ကလေးနှင့်သန်ကောင် **************

(၁) သန်ကောင်ပေးတဲ့ ပြဿနာ

အစာလမ်းကြောင်းမှ သန်ကောင်က ကပ်ပါးကောင်ဖြစ်သည်။ ကပ်ပါးကောင်များက ကလေးရသင့်သည့် အသားဓာတ်, သန်ဓာတ်နှင့် အချို့ဗိုက်တာမင်ကို စုပ်ယူသောကြောင့်
-ကလေးကြီးထွားမှုနှေးခြင်း
-သံဓာတ်အားနည်း၍ ဉာဏ်ရည်နိမ့်ခြင်း
-ကလေး အစားအသောက်ပျက်ခြင်း
-ပင်ပန်းနွမ်းနယ်ခြင်းများ
-မကြာခဏ ဗိုက်နာခြင်း
-နာတာရှည်ဝမ်းသွားခြင်း ဖြစ်နိုင်သည်။

တုတ်ကောင်ကြောင့် ကလေးစအိုဝ ညဘက်တွင် အလွန်ယားခြင်း၊ အိပ်ရေးပျက်ခြင်းတို့လည်း ဖြစ်နိုင်သည်။

(၂) သန်ကောင်ဆိုတာ ဘာလဲ

သန်လုံးကောင်၊ တုတ်ကောင်၊ သန်ချိတ်ကောင်စသည်ဖြင့် အမျိုးမျိုးရှိသည်။ တိရိစ္ဆာန်၏ မစင်မှ သန်ဥများက မြေမှုန့်များတွင် ရှိနိုင်သည်။ မြေကြီးတွင်စိုက်သော ဟင်းသီးဟင်းရွက်များတွင် သန်ဥများ စွန်းပေတတ်သည်။

(၃) သန်ကောင် ဘယ်လိုရ

မစင်ထဲမှ သန်ကောင်နှင့် သန်ဥများက လူုကြီးကလေးလက်မှတဆင့် ပါးစပ်ထဲသို့ တိုက်ရိုက် ရောက်နိုင်သည်။ သန်ရနိုင်သော အခြားနည်းလမ်းများမှာ
-သန်ဥပါလာပြီး သေချာမဆေးဘဲ စားမိသော အစိမ်းစားသည့် ဟင်းသီးဟင်းရွက် တို့စရာများ
-ကျက်အောင်မချက်ပြုတ်မိသော အသားများ
-မြေကြီးနှင့်ဆော့သော ကလေး၏ လက်မှ သန်ဥများက ကလေး အူလမ်းကြောင်းထဲရောက်ရှိသည်

(၄) အူထဲမှသန်ကောင်ကို ဘယ်လိုရှင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက မြန်မာနိုင်ငံကဲ့သို့သော ဖွံဖြိုးဆဲ နိုင်ငံများမှ ကလေးများကို ၆ လတစ်ကြိမ် ပုံမှန်သန်ချရန် တိုက်တွန်းသည်။ တစ်ကြိမ်သန်ချပြီးရင် အူထဲတွင် သန်ဥများကျန်ပြီး သန်ကောင်များပြန်လည်ပေါက်ပွားနိုင်သောကြောင့်ဖြစ်သည်။

Albendazole ဆေးက အဖြစ်များသည့် သန် အမျိုးအစားများကို နိုင်သည်။ကိုယ်လေးချိန် ၁၀ ကီလို အောက်ကလေးကို ၂၀၀ mg တိုက်၍ ၁၀ ကီလိုထက်များလျှင် ၄၀၀ mg တိုက်ပါ။ ဆေးကို ဝါးစားခိုင်းလို့ရသည့် အရွယ်ဆို ဝါးခိုင်းပါ။ အူလမ်းကြောင်းမှ သန်ကိုတိုက်ဖျက်ရန် အစာနှင့် ဝေးဝေးတိုက်လျှင် ကောင်းသည်။

(၅) သန်ကောင်ကို ဘယ်လို ကာကွယ်

၁။ ကလေးအပါအဝင် တစ်အိမ်သားလုံး ရေနှင့်ဆပ်ပြာသုံး၍ လက်မှန်မှန် ဆေးပါ။ ကလေးအနှီး (သို့)diaper လဲချိန်, အိမ်သာတက်ပြီးချိန်, စားသောက်ဖွယ်ရာ ပြင်ဆင်ချိန်များ လက်သေချာဆေးပါ။

၂။ မြေကြီးပေါ်ဆော့ကစားပြီးတိုင်း ကလေးလက်ကို သေချာဆေးပေးပါ။လက်သည်းမှန်မှန်ညှပ်ပေးပါ။ လက်သည်း ကိုက်ခြင်းကို တားမြစ်ပါ။ တစ်နေ့ ၁ကြိမ်၂ ကြိမ် ရေပုံမှန်ချိုးပေးပါ။

၃။ အိမ်သာသန့်ရှင်းရေး မှန်မှန်လုပ်ပါ။

၎။ အစိမ်းစားသော ဟင်းသီးဟင်းရွက်တို့စရာများကို သေချာဆေးကြောပါ။ အသားအမျိုးမျိုးကို ကျက်အောင်ချက်ပါ။

၅။ အိမ်သားတစ်ဦးတွင် သန် မကြာခဏရှိလျှင် တစ်အိမ်လုံး သန်ချဆေးသောက်ပါ။

မိမိကလေးကို သန်ချသင့်မချသင့် ဒွိဟဖြစ်နေလျှင် မိသားစုဆရာဝန် (သို့) ပြနေကျ ကလေးဆရာဝန်နှင့် ဆွေးနွေးပါ။

#နေနေမိုးဆွေ ( Child Health Myanmar Page)
Reference- WHO
Photo Credits to Google
#naynaymoeswe