ဆိတ်သားလုံးကြော်

သားသားစားဖို့ဆိတ်သား အမဲသားကို ခုလိုလေးကြော်ပေးပါတယ် အနံ့မွှေးပြီး စားလို့ကောင်းတာမို့ သားသားကြိုက်ပါတယ် အနံ့ပြင်းတဲ့အသားမို့ သေချာဆေးကြောပြီး ဂျင်းရည်နဲ့နှပ်ထားရတာပါ ချက်ရတာတကယ်ကိုမြန်ပါတယ် ကြိတ်စက်နဲ့ကြိတ်ရင်တော့ပိုကောင်းတာပေါ့ နုတ်နုတ်စဉ်းရတာ ကြာတယ်လေ

ဆိတ်သား အမဲသားလို အနံ့ပြင်းတဲ့အသားကိုင်ရင် ပဲမှုန့်အကျက်နဲ့သေချာနယ်ပြီး ၁၀မိနစ်လောက်ထားပါ ပြီးရင်ရေဆေးချပြီး သံပုရာသီးနဲ့ နယ်ကာ ၁၅မိနစ်လောက်ထားပါ ရေပြန်ဆေးချပါ
ဒါဆို အနံ့မကျန်တော့ပါဘူး ဆိတ်သားမကြော်ခင် ဆီထဲကို ဂျင်းပြားလေးတွေထည့်ကြော်ရင် ပိုကောင်းပါတယ်

ဆိတ်သားကို အရွယ်တော်တုံးရင်း အကြောတွေ ရသလောက်ဖယ်ထုတ်ပါ ကြိတ်စက်နဲ့ကြိတ် ဒါမှမဟုတ် နုတ်နုတ်စဉ်းပါ ဂျင်းကိုအရည်ညှစ်ကာ ဆား နနွင်းနယ်ပြီး တနာရီလောက်နှပ်ထားပါ(အိမ်မှာတော့ ဈေးပြန်တည်းက ခုလိုလုပ်ရင်းသိမ်းထားလိုက်ကာ ကြော်မယ့်အချိန်မှ ထုတ်ကြော်ပါတယ်) ပျဉ်းတော်သိမ်ရွက်လေးတွေကို ချွေယူပြီးရေဆေးထားပါ
အိုးထဲဆီပူလာရင် အနေတော်လုံးပြီး ထည့်ကြော်ပါ အဖုံးအုပ်ပြီး မီးအလယ်အလတ်နဲ့ကြော်ပါ ရွှေညိုရောင်သန်းလာရင် ပျဉ်းတော်သိမ်ရွက်လေးတွေ ပေါင်းထည့်ကြော်လိုက်ပါ
အမဲကိုလဲ ခုလိုကြော်လို့ရပါတယ် ကြက်သွန်ဖြူမထည့်ပါဘူး

ဆိတ်သားကြော်မွှေးမွှေးလေးကို သားသားက ဆိတ်ဆိတ် ဆိတ်ဆိတ်လို့ ခေါ်ပါတယ်
မေမေတို့လဲ အလွယ်တကူပြင်ဆင်ပေးနိုင်ပါတယ်ရှင်