုံမှာသာ ဦးဏှောက်ရောင်တဲ့အထိ ဖြစ်သွားတတ်တာပါ… ရောဂါလက္ခဏာပြပြီဆိုရင်တော့ လူနာဟာ အရမ်းကို ချမ်းတုန်ပြီးတော့ ဖျားတတ်ပါတယ်… ခေါင်းကိုက်၊ နုံးခွေတာမျိုးလည်းဖြစ်တတ်ပြီး ဦးဏှောက်ရောင်တာရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်တဲ့ ဇက်ကြီးတောင့်တင်းတာ၊ ကိုယ်တပိုင်းသေတာ၊ တက်တာ၊ အဖျားကြီးတာမျိုး အပြင် စိတ်မူမမှန်တဲ့ လက္ခဏာတွေလည်း ဖြစ်လာတတ်ပါတယ်… အထူးသဖြင့် ဒီရောဂါကြောင့် ခံနိုင်ရည်မရှိတဲ့ ကလေးတွေ သေနှုန်းမြင့်ပါတယ်…
ရောဂါပြန်ကောင်းသွားရင်တောင်မှ ဗဟိုအာရုံကြောစနစ်ကိုထိခိုက်သွားတယ်ဆိုရင် တစ်သက်လုံး နားထိုင်းတာ၊ စိတ်မူမမှန်တော့တာ၊ ကိုယ်တပိုင်းချည့်တာ၊ ကိုယ်တပိုင်းသေတာတွေအထိ ဖြစ်သွားတတ်ပါတယ်… ဒါကြောင့် ဂျပန်ဦးဏှောက်ရောင်ရောဂါဟာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်…
ဂျပန်ဦးဏှောက်ရောင်ရောဂါလို့ သံသယဖြစ်တယ်ဆိုရင် လူနာရဲ့ သွေးနဲ့ ဦးဏှောက် အာရုံကြောတွင်းရည် (Cerebrospinal Fluid) ကို ဓာတ်ခွဲစစ်ဆေးကြည့်လို့ရပါတယ်… ရောဂါဖြစ်ပြီး ၃ ရက်ကနေ ၈ ရက်အတွင်းမှာ ဒီ ဂျပန်ဦးဏှောက်ရောင်ဗိုင်းရပ်စ်ရောဂါပိုးကိုခုခံတဲ့ ကိုယ်ခံအားဆဲလ် (JE virus IgM Antibodies) ကို စမ်းသပ်တွေ့ရှိနိုင်ပါတယ်… အဲ့ဒီ ကိုယ်ခံအားဆဲလ်တွေက တစ်လကနေ သုံးလကျော်တဲ့အထိ ရှိနေနိုင်ပါတယ်… ဒါကြောင့် ဒီကိုယ်ခံအားဆဲလ်ရှိနေတာဟာ အရင်က ကူးစက်ခံဖူးလို့ပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးထားလို့ပဲဖြစ်ဖြစ် ရှိနေတာဖြစ်နိုင်ပါသေးတယ်… ဒါကြောင့် သေချာအောင် confirmatory neutralizing antibody testing ဆိုတဲ့ စမ်းသပ်မှု ထပ်လုပ်သင့်ပါတယ်… ဒါပေမယ့် ဒီ Confirm လုပ်တဲ့ စမ်းသပ်မှုက National Health Laboratory လို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန လိုနေရာမှာပဲ စစ်လို့ရတာဖြစ်ပြီး နေရာတကာမှာ အလွယ်တကူ စစ်လို့မရတာမို့ အခက်အခဲရှိတတ်ပါတယ်… တခါတလေ ရောဂါဖြစ်ပြီး ၁၀ ရက်အတွင်းမှာ ယူထားတဲ့သွေးထဲမှာ IgM ကိုယ်ခံအားဆဲလ် မတွေ့ရသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်… ဒါကြောင့် သံသယရှိရင် ထပ်ပြီး စစ်ဆေးသင့်ပါတယ်…
ဒီ ဂျပန် ဦးဏှောက်ရောင်ရောဂါဟာ တစ်ခါဖြစ်ဖူးရင် တစ်သက်တာ ကိုယ်ခံအားရရှိသွားတဲ့ ရောဂါဖြစ်ပြီး ကာကွယ်ဆေးတွေနဲ့ ကြိုတင်ကာကွယ်ထားလို့ရပါတယ်… လောလောဆယ်အထိ ကာကွယ်ဆေး ၃ မျိုးရှိပါတယ်… SA 14-14-2၊ IC51 နဲ့ ChimeriVax-JE တို့ပဲဖြစ်ပါတယ်… ဒီရောဂါဖြစ်ပွားရင် ကုသဖို့တော့ သီးသန့် ကုထုံးအနေနဲ့ မရှိသေးပါဘူး… လူနာသက်သာအောင်၊ ပိုမဆိုးအောင်ပဲ စောင့်ကြည့်ကုသပေးရတာ ဖြစ်ပါတယ်…
ဂျပန်ဦးဏှောက်ရောင်ရောဂါမဖြစ်အောင်ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးတာအပြင် အဓိက ကတော့ ခြင်ကိုက်မခံရအောင် ကာကွယ်မှသာ အဆင်ပြေမှာဖြစ်ပါတယ်… အထူးသဖြင့် အိမ်မွေးဝက်တွေကို ကိုယ်နေတဲ့အိမ်ထဲမှာ အတူတူမွေးတာမျိုးမလုပ်သင့်ပါဘူး… ဝက်ခြံသီးသန့် ခွဲပြီး ဆောက်သင့်ပါတယ်… အိမ်က ဝက်တွေ သေတာ၊ နေမကောင်းတာမျိုးရှိရင် တိရစ္ဆာန်ကုဆရာဝန်နဲ့ ပြသသင့်ပြီး သံသယရှိရင် တိရစ္ဆာန်ကုဆရာဝန်ကနေတဆင့် နီးစပ်ရာ ပြည်သူ့ကျန်းမာရေးဌာနတွေကို အဆင့်ဆင့် သတင်းပို့ပြီး ဂျပန်ဦးဏှောက်ရောင်ရောဂါပိုးကူးစက်ခံနေရတာ ဟုတ်၊ မဟုတ် စစ်ဆေးသင့်ပါတယ်.. နောက်ပြီး အိမ်နီးပတ်ဝန်းကျင်မှာ ခြင် အလွယ်တကူပေါက်ပွားနိုင်တဲ့ ရေဝပ်နိုင်တဲ့နေရာတွေ၊ မြောင်းတွေ၊ ကန်တွေရှိရင် ပိုပြီး သတိထားရပါမယ်…
ခြင်ကိုက်မခံရအောင်၊ ခြင်မပေါက်ပွားအောင် ထုံးစံအတိုင်း ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ မြှုပ်၊ ရှင်း၊ ဖွင့်၊ မှုတ် ဆိုတဲ့အတိုင်း လိုက်နာလုပ်ဆောင်ကြရပါမယ်… ရေအိုးရေခွက်တွေကို ခြင်မဥနိုင်အောင် အဖုံးဖုံးတာ၊ ပိုးလောက်လန်းတွေ၊ ခြင်တွေရှိနေနိုင်တဲ့ ရေအိုးရေခွက်အတွင်းပိုင်းတွေကို တိုက်ချွတ်ဆေးကြောပြီး သွန်ပစ်တာ၊ ဘုရားအိုး၊ပန်းအိုး၊ ညောင်ရေအိုးတွေကို ရေမကြာခဏလဲလှယ်ခြင်း၊ ရေအိုးရေခွက်တွေထဲကိုရေစစ်နဲ့ ရေစစ်ထည့်တာ၊ ရေအိုး၊ ရေစည်၊ ရေကန်တွေထဲမှာ ပိုးလောက်လန်းတွေရှိနေရင် ရေစစ်နဲ့ ခပ်ထုတ်ပစ်တာ၊ ကြောင်အိမ်အောက်ခံခွက် တွေထဲကို စက်ဆီအဟောင်းတွေလောင်းထည့်တာ၊ ဘယ်အချိန်ပဲအိပ်အိပ်၊ ခြင်ထောင်ထောင်အိပ်တာ၊ မိုးရေတင်ကျန်နိုင်တဲ့ ဘူးခွက်၊တာယာအဟောင်းတွေကို မြေမြှုပ်ပစ်တာ၊ ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်း၊ အိမ်ပြင်၊ ခြုံတွေကို ရှင်းလင်းတာ၊ အလင်းရောင်ကောင်းကောင်းရပြီး လေဝင်လေထွက်ကောင်းအောင် နေ့ခင်းဘက်မှာ အခန်းတံခါးတွေကို ဖွင့်ထားတာ၊ ခြင်ဆေးမှုတ်တာတွေကို ဆောင်ရွက်ပေးရပါမယ်… ဒါ့အပြင် ခြင်လုံဇကာတွေတပ်တာ၊ ခြင်လိမ်းဆေးတွေလိမ်းတာ၊ အင်္ကျီထူတွေဝတ်တာမျိုးနဲ့လည်း ခြင်ကိုက်မခံရအောင် ကာကွယ်နိုင်ပါတယ်…
နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီ ဂျပန်ဦးဏှောက်ရောင်ရောဂါဟာ ဦးဏှောက်ရောင်တဲ့အထိ ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်လာရင်လည်း အလွန် အန္တရာယ်ကြီးတာမို့ မပေါ့ဆဘဲ ကာကွယ်ဆေးထိုးတာ၊ ကာကွယ်တာမျိုးလုပ်ရမယ့်အပြင် ဖြစ်လာရင်လည်း တုံ့ဆိုင်းမနေဘဲ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက် ကုသမှုခံယူကြပါလို့ ပြောကြားရင်း ကျနော့်ရဲ့ “ အမှန်ကြောက်စရာ ဂျပန်ဦးဏှောက်ရောင်ရောဂါ” ဆိုတဲ့ ဆောင်းပါးလေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေဗျာ…။
ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)