သားသားမီးမီးလေးတွေမှာဖြစ်တတ်တဲ့ လေနာခြင်းကို ဘယ်လိုသိနိုင်မလဲ

မေမေတို့ရေ သားသားမီးမီးလေး ငိုတာ လေနာတာကြောင့်လား သိဖို့လိုသလို လေနာတဲ့အခါ ဘာတွေ လုပ်ဆောင်ရမယ် ဆိုတာလည်း သိရှိထားဖို့ လိုပါသေးတယ်။

မေမေတို့ရေ မွေးကင်းစ သားသားမီးမီးလေးတွေမှာ ငိုတာအပြင် ခံစားချက်ကို ပြနိုင်တဲ့ တခြားနည်းလမ်းက မရှိပါဘူး။ ဒီလို ငိုတာဟာ သားသားမီးမီးလေးတွေ ပုံမှန်ကြောင့် ငိုတာလည်း ဖြစ်နိုင်သလို လေအောင့်တာ၊ လေနာတာတွေကြောင့်လည်း ငိုတာတွေ ရှိပါတယ်။ သားသားမီးမီးလေး ငိုတာ လေနာတာကြောင့်လား သိဖို့လိုသလို လေနာတဲ့အခါ ဘာတွေ လုပ်ဆောင်ရမယ် ဆိုတာလည်း သိရှိထားဖို့ လိုပါသေးတယ်။ မေမေတို့ရေ သားသားမီးမီးလေးတွေမှာ ဖြစ်တတ်တဲ့ လေနာခြင်းအကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သားသားမီးမီးလေးတွေ ငိုတာက အိအိအဲအဲလောက်တင် မဟုတ်ဘဲ အသည်းအသန် အာခေါင်ခြစ်တဲ့အထိ ငိုနေတာမျိုးဆိုရင် လေနာတာ ဖြစ်နိုင်ပါတယ်။ နို့တိုက်တာတောင် မရဘဲ ချော့မြူမရတဲ့အထိ ငိုနေခြင်း၊ တစ်နေ့ကို (၃) နာရီလောက်ကြာအောင် ငိုနေခြင်း၊ ညတိုင်း အချိန်မှန်မှန် ငိုတာတွေ ရှိနေပြီဆိုရင် လေအောင့်တာ၊ လေနာတာ ဖြစ်နိုင်ပါပြီ။သားသားမီးမီးလေးတွေ ငိုတဲ့အခါမှာ လက်သီးဆုပ်ပြီး အတင်းငိုနေရင်၊ ဗိုက်ကြွက်သားလေးတွေ ညှစ်ပြီး အော်ငိုနေရင်၊ ခပ်ကွေးကွေးလေး နေ နေတယ်ဆိုရင် လေအောင့်တာ၊ လေနာတာတွေ ဖြစ်နိုင်ပါတယ်နော်။

သားသားမီးမီးလေးတွေ လေနာတာကို သက်သာစေဖို့အတွက် ဆေးသောက်တာတွေ လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုတော့ ယူဖို့ လိုပါတယ်နော်။ သားသားမီးမီးလေးတွေမှာ လေနာတာကို လျော့ချပေးနိုင်ဖို့ အစားအစာကျွေးတဲ့အခါမှာ မတ်မတ်လေး ကျွေးပါ။ စောင်လေးနဲ့ ဗိုက်ကြွက်သားတွေကို နွေးနွေးထွေးထွေးလေး ဖြစ်အောင်ထားပါ။ ပေါင်ပေါ်မှာ မှောက်လျက်လေး လေထုတ်ပေးပါ။ သားသားမီးမီးလေးတွေကို နှိပ်နယ်ပေးတာမျိုးနဲ့ ရေနွေးပုလင်းလေး ကပ်ပေးတာမျိုး လုပ်ပေးလို့ ရပါသေးတယ်။ ရေနွေးနဲ့ ရေချိုးပေးတာကလည်း သက်သာစေပါတယ်။

သားသားမီးမီးလေးတွေ လေနာရတာဟာ အစာခြေလမ်းကြောင်းထဲမှာ ရှိသင့်တဲ့ ဘက်တီးရီးယားတွေ လုံလုံလောက်လောက် မရှိတာကြောင့်ပါ။ အကယ်လို့ သားသားမီးမီးလေးတွေမှာ ကလေးက ဝမ်းခဏခဏ သွားနေပြီး သွေးတွေပါ လာခဲ့ရင်၊ အဖျားကြီးလာရင်နဲ့ တအီအီ လုပ်နေရင်တော့ ဆရာဝန် ပြတာ အကောင်းဆုံးပါနော်။