သားသားမီးမီးလေးတွေ ဘာကြောင့်ငိုရတာလဲ ?

ကိုယ့်ကလေးငိုနေတယ်ဆိုရင် ဒီအချက်တွေကနေ ဘယ်အချက်များဖြစ်နေမလည်းလို့ မေမေတို့ကအမြဲတမ်းသတိလေးနဲ့ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

သားသားမီးမီးလေးတွေ ငိုကြွေးရတဲ့အကြောင်းရင်းအချက်လေးတွေ အများကြီးရှိပါတယ်။ ကလေးလေးတွေက ဘာစကားမှမပြောတတ်သေးခင် စိတ်ခံစားချက်များကို ငိုကြွေးတာ၊ ရယ်မောတာ စတာတွေနဲ့ပဲ ဖော်ပြခွင့်ရှိကြပါတယ်။ ကလေးလေးတွေ ဗိုက်ဆာလို့ ဒိုက်ပါ ညစ်ပတ်လို့ ငိုတာတွေကတော့ အသိသာဆုံးအကြောင်းတွေ ဖြစ်ပေမယ့် တခြားမေမေများသတိမထားမိတဲ့ ကလေးတွေ ခြေထောက်လေးမှာ ဆံပင်ခြည်လေးတွေ ရစ်ပတ်နေတာအစ ဘာကြောင့်ငိုနေတယ်ဆိုတာ သိစေဖို့ ဖော်ပြပေးချင်ပါတယ်။

တစ်ချို့သောကလေးလေးတွေက အရမ်းကိုအော်ဟစ်ငိုတတ်ကြပါတယ်။ ဒါဆိုရင် ကလေးလေးတွေဘာကြောင့်ငိုရတယ်ဆိုတဲ့ အချက်ကိုသိဖို့က အရေးကြီးဆုံးပါပဲ။ အောက်ပါအချက်တွေက ကလေးလေးတွေ ဘာကြောင့်ငိုတယ်ဆိုတာ သိစေဖို့ ကူညီပေးနိုင်ပါတယ်။

ကလေးတွေငိုကြွေးရတဲ့ အချက်(၇)ချက်

(1) နို့ဆာခြင်း

ကလေးလေးတွေက ဗိုက်ဆာနေပြီ၊ အစားအစာကျွှေးပါ၊ နို့တိုက်ပါဆိုတဲ့အချက်ကို ငိုတာနဲ့ပြတတ်ပါတယ်။ ထပ်ပြီး လက်ကိုပါးစပ်ထဲထည့်ပြီး စုပ်နေတာတို့၊ လျှာသပ်နေတာတို့လည်း လုပ်နေရင်လည်း ဒါဗိုက်ဆာနေလို့ပါ။

(2) လေထုတ်ဖို့လိုခြင်း

တကယ်လို့ကလေးကိုနို့တိုက်အစားအစာကျွှေးပြီးလို့ ငိုနေတယ်ဆိုရင် ဒါ ကလေးကို လေထုတ် ပေးဖို့လိုအပ်လို့ဖြစ်ပါတယ်။

(3) ဗိုက်အောင့်ခြင်း

ကလေးလေးတွေ ဗိုက်အောင့်တယ်ဆိုတာခံစားနေရပြီး ငိုကြွေးနေတဲ့အခါ ကလေး ခြေထောက်တွေကို စက်ဘီးစီးသလို ရွေ့လျားမှု ပြုလုပ်ပေးပါ။

(4) ဒိုက်ပါညစ်ပတ်နေခြင်း

သေးခံဒိုက်ပါထဲမှာ သေးပေါက်ထားပြီးလေးနေတာတို့၊ အီးအီးပါထားတာတို့ဆို ကလေးတွေငိုနေတတ်ပါတယ်။ ဒါကြောင့်ဒိုက်ပါ နောက်အသစ်တစ်ခု အမြန်လဲပေးလိုက်ပါ။

(5) နာကျင်ခြင်း

တစ်ချို့သော သေးငယ်တဲ့အရာလေးတွေက ကလေးလေးတွေကို နာကျင်စေတယ်ဆိုတာ မေမေတို့သတိထားမိမှာမဟုတ်ပါဘူး။ အကျီအသားကြမ်းရှတာတွေ၊ ကြယ်သီးတွေ၊ အကျီအနောက်မှာပါတဲ့အမှတ်တံဆိပ်တွေ၊ ခြေချောင်း၊ လက်ချောင်းကြားထဲမှာ ငြိနေတဲ့ ဆံပင်မျှင်တွေကအစ ကလေးရဲ့နုနယ်တဲ့အသားနဲ့ ထိတွေ့တဲ့အခါ နာကျင်လို့ ငိုကြပါတယ်။

(6) အပူအအေးမမျှတခြင်း

ကလေးတွေက အရမ်းပူနေလို့ပဲဖြစ်ဖြစ်၊ အရမ်းအေးနေတာမျိုးပဲဖြစ်ဖြစ် ခံစားရတဲ့အခါ ငိုတတ်ကြပါတယ်။

(7) ချီစေချင်ခြင်း

ကလေးလေးတွေက  ပွေ့ဖက်ထားတာကို အရမ်းကို လိုအပ်ကြပါတယ်။ မေမေတို့ရဲ့အသံ၊ မျက်နှာ၊ အနံ့၊ နှလုံးခုန်သံတို့ကို အမြဲလိုအပ်ပါတယ်။ ဒါကြောင့် ကလေးက သူ့ကိုချီစေချင်တယ်၊ ထွေးပွေ့စေချင်တယ်ဆိုလည်း ငိုတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ကလေးငိုနေတယ်ဆိုရင် ဒီအချက်တွေက ဘယ်အချက်များဖြစ်နေမလည်းလို့ မေမေတို့ကအမြဲတမ်းသတိလေးနဲ့ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။