မေမေနဲ့ဆရာမသိစေဖို့ Dyslexia ( ဒစ်လက်စီးယား) ———————————————

ဆရာမရယ် သားကိုအတန်းရှေ့ထွက်ပြီး စာမဖတ်ခိုင်းပါနဲ့။စာဖတ်ရတာ သားအတွက် တကယ်ခက်ခဲလို့ပါ။ ဆရာမစာဖတ်ခိုင်းရင် သားအရင်ကလိုပဲ လည်ချောင်းနာချင်ရောင် ဆောင်နေမှာပါ။ သားခဏခဏ ဗိုက်အောက်। လည်ချောင်းနာချင်ယောင်ဆောင်ပြီး ကျောင်းမသွားတာကလည်း စာရေး। စာဖတ်ခိုင်းမှာ ကြောက်လို့ပါ။

မေမေကပြောတယ်။ ကျွန်တော်ငယ်ငယ်က စကားပြောနောက်ကျတယ်တဲ့။ သူများကလေးတွေ ABCD ကိုအစဉ်အတိုင်း မြန်မြန်နဲ့ မှန်မှန်ရွတ်နေချိန်မှာ ကျွန်တော်ကတော့ စာတွေကိုကြည့်ပြီးဝါးချနေတယ်ဆိုပြီး ဆရာမတွေရော। အိမ်က မာမား ပါပါးရော ချီးကျူးတာခံရပါတယ်။

စာရေး। စာဖတ် တော်ပြီး စကားကိုလည်းသွက်သွက်လက်လက် ပြောတဲ့ အိမ်က အစ်မ လိုအရမ်းဖြစ်ချင်တယ်။ မမကို စာဖတ်တာ တော်လို့ချီးကျူးချိန်မှာ သားကျိတ်ငိုနေတာ ဘယ်သူမှမသိဘူး။ နောက်ပိုင်း မမစာဖတ်। စာရေးရင် ကျွန်တော်ဝင်ဝင်ပြီး နှောင့်ယှက်တော့တာပဲ။ သူ့ကိုကျွန်တော်ချစ်တယ်။ ဒါပေမယ့် သူစာဖတ်ကျွမ်းတာ ကျွန်တော် မနာလိုတော့ဘူး။

ကျွန်တော် ကျောင်းတက်ရတာပျော်ပေမဲ့ စာသင်ချိန်ရောက်ပြီဆို မပျော်တော့ဘူး။ အတန်းထဲက ထွက်ပြေးချင်စိတ်ပေါက်မိတယ်။ ဆရာမ သင်ပြတာတွေနားလည်ပေမဲ့ ချရေးလို့ပြောလိုက်ရင် သားငိုချင်တယ်။ သူများတွေ ၅-မိနစ်အတွင်း ရေးပြီးသွားပေမဲ့ သားကအကြာကြီး နေမှပြီးပါတယ်။ အိမ်ပြန်ရောက်လို့ အမေက စာအုပ်လှန်ကြည့်လိုက်ရင် သားရဲ့မပြီးတပြီး တလွဲရေးထားတာတွေ တွေ့ရတော့တာပဲ။ စာလုံးပေါင်းအရမ်းမှားလို့ မှင်နီတွေပြည့်နေတဲ့ စာအုပ်ကလည်း ကျွန်တော့အတွက်တော့ ရန်သူလိုပါပဲ။ ၄ နဲ့ ၃ ကိုလည်းပထမ ကျွန်တော်သိပ်မကွဲဘူး။ တခါတလေ ယောင်ပြီး စာတွေကို ပြောင်းပြန်တွေရေးမိတယ်။ နေ့တိုင်းအဆူခံထိတယ်ဗျာ။ ဘေးအိမ်က သူငယ်ချင်းရဲ့စာအုပ်ကို သားမေမေ မျက်နှာငယ်လေးနဲ့ နေ့တိုင်း သွားသွားငှားရတယ်။ အိမ်စာနည်းနည်းလေးကိုလည်း အကြာကြီးလုပ်နေလို့ ငပျင်းလို့ ကျောင်းမှာရော। အိမ်မှာပါ အပြောခံရပါတယ်။ တကယ်တော့ ကျွန်တော် မပျင်းပါဘူး။

————————–——————–
အထက်ပါကလေးမှာ စာဖတ်। စာရေးခြင်း ပြဿနာ Dyslexia ဖြစ်နေပါတယ်။ Dyslexia ဆိုတာရောဂါတော့ မဟုတ်ပါဘူး။ အဲဒီအတွက် ကုသပြီး ပျောက်သွားနိုင်တဲ့အခြေအနေ မဟုတ်ဘူး။ အဲဒီအခြေအနေက သူနဲ့အတူ တစ်သက်လုံးရှိနေတော့မှာပါ။ သူတို့ရဲ့ ဦးနှောက်တွေက စာရေးခြင်း နှင့် စာဖတ်ခြင်းတွေမှာ လုပ်ဆောင်ချက်က တစ်မျိုးဖြစ်နေတယ်။ ခက်ခက်ခဲခဲ စာရေး। စာဖတ်ကြရပါတယ်။ သူတို့ဦးနှောက်ထဲမှာတော့ စကားလုံးတွေ အများကြီး ရှိပေမဲ့ အဲဒီစကားလုံးတွေနဲ့ပဲ ရေးထားတဲ့စာကို ဖတ်တဲ့အခါ। ရေးတဲ့အခါ တိုင်ပတ်နေကြတာပါ။ Dyslexia ဟာမျိုးရိုးလိုက်ပြီး ရှိတတ်တယ်။ တယောက်နဲ့တယောက် ပြင်းထန်ပုံကလည်း မတူကြပါဘူး။ ဥာဏ်ရည် ဥာဏ်သွေး နဲ့ မဆိုင်ပါဘူး။ သူတို့မှာ ပုံမှန်ဥာဏ်ရည် ဥာဏ်သွေး ရှိပါတယ်။”Taare Zameen Par” ဆိုတဲ့ အမိရ်ခန်ရဲ့ Bollywood ရုပ်ရှင် မြန်မာစာတန်းထိုးကားလေးကြည့်လိုက်ရင် Dyslexia( ဒစ်လက်စီးယား) ကို သဘောပေါက်လိမ့်မှာပါ။

သူတို့ထဲက တချို့တွေဟာ တနေရာမှာပိုပြီးထူးချွန်တတ်ကြပါတယ်။ Wikipedia အရ အောက်ပါ နာမည်ကြီးသူများတွင် Dyslexia ရှိသည်ဟုဆိုသည်။
-အဘီရှက် ဘချမ်း- ဘောလီဝုဒ်မင်းသား(အမီတာဘချမ်း၏သား)
-တွမ်ခရုစ် ( ဟောလီဝုဒ် ရုပ်ရှင်မင်းသား)
-သောမတ်စ် အက်ဒီဆင်( လျှပ်စစ်မီးသီး တီထွင်ခဲ့သူ)
-စတီဖ် ဂျော့ဘ်( Apple ဖုန်း ဖခင်ကြီး)
-လီကွမ်ယု( စင်ကာပူ၏ ပထမဆုံး ဝန်ကြီးချုပ်)
-လီယိုနာဒို ဒါဗင်ချီ ( ကမ္ဘာကျော် ပန်းချီဆရာ)
များစွာကျန်ပါသေးသည်။

Dyslexic လေးတွေကို သမားရိုးကျ အတိုင်းစာသင်ရင် သူတို့တွေက ကျောင်းတက်ရတာ ပျော်မှာမဟုတ်ပါဘူး။ ကျောင်းကထွက်သွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ သူတို့တွေကို စိတ်ရှည် အချိန်ပေးပြီး မတူတဲ့ သင်ကြားမှုပုံစံတွေနဲ့ သင်ပေးရပါတယ်။ စာဆိုတာ ဖတ်ပြီး
ရေးပြီးမှသာ တတ်တာ မဟုတ်ပါဘူး။ ကြားပြီး မြင်ပြီး လည်း တတ်နိုင်ပါတယ်။

ဆရာ। ဆရာမတို့ ကျောင်းမှာ တနေ့တချိန်ကျရင် dyslexia လေးတွေ တွေ့လာနိုင်ပါတယ်။ ကျွန်တော် လက်ရှိအလုပ်လုပ်နေတဲ့ သြစတြေးလျ ကျောင်းတွေက dyslexia ကလေးတွေအတွက် သင်ပုံသင်နည်းတွေ အမြဲပြင်ဆင်ထားကြပါတယ်။ ရန်ကုန်မှာ စာရေးသူ dyslexia လေးတယောက်ကို အရင်တုန်းကတွေ့ဖူးတယ်။ စာမေးပွဲမှာ သူဘာဖြေဖြေ သူ့ကိုကျောင်းက နောက်တတန်း တင်ပေးလိုက်တာပဲ။

အပေါ်ကပြောသလို dyslexia လေးတွေဟာပြင်းထန်ပုံလည်း မတူကြတာမို့ မိဘ နဲ့ ဆရာတွေ သတိမထားမိလိုက်တဲ့ ကလေးတွေ ရှိနိုင်ပါသည်။ ကလေးတွေကို ညံ့လိုက်တာလို့ သူတို့အရှေ့မှာ မပြောပါနဲ့လို့တောင်းဆိုရင်

မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page )