အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ (၃) နှစ်ကျော်ကျော်လောက်ကစတင်ပြီး မွေးကာစရင်သွေးငယ်လေးတွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ စာဖတ်ပြတဲ့အစီအစဉ်ကို ထည့်သွင်းကျင့်သုံးလာခဲ့ကြပါတယ်။
အလွန်နုနယ်တဲ့ အရွယ်ကတည်းကစတင်ပြီး ရင်သွေးငယ်လေးတွေကို စာဖတ်ပြတာဟာ အရေးကြီးတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီးတွေက ရင်သွေးမိဘတွေကို တိုက်တွန်းလမ်းညွှန်လျက်ရှိပါတယ်။
ရင်သွေးငယ်လေးကို ပေါင်ပေါ်တင်ပြီး ပုံပြစာအုပ်တွေဖတ်ပြခြင်းရဲ့ အကျိုးရလဒ်ကို လေ့လာတဲ့သူတွေဟာ MRI လို့ခေါ်တဲ့ သံလိုက်စက်ကွင်းဓာတ်မှန်တွေကို အသုံးပြုပြီး လေ့လာခဲ့ကြတာပါ။ အသက်အရွယ်အလိုက် သင့်တော်တဲ့ ပုံပြင်တွေကိုပြောပြပြီး နားထောင်နေတဲ့ (အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ်အတွင်းရှိတဲ့) ရင်သွေးငယ်လေးတွေရဲ့ ဦးနှောက်လှိုင်းတွေကို တိုင်းတာ၊ သုတေသန ပြုခဲ့ကြတာဖြစ်ပါတယ်။
ပုံပြင်ဖတ်ပြတာကို များများနားထောင်ရတဲ့ရင်သွေးငယ်လေးတွေရဲ့ ဦးနှောက်ဘယ်ဖက်ခြမ်း၊ parietal-temporal-occipital association cortex နေရာမှာ ဦးနှောက်လှိုင်းတွေ တက်ကြွလှုပ်ရှားနေတာကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒီနေရာဟာ အသံနဲ့ အမြင်အာရုံတွေကို ပုံဖော်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းနေရာဖြစ်ပါတယ်။
အသက်ကြီးလာတဲ့ ရင်သွေးငယ်လေးတွေ စာဖတ်တဲ့အခါမှာလည်း ဦးနှောက်ရဲ့ အဲဒီအစိတ်အပိုင်းမှာ တက်ကြွလှုပ်ရှားမှုတွေကို တွေ့မြင်ရပါတယ်။ မွေးကာစရင်သွေးငယ်လေးတွေမှာ စာအုပ်ကို မမြင်ရပေမယ့် စာဖတ်ပြနေတာကိုကြားရုံနဲ့ အသံနဲ့အမြင်အာရုံကို ပုံဖော်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေဟာ သိသိသာသာ တက်ကြွလှုပ်ရှားလာတာကို တွေ့ရပါတယ်။
ကလေးပေါက်စလေးတွေ ပုံပြင်နားထောင်နေတဲ့အခါ ပုံပြင်ထဲမှာပါတဲ့အကြောင်းအရာတွေကို စိတ်ထဲမှာ ပုံဖော်ကြည့်လေ့ရှိကြပါတယ်။ ဥပမာ – ဖားကလေးဟာ သစ်ကိုင်းခြောက်ပေါ်ကို ခုန်ကျော်သွားတယ်လို့ ပြောလိုက်တဲ့အချိန်မှာ ငါ ဖားကလေးတစ်ကောင်တွေ့ဖူးတယ်။ သစ်ကိုင်းခြောက်ကိုလည်းတွေ့ဖူးတယ်။ ဖားက သစ်ကိုင်းခြောက်ကို ခုန်ကျော်သွားတဲ့ပုံဟာ ဘယ်လိုပုံများဖြစ်မလဲ။ စသည်ဖြင့် ပုံဖော်စဉ်းစားနေလေ့ရှိပါတယ်။
စာအုပ်၊ ပုံပြင်တွေ ဖတ်ပြတာကို များများနားထောင်ရလေလေ ဦးနှောက်စွမ်းရည်တွေ တိုးတက်လာပြီး ဆက်စပ်တွေးခေါ်စဉ်းစားနိုင်စွမ်းနဲ့ မှတ်မိနိုင်စွမ်းတွေ မြင့်မားလာလေလေ ဖြစ်ပါတယ်။ ပုံရိပ်တွေကို အတွေးထဲမှာ ပုံဖော်နိုင်စွမ်းတွေ တိုးတက်လာတဲ့အခါ ပုံမပါတဲ့စာအုပ်တွေကို မြန်မြန်ဖတ်ရှုလာနိုင်ပါတယ်။ နောက်ပိုင်းမှာ စာဖတ်ဝါသနာပါသူတွေ၊ စာဖတ်နိုင်စွမ်းကောင်းမွန်တဲ့သူတွေ ဖြစ်လာကြပါတယ်။
ကာတွန်းပုံပြင်စာအုပ်တွေကို ဖတ်ပြခြင်းဟာ Creativity လို့ခေါ်တဲ့ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်စေပြီး ဖန်သားပြင်ကရတဲ့ ဖျော်ဖြေမှုတွေကတော့ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းကို မရရှိစေဘူးလို့ လေ့လာသူတွေထဲမှာပါတဲ့ ဒေါက်တာဟတ်ဆန်က ပြောပါတယ်။
ရင်သွေးငယ်လေးတွေကို ဗီဒီယိုကြည့်ရှုစေတဲ့အခါ ဇာတ်လမ်းတစ်ခုလုံးကို ပြည့်ပြည့်စုံစုံ တွေ့မြင်နေရတဲ့အတွက် ရင်သွေးငယ်လေးတွေရဲ့ ပုံဖော်စိတ်ကူးယဉ်မှုကို ရပ်တန့်သွားစေပါတယ်။ ရင်သွေးငယ်လေးတွေရဲ့ ပုံဖော်စိတ်ကူးကြည့်မှုစွမ်းရည်ကို ပျောက်သွားအောင် ကျွန်တော်တို့ လုပ်မိနေပြီလား။ ဗီဒီယိုတွေဟာ ရင်သွေးငယ်လေးတွေကို ပျော်ရွှင်စေပါတယ်။ ဒါပေမယ့် ပုံဖော်စိတ်ကူးနိုင်မှုစွမ်းရည်ကိုတော့ ပျောက်ဆုံးသွားစေပါတယ်။
ရင်သွေးငယ်လေးတွေရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းနဲ့ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းတွေကို မပျောက်ပျက်စေဖို့အတွက် စာဖတ်ပြဖို့လိုပါတယ်။ မွေးကာစအရွယ်ကတည်းက ပုံပြင်တွေကို ဖတ်ပြပေးရမှာဖြစ်ပါတယ်။ ကလေးပေါက်စလေးတွေဖြစ်လာတဲ့အခါမှာလည်း ဗီဒီယိုကြည့်ရှုတာတွေကို ရှောင်ကျဉ်စေပြီး ပုံပြင်တွေကို များများဖတ်ပြရပါမယ်။ ပုံပြင်ဖတ်ပြတဲ့အလေ့အကျင့်ကို မွေးမြူရင်း စိတ်ကူးပုံဖော်နိုင်စွမ်းနဲ့ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ပြီး ကောင်းမွန်တဲ့အမူအကျင့်တွေကိုပါ ရရှိစေနိုင်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
Ref: https://well.blogs.nytimes.com/2015/08/17/bedtime-stories-for-young-brains/