အသေးစားဦးခေါင်းထိခိုက်မိခြင်း —————————-

ကလေးတွေမှာ မတော်တဆဦးခေါင်းထိခိုက်မှုတွေကအမြဲဖြစ်နေတာမို့ ဖြစ်လာခဲ့ရင် ဘာတွေ သတိထားရမယ် ဆိုတာ ပြောပြချင်ပါတယ်။
မည်သည့်အကြောင်းနှင့်မဆို ဦးခေါင်းမတော်တဆထိခိုက်မိတဲ့အခါ ဦးနှောက်နှင့် ဦးခေါင်းခွံ ပြင်းထန်တဲ့လှုပ်ရှားမှု ဖြစ်ပါတယ်။
ဒီလိုထိခိုက်မိတဲ့အခါ ကလေးက သတိလစ်သွားတာမျိုးဖြစ်နိုင်သလို သတိမလစ်ဘဲလည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ သတိမလစ်တတ်ကြပါ။
စိတ်ပူရမလား၊ မပူရဘူးလား ပြောရခက်ပါတယ်။ အထူးသဖြင့် ဆရာဝန်အနီးအနားမရှိသူတွေ ချင့်ချိန်စဉ်းစားနိုင်အောင် အောက်မှာပြောထားတဲ့ အချက်လေးတွေ သိစေချင်ပါတယ်။

၁ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြသင့်လဲ

အောက်ဖော်ပြပါ အခြေအနေတွေရှိမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ ထိုအရာတွေက တခါတလေမှာ ၂၄ နာရီ မှ ၄၈ နာရီထိ သိသာချင်မှ သိသာပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုထိခိုက်မိတယ်၊ ဘယ်လောက်အရှိန်ပြင်းတယ်၊ ပြုတ်ကျတာဆိုရင် ဘယ်လောက်အမြင့်ပျမ်းမျှ စသဖြင့် ဆရာဝန်မေးရင်ဖြေနိုင်အောင်မှတ်ထားပါ။
* လူကြီးမှသတိထားမိနိုင်သော အချက်များ
* ကြောင်စီစီဖြစ်နေခြင်း
* စကားတွေ မေးခွန်းတွေထပ်ခါထပ်ခါပြောနေ မေးနေခြင်း
* ထိခိုက်မှုမဖြစ်ခင် သို့ ဖြစ်ပြီးအကြောင်းအရာများမမှတ်မိခြင်း
* ပြောပုံဆိုပုံ လှုပ်ရှားပုံ ပုံမှန်မဟုတ်ခြင်း
* ဇဝေဇဝါဖြစ်နေခြင်း
* ယိုင်တိယိုင်တိုင်ဖြစ်နေခြင်း

* ကလေးမှ ပြောနိုင်သော အချက်များ
* ခေါင်းမူးခြင်း
* ပင်ပန်းနွမ်းနယ်နေခြင်း
* အလင်းရောင်(သို့)အသံတွေကို မခံနိုင်ခြင်း
* စိတ်ခံစားမှုပုံမှန်မဟုတ်ခြင်း ဥပမာ : မလိုအပ်ဘဲ ဝမ်းနည်းနေခြင်း၊ စိတ်လှုပ်ရှားနေခြင်း

၂ ဘယ်လိုဆိုအရေးပေါ်ဌာနကို ခေါ်သွားသင့်လဲ
* သတိလစ်ခြင်း
* တက်ခြင်း
* ခေါင်းကိုက်ခြင်း
* လည်ဇက်နာခြင်း
* ပျို့ခြင်း အန်ခြင်း
* ရီဝေဝေဖြစ်ပြီး နှိုးရခက်ခြင်း
* လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း
* မျက်စေ့အမြင်ဝေဝါးခြင်း
* မျက်နှာ၊လက်၊ခြေတွေမှာ ကျင်ခြင်း ထုံခြင်း အားပျော့ခြင်း
* စကားကောင်းကောင်းမပြောနိုင်ခြင်း
* နားနှာခေါင်းမှသွေးထွက်ခြင်း သို့ အရည်ကြည်ထွက်ခြင်း
* မျက်လုံးပတ်လည်ညိုမည်းနေခြင်း
* အစာမစားနိုင်ခြင်း

၃ ထိခိုက်မှုဖြစ်ပြီးနောက်ပိုင်း
ပြင်းထန်တဲ့ ဦးခေါင်းထိခိုက်မှု ဖြစ်ပြီးရင် အကောင်းဆုံးက စိတ်ရော လူရော နားနိုင်ရင် ကောင်းပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်တာ၊ အားကစားလုပ်တာ၊ computer ကြည့်တာ၊ video games ကစားတာ၊ စာလုပ်တာတွေ အနည်းဆုံး ၂၄ နာရီလောက် နားသင့်ပါတယ်။ ဆေးရုံဆေးခန်းရောက်ခဲ့တဲ့ ထိခိုက်မှုမျိုးဆို တပတ်လောက်နားသင့်ပါတယ်။ အဲ့ဒါတွေ အားလုံးကို ဖြည်းဖြည်းခြင်း ပြန်လုပ်ခိုင်းရပါမယ်။

ခေါင်းကိုက်တာအတွက်(ဆရာဝန်နဲ့စမ်းသပ်ပြီးပြီဆိုရင်) ပါရာစီတမော တိုက်နိုင်ပါတယ်။
နာတဲ့ ယောင်တဲ့နေရာကို ရေခဲတုံးကို မျက်နှာသုတ်ပဝါအသေးလေးနဲ့ ပတ်ပြီး ကပ်ပေးပါ။
ကလေးဟာ ပုံမှန်ထက်ပိုအိပ်နေနိုင်ပါတယ်၊ ပထမ ၄ နာရီအတွင်းမှာ တနာရီတခါလောက် ကလေးကို ပုံမှန်တို့ထိကြည့်ပြီး တုန့်ပြန်မှုရှိမရှိကြည့်နေပါ။ ပထမ၄ နာရီကျော်သွားရင်တော့ ၂ နာရီကြားတခါနှိုးပြီး အခြေအနေ သုံးသပ်ပါ။

၎ ဘယ်အချိန်ကျောင်းပြန်တက်မလဲ
ပုံမှန်သိပ်မဟုတ်တဲ့ ပြုမူပြောဆိုခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း တွေဟာ ၃ – ၄ ပတ်ကနေ လချီပြီးကြာနိုင်ပါတယ်။ အထူးသဖြင့် အနားမပေးဘဲ အပေါ်က အချက်တွေကို ချက်ခြင်းကြီးပြန်ပေးလုပ်ရင် အဲ့လိုပိုကြာတတ်ပါတယ်။
ကျောင်းကဆရာဆရာမတွေကို ပြောပြထားဖို့ အရေးကြီးပါတယ်၊ ဒါမှလိုသလိုဂရုစိုက်နိုင်မှာပါ။
၂၄ နာရီအနားပေးပြီး ကျောင်းပြန်ပို့လို့ ကလေးကမသက်မသာဖြစ်နေရင် ( တအားနူံး၊ ခေါင်းမူး စသဖြင့်) နည်းနည်းပိုနားဖို့ လိုပါတယ်။
၁ လနေလို့မှ ကျောင်းမှာအဆင်မပြေသေးရင်တော့ ဆရာဝန်ပြန်ပြသင့်ပါတယ်။

၅ အားကစားတခုခု လုပ်တဲ့ကလေး ဘယ်အချိန်ပြန်ကစားမလဲ
ဖြစ်နိုင်ရင် နဂိုပုံမှန်လုံးလုံးဖြစ်မှ ပြန်ကစားတာ အကောင်းဆုံးပါ။ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပါ။

# by သိမ့်သိမ့်ဇော် (Child Health Myanmar Page)

# Reference – Royal Children Hospital, Melbourne, Westmead Children Hospital, Sydney

# Photos – credit to Google