ရေပေါင်လျှင် ရေမွန်းတတ်လား 💧💧💧💧💧💧💧💧💧
| ရေပေါင်ခြင်းကို လူတိုင်းကြားဖူးချင်မှ ကြားဖူးပါမယ်။ Child Health Myanmar page ရဲ့ စာဖတ်သူတစ်ဦး ပြောမှ ဒီအခေါ်အဝေါ်ကို ကျွန်တော်လည်း ကြားဖူးသွားပါတယ်။
ရေပေါင်ခြင်းဆိုတာ ကလေးမမွေးခင် (သို့) မွေးဖို့ ဗိုက်စမနာသေးခင် ရေမြွှာ ပေါက်သွားခြင်းကို ခေါ်ခြင်း ဖြစ်ပါတယ်။ အများအားဖြင့် ဗိုက်နာနေတုန်းမှသာ ရေမြွှာပေါက်ပါတယ်။
ဖြစ်စဉ်တစ်ခုက ရေပေါင်တယ်၊ နောက် ဗိုက်စနာလာပြီး မွေးတော့ ကလေးက ရေမွန်းနေတာကြာပြီမို့ မိနစ်ပိုင်းအတွင်း ဆုံးသွားပါတယ်တဲ့။ ရေမွန်းတယ်ဆိုတာကို ဆရာဝန်က ဘယ်လိုရှင်းပြလိုက်တယ်၊ မိခင်က ဘယ်လို နားလည်လိုက်တယ်တော့ မပြောတတ်ပါ။
ကလေးက ကိုးလလုံးလုံး ရေမြွှာထဲမှာ နေ နေတာပါ။ ရေမမွန်းပါဘူး။ ရေထွက်သွားလို့ ရေမရှိမှတော့ ဗိုက်ထဲ ရေမွန်းစရာ အကြောင်းလည်းမရှိပါ။ ကလေးဆုံးရတဲ့ အခြားအကြောင်းရင်း ရှိပါလိမ့်မယ်။ ဒီလို ထပ်မဖြစ်အောင် ကာကွယ်လို့ ရချင်မှ ရပါမယ်။ ဒါပေမယ့် ရချင်လည်း ရနိုင်လို့ သိသင့်သိထိုက်၊ လုပ်သင့်လုပ်ထိုက်တာများကို
ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း မြှင့်တင်ဖို့ ပြန်လည်သုံးသပ်တဲ့ အဖွဲ့တွေ၊ အစည်းအဝေးတွေ လိုပါတယ်။ Clinical governance commitees and meetings လို့ ခေါ်ပါတယ်။ မြန်မာပြည်မှာ ဒီအပိုင်း အားနည်းသေးတယ်လို့ မြင်ပါတယ်။ ဘာကြောင့် ကလေး ဆုံးသွားရတယ်ဆိုတာ တွေ့ရှိလျှင် မိခင်က သိလိုလျှင် သိခွင့်ရှိရပါမယ်။ ဒီလို သေချာ ရှင်းပြတာကို debrief လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါလည်း အားနည်းပါတယ်။ ဒီအပိုင်းတွေ အားကောင်းလာအောင် ဆရာဝန်တွေ ဆေးရုံတွေဘက်က စတင် ကြိုးစားအားထုတ် ရပါမယ်။
သိကောင်းစရာများ
^^^^^^^^^^^^^^^^
💧ဘယ်လောက် အဖြစ်များလဲ
– ဗိုက်စမနာခင် ရေမြွှာပေါက်ခြင်း (PROM) – ၁၀%
– ၃၇ ပတ်မတိုင်ခင် ဗိုက်စမနာခင် ရေမြွှာပေါက်ခြင်း (PPROM) – ၃%
💧ဘယ်လိုလူတွေမှာ ပိုဖြစ်လဲ
– ယခင် ကိုယ်ဝန်တွင် ရေမြွှာ ကြိုပေါက်ဖူးလျှင်
– ဆေးလိပ်သောက်ခြင်း
– မ အင်္ဂါ တွင်း ပိုးပေါက်များခြင်း
– ကာလသားရောဂါ ရှိခြင်း
– ရေမြွှာ ပို ခြင်း၊ အမြွှာ ကိုယ်ဝန်
– သွေးဆင်းခြင်း စသည်
💧ရေမြွှာ ပေါက်မှန်း ဘယ်လို သိမလဲ
– များသောအားဖြင့် အရည် အများအပြား ဆင်းပါတယ်။ စီးကျပါတယ်။ လစဉ်သုံးထူထူကိုလည်း စိုရွှဲ စေပါတယ်။
– မသေချာရင် နာရီဝက်ခန့် လှဲနေပြီး ဆရာဝန်က ဘဲပါးစပ်ပုံ ကိရိယာကို မ ကိုယ်ထဲ ထည့်ကြည့်ပြီး ရေမြွှာရည် တွေ့ရင် ပေါက်မှန်း သိပါပြီ။ Amnicator လို့ ခေါ်တဲ့ နားကျပ်တံလို အတံရှိရင်၊ အဲဒီအတံနဲ့ အရည်ကို ထိကြည့်လို့ အဝါက အမည်း ပြောင်းရင် ရေမြွှာရည်ပါ။
– Ultrasound ရိုက်ကြည့်လို့ ရေမြွှာရည် အရမ်းနည်းနေရင်လည်း ပေါက်သွားပြီလို့ ပြောနိုင်ပါတယ်။
💧ဆိုးကျိုး ဘာရှိလဲ
– အဓိက အန္တရာယ်ကတော့ ရေမြွှာနဲ့ အချင်းကို ပိုးဝင်ပြီး (Chorioamnionitis) ကလေးရဲ့ သွေးထဲ အလွယ်တကူ အလျင်အမြန် ရောက်သွားခြင်းပါ။ ကလေးအတွက် အလွန် အန္တရာယ် ကြီးပါတယ်။ ပေါက်တာ ကြာလေ ပိုး ဝင်နိုင်ခြေ များလေပါ။
– သားအိမ်မှတစ်ဆင့် မိခင်ရဲ့ သွေးထဲပါ ပိုးပြန့်နိုင်လို့ အချိန်မီ ကုသမှုတွေ လိုပါတယ်။
– ကလေးခေါင်း သေချာမစိုက်သေးခင် ပေါက်ရင် ချက်ကြိုး အရင် ထွက်ကျလာနိုင်လို့ (cord prolapse) ကလေး အသက် အန္တရာယ် အလွန်ကြီးနိုင်ပါတယ်။
💧ရေမြွှာ ကြိုပေါက်သွားလျှင် ဘာလုပ်ရလဲ။
– ဆေးရုံသွားပါ။ တောရွာမှာ အိမ်မှာ မွေးမယ်ဆိုရင် သားဖွားဆရာမကို ခေါ်ပြပါ။
– များသောအားဖြင့် ၂၄ နာရီ အတွင်း ဗိုက်စနာလာပြီး မွေးဖွားပါတယ်။
💧ရေမြွှာပေါက်ပြီး ဗိုက်မနာသေးရင် ဆရာဝန်တွေက ဘာလုပ်ပေးမှာလဲ
– ကိုယ်ဝန် စောစောအပ်၊ မှန်မှန်ပြထား၊ မိခင်ရော သန္ဓေသားမှာပါ ဘာ ပြဿနာမှ မရှိခဲ့ဖူးဘူး ဆိုရင် (low risk) ၃၆ ပတ် ကျော်ပြီလား ကြည့်ပါတယ်။
– ၃၆ ပတ် မ ကျော်သေးရင် ပိုးသတ်ဆေး Erythromycin ကို ဆယ်ရက် ပေးထားနိုင်ပါတယ်။ ကလေး အဆုတ် ရင့်ကျက်အောင် မိခင်ကို စတီးရွိုက် ထိုးပေးနိုင်ပါတယ်။
– ၃၆ ပတ်ကျော် တာနဲ့ ရေမြွှာပေါက်ပြီး ၂၄ နာရီ ကျော်လို့ ဗိုက်စမနာသေးရင် ဗိုက်စနာအောင် (သားအိမ်ညှစ်အောင်) Syntocinon ဟော်မုန်း အကြောထဲ အစက်ချ သွင်းပေး သင့်ပါတယ်။ ပေါက်တာ ကြာနေပြီမို့ ပိုးဝင်ခြင်းကို ကာကွယ်ဖို့ ပိုးသတ် အကြောဆေး Penicillin ကိုလည်း ပေးရပါမယ်။
– Australia မှာ ကိုယ်ဝန် ၃၆ ပတ် ရောက်ရင် မ ကိုယ်ထဲမှာ GBS ဆိုတဲ့ပိုး ရှိမရှိ၊ ပိုးမွေး စစ်ဆေးပါတယ်။ ရှိရင် မွေးနေချိန် ပိုးသတ် အကြောဆေး ပေးပါတယ်။ ရေမြွှာ ကြိုပေါက်ရင်၊ ၆ နာရီ အတွင်း ဗိုက်မနာသေးရင် ဆေးသွင်း မွေးပေးပါတယ်။ ၂၄ နာရီ မစောင့်ပါ။ ဒီလို ပိုးမွေးတာမျိုး မြန်မာပြည် နေရာအများစုမှာ မလုပ်သေးဘူး ထင်ပါတယ်။
💧ပိုးဝင် နေကြောင်း ဘယ်လိုသိနိုင်မလဲ
– အဖျား
– နှလုံးခုန်နှုန်းမြန်
– မအီမသာ
– ဗိုက် တောက်လျှောက်နာ (ညှစ်လို့ နာတာနဲ့ မတူ)
– ပုပ်နံ့ရ အရည်ဆင်း
– အစိမ်းရောင် စွန်း အရည်ဆင်း (meconium stained liquor) – ကလေး အောက်စီဂျင် ကောင်းကောင်း မရကြောင်း ပြနေခြင်း
💧ပိုး ဝင်သွားရင် ဘာလုပ်ရမလဲ
– အမြန်ဆုံး မွေးနိုင်အောင် ကြိုးစားရပါမယ် – ဆေးသွင်းမွေးခြင်း (သို့) ခွဲမွေးခြင်းဖြင့်
– မိခင်ကို သုံးမျိုးစပ် ပိုးသတ် အကြောဆေး ပေးရပါတယ်။
– မွေးကင်းစကိုလည်း ပိုးသတ် အကြောဆေး ပေးရပါမယ်။ အနီးကပ် စောင့်ကြပ်မှုတွေ လိုပါတယ်။
💧ဆေးသွင်းမွေးခြင်းမှာ ဆိုးကျိုး ရှိနိုင်လား
– ဆေး အပေးလွန်လို့ သားအိမ် အရမ်းညှစ်ရင် ကလေးလည်း ကြာကြာ မခံနိုင်ပါဘူး။ သားအိမ်ညှစ်တုန်း ကလေးမှာ အောက်စီဂျင် မရလို့ပါ။
– အတိအကျ ပေးဖို့နဲ့ သားအိမ်ညှစ်ပုံ၊ ကလေး နှလုံးခုန်ပုံတွေကို စောင့်ကြပ်ကြည့်ရှုဖို့ အရေးကြီးပါတယ်။
💧ပိုးဝင်နေနိုင်တဲ့ မွေးကင်းစကို ဘယ်လို စောင့်ရှောက်မလဲ
– ကလေး မွေးမွေးချင်း အသက် ကောင်းကောင်း မရှူရင် အသက် ကူရှူပေးရပါမယ်။ Neonatal resuscitation လို့ခေါ်ပါတယ်။ ဒါကို သားဖွားဆရာမတွေ၊ ဆရာဝန်တွေ အမြဲ လေ့ကျင့်နေဖို့ လိုပါတယ်။
– ပိုးသတ်ဆေး ပေးရပါမယ်။ အထူးကြပ်မတ်ဆောင် တင်ဖို့ လိုနိုင်ပါတယ်။
🎯 အရေးပါမှု
💡ငါးနှစ်အောက် ကလေးသေနှုန်း၏ တစ်ဝက်ခန့်က မွေးကင်းစ ပထမတစ်လမှာ သေဆုံးမှုပါ။ ကျန်တဲ့ တစ်ဝက်က တစ်လသားမှ ၆၀ လ (၅နှစ်) သား ကြားမှာ သေဆုံးမှုပါ။
💡ကိုယ်ဝန်ဆောင် ကျန်းမာရေးနဲ့ မွေးကင်းစ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ပေးရင် ငါးနှစ်အောက် ကလေး သေနှုန်း သိသိသာသာ ကျဆင်းလာပါလိမ့်မယ်။
🏆 အချုပ်
✅ ကိုယ်ဝန် စောစောအပ်၊ မှန်မှန်ပြ၊ ဆရာဝန် သားဖွားဆရာမများ၏ အကြံပြုချက်များကို သေချာလိုက်နာပါ။ (Antenatal care)
✅ ရေမြွှာ ကြိုပေါက်ရင် အချိန် အကန့်အသတ်မရှိ စောင့်လို့ မရပါ။ ဆေးသွင်း မွေးပေးဖို့ လိုတတ်ပါတယ်။
✅ သားအိမ်ညှစ်စဉ် သားဖွားဆရာမမှ စောင့်ကြပ်ကြည့်ရှုခြင်း (Intrapartum care) ကောင်းကောင်း လိုပါတယ်။
✅ မွေးကင်းစကို အသက်ကယ်နည်းတွေ ကျွမ်းကျင်စွာ ပြုလုပ်နိုင်အောင် ဆရာဝန်တွေ၊ သားဖွားဆရာမတွေ အမြဲ လေ့ကျင့်နေရပါမယ်။ (Neonatal care)
~~~~~~~~~~~~**~~~~~~~~~~~~
Antenatal care, Intrapartum care, Neonatal care များ တိုးတက်လာပြီး မွေးကင်းစ သေဆုံးနှုန်း ကျဆင်းလာအောင် ကြိုးစားနိုင်ကြပါစေ။
Photo credit to google image
Reference to guidelines from Royal Australian and Newzealand College of Obstetricians and Gynaecologists
ကျော်စန်းလွင်(Child Health Myanmar)