တစ်နှစ်ကျော်အရွယ် ပိုမိုတက်ကြွလှုပ်ရှားအောင် ဘယ်လို ပံ့ပိုးမလဲ
|အရမ်းလှုပ်ရှားဆော့ကစားတော့မယ့် သားသားမီးမီးလေးအတွက် အိမ်ကိုတော့ သေချာရှင်းလင်းဖို့လိုပါလိမ့်မယ်။ ကလေးလက်လှမ်းမီရာမှာ ဆေးတွေ အန္တရာယ်ဖြစ်စေနိုင်တာတွေမထားပါနဲ့.
တစ်နှစ်ကျော်အရွယ်ရာက်လာပြီဆိုရင်တော့ ကလေးငယ်လေးဟာ လက်ကလေးတွေကို အသုံးပြုတတ်လာပါပြီ။ အစားအသောက်လေးတွေကို finger food လေးတွေ ပြုလုပ်ပြီးကျွေးတယ်ဆိုရင် လက်မလေးနဲ့ လက်ညှိုးလေးနဲ့ သေချာညှပ်ပြီး ပါးစပ်ထဲ ထည့်တတ်လာပါတယ်။ ကလေးက အရုပ်လေးတွေကို သေချာကိုင်တွယ်တတ်ပါပြီ။
(၁၅)လလောက် ရောက်ပြီဆိုရင်တော့ အရင်လို လဲမကျတော့ဘဲ လမ်းလျောက်နိုင်နေပြီး တစ်ခုခုကို တွယ်တက်ဖို့ကြိုးစားပါလိမ့်မယ်။ လမ်းလျောက်တာမှာလည်း အနည်းငယ်ဟန်ချက်ညီလာပါလိမ့်မယ်။ ကလေးနေတဲ့နေရာလေးကို ရှင်းလင်းပေးထားပါ။ လဲကျရင်တောင် မနာအောင် ပစ္စည်းအမာတွေ မထားပါနဲ့။ ကလေးကစားလို့ရအောင် ခေါင်းအုံးပျော့ပျော့လေးတွေ ထားပေးထားပါ။ ကလေးကို လှဲချလို့ရတဲ့ ကစားနည်းလေးကို မေမေတို့က လုပ်ပြပြီးသင်ပေးပါ။ ခေါင်းအုံးပေါ်လှဲချတဲ့ ကစားနည်းလေးက ကလေးကို လဲကျမှာ မကြောက်အောင် လုပ်ဆောင်ပေးတာဖြစ်သလို၊ ကလေးရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း သွက်လက်ကြံ့ခိုင်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။
ကလေးငယ်ဟာ အပေါ်ကိုတွယ်တက်တဲ့ အပြုအမူမျိုးလုပ်နေရင် မေမေတို့က ဘေးက ကူညီပေးပါ။ အန္တရာယ်မရှိလောက်ရင် ကုတင်ပေါ်ကို သူ့ဟာသူတွယ်တက်တာမျိုးကို ခွင့်ပြုပေးပါ။ ပြုတ်ကျလို့ရှိရင်မနာအောင် စောင်တွေ ခေါင်းအုံးတွေခံပေးထားပါ။
အရမ်းလှုပ်ရှားဆော့ကစားတော့မယ့် သားသားမီးမီးလေးအတွက် အိမ်ကိုတော့ သေချာရှင်းလင်းဖို့လိုပါလိမ့်မယ်။ ကလေးလက်လှမ်းမီရာမှာ ဆေးတွေ အန္တရာယ်ဖြစ်စေနိုင်တာတွေမထားပါနဲ့။ မီးပလပ်ခုံနဲ့ ကလေးက လက်လှမ်းမီနေရင် နေရာအမြန်ရွှေ့ပါ။ ကလေးကို ထိခိုက်စေမယ့် အရာတွေကို ဖယ်ရှားထားပါ။
အဲဒီအရွယ်ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူညီမယ်မဟုတ်ပါဘူး။ ဆော့တဲ့ ကစားတဲ့ လှုပ်ရှားတဲ့ ပုံစံတွေနဲ့ အစားစားတဲ့နေရာမှာ ကလေးကိုယ်တိုင်စားနိုင်တာ မစားနိုင်တာ စသဖြင့် အနည်းငယ်ကွာခြားတာကို စိတ်မပူပါနဲ့။ တစ်ခုမှာချင်တာက ကလေးက လှုပ်ရှားမှုနှေးကွေးလွန်းတယ်ထင်ရင်တော့ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးပါ။