ပုံပြောင်း ဖယောင်း

ဖေဖေက ကျနော့်ကို အမြဲ ရိုက်လေ့ရှိတယ်…

ကျနော် သူဖြစ်စေချင်သလို မဖြစ်ရင်ပေါ့။ တစ်ပတ်မှာ တခါ နှစ်ခါတော့ပုံမှန်ပဲ။
ရိုက်ပြီးလို့ နောက်နေ့တွေမှာ ဖေဖေဟာ ကျနော် သိပ်ကြိုက်တဲ့ မုန့် ဝယ်ကျွေးတယ်။ အရုပ်လည်း ဝယ်ပေးတယ်။” သားကို ဖေဖေက ချစ်တယ်… သားကို ရိုက်တာ သားကောင်းစေချင်လို့… သား လမ်းမှန်ရောက်ဖို့”တဲ့။ရိုက်ခံရတိုင်း ရင်ထဲ နာကျင်ဝမ်းနည်း
ပေမယ့် ဖေဖေကကျနော်ကို ချစ်တယ်တဲ့။ ဒါကြောင့် ကျနော် ပျော်တယ်။မေမေက ကျနော့်ကို အော်တယ်… အကျယ်ကြီးပဲ။ မေမေ အလုပ်က ပြန်လာတော့ ကျနော်က ပျော်ပြီးမေမေနဲ့ ဆော့ရတော့မယ် ထင်ထားပေမယ့်… ကျနော် ထမင်း ကုန်အောင်မစားလို့တဲ့… အရုပ်တွေ ဖွထားလို့တဲ့….အိမ်စာမလုပ်လို့တဲ့ အကျယ်ကြီးအော်တယ်…

ကျနော် ဝမ်းနည်းလိုက်တာ…. ကျနော့်အနား ဘယ်သူမှ မရှိသလိုဘဲ အေးစက်နေတယ်… အပြင်မှာမဟုတ်ဘူး…. အေးစက်နေတာ ကျနော့် ရင်ဘတ်ထဲမှာ…. ကျနော် ကြောက်တယ်… ငိုချင်တာပဲသိတယ်…. မေမေက ကျနော်ကို ချစ်ရဲ့လား…?

ဟော… မေမေလာပြီ…

” သား… ရော့ သားကြိုက်တဲ့ အာလူးကြော် မေမေနဲ့ တူတူ စားရအောင်..နော်။ သားက ငိုနေတာလား… သားကို မေမေက ချစ်လို့ ဆူတာ… သားကို မေမေ မအော်ရင် ဘယ်သူ အော်မလဲ… မဟုတ်ဘူးလား… သားကို ကောင်းစေချင်လို့ အော်တာ”…
ဒါက မေမေ အမြဲ ပြောနေကျပေါ့။ #နီတိုးလေးမေမေ

* * *

ကျနော် ရိုက်ခံခဲ့ရ… ဆူခံခဲ့ရလို့ လမ်းမှားကို မရောက်ဘဲ ကျနော် ဒီနေ့ ဒီလိုနေနိုင်တာပါ။ ကျနော်က ဆိုးတယ်လေ။ ဒီနည်းနဲ့ပဲရတာ။ဖေဖေ မေမေ က အဲ့လိုပြောကြတယ်။

ကျနော် ရင်ထဲမှာ အကြောင်းဆုံလာတိုင်း အေးစက်သွားတဲ့ ခံစားချက်တွေ၊ ဒဏ်ရာတွေဟာ ပြန်ပေါ်လာတတ်ပြီး နာကျင်ရပေမယ့်

ချစ်ရင် ရိုက်ရတယ်… အော်ရတယ်…. ဒါလိုပဲ လုပ်ရမှာပဲ….

တခြားနည်း ရှိသလား… ???? ရှိလို့လား….? ကျနော်မသိဘူး…? ကျနော် မသင်ခဲ့ရဘူး…ကျနော် မမြင်ဖူးဘူး….

ယုငယ်
၁၇/၁၁/၂၀၁၇