နုံးခွေ၍ လှုပ်လှုပ်ရှားရှား မလုပ်ချင်သော ကလေးများ

ကလေးတွေဟာ တစ်ခါတစ်ခါ လှုပ်လှုပ်ရှားရှားနေဖို့ ခွန်အားမရှိသလို ဖြစ်နေပြီး လှုပ်ရှားလိုက်ပြီးရင်လည်း နုံးခွေနေတတ်ကြပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေဟာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကျန်းမာရေးထိခိုက်လို့ နုံးခွေသွားတာဖြစ်နိုင်သလို ရောဂါ ဘာမျှမရှိဘဲနဲ့လည်း လှုပ်ရှားချင်စိတ်မရှိတာ ဖြစ်နိုင်ပါတယ်။

ကလေးတွေဟာ ရှစ်နာရီက ဆယ်နာရီလောက်ကြာထိ ညဘက်မှာ အိပ်ထားသင့်ပါတယ်။ အိပ်ရာဝင်ချိန် နောက်ကျလွန်းရင်၊ မရပ်မနား လှုပ်ရှားသွားလာတာ များလွန်းရင် နောက်ရက်တွေမှာ ကလေးဟာ ညှိုးနွမ်းသလို ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ရက်၊ သုံးရက်လောက် အစားကောင်းကောင်း မစားရင်လည်း ကလေးဟာ လန်းဆန်းတက်ကြွမှု မရှိတော့ပါဘူး။ ဒါကြောင့် ရောဂါတစ်ခုခုများ ရှိနေပြီလားလို့ မတွေးခင် ကလေးဟာ အအိပ်၊ အနေ၊ အစား မှန်ကန်ရဲ့လားလို့ အရင်စဉ်းစားရမှာ ဖြစ်ပါတယ်။

#ရောဂါကြောင့် နုံးခွေပြီး လှုပ်လှုပ်ရှားရှား မလုပ်ချင်သော ကလေးများ

သံဓာတ်ချို့တဲ့တာကြောင့် အာဟာရနည်းပါးပြီး သွေးအားနည်းနေတဲ့ ကလေးတွေနဲ့ တခြားသွေးအားနည်းတဲ့ ရောဂါရှိတဲ့ ကလေးတွေဟာ နုံးခွေနေတတ်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ဟီမိုဂလိုဘင်ဓာတ် နည်းပါးနေတဲ့အခါ အောက်စီဂျင်ကို သွေးထဲမှာ သယ်ယူပြီး ထိန်းမထားနိုင်တော့လို့ ခန္ဓာကိုယ်တွင်းမှာ အောက်စီဂျင် မလုံလောက်တဲ့အတွက် ကလေးဟာ နုံးခွေပြီး ငြိမ်ငြိမ်လေးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလေး သွေးအားနည်းနေ၊ မနေဆိုတာ ပထမဆုံး စမ်းသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

အီးဘီဗိုင်းရပ်စ်နဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်ခံထားရတဲ့ ကလေးတချို့မှာလည်း နာတာရှည်နုံးခွေနေနိုင်တဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ရောက်ခဲ့တဲ့ အထောက်အထားတွေကို သွေးထဲမှာ ရှာတွေ့နိုင်ပြီး ကလေးဟာ ပုံမှန်သွက်လက်မှုမရှိဘဲ မှိုင်တွေနုံးခွေနေတတ်ပါတယ်။ ကလေးတီဘီရောဂါဖြစ်တဲ့အခါမှာလည်း အစားအသောက် မစားတာ၊ ညဘက်အိပ်နေတုန်း ချွေးအများကြီးထွက်တာ၊ ကျောပူခေါင်းပူထတာ၊ ချွဲအမြဲကျပ် ချောင်းဆိုးတာတွေအပြင် ကလေးဟာ လှုပ်ရှားမှုနည်းပြီး ငြိမ်နေတာ တွေ့ရပါတယ်။ အသည်းရောင်အသားဝါရောဂါနဲ့ နှလုံးတွင်း ပိုးတွယ်တာလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ လက္ခဏာမှာလည်း ကလေးဟာ နွမ်းလျနေတဲ့ပုံ ဖြစ်နေနိုင်ပါတယ်။

ခန္ဓာကိုယ်အတွင်းမှာ ကြီးမားပြင်းထန်တဲ့ ရောဂါတစ်ခုခုရှိနေရင်လည်း ကလေးဟာ နုံးခွေနေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါနဲ့ အမောဖောက်တဲ့အခါ အသက်ရှူကျပ်ပြီး အဆုတ်ပျက်စီးတဲ့အခါနဲ့ ကျောက်ကပ်ပျက်စီးတဲ့အခါတွေမှာလည်း ကလေးဟာ ငြိမ်ကျသွားပါတယ်။

သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်တော့ရင် အက်ဒရီနယ်ဂလင်းတွေကထုတ်တဲ့ ဟော်မုန်းတွေဟာ နည်းသွားပြီး ကလေးရဲ့ ပုံမှန်လှုပ်ရှားနိုင်မှုကို မနှိုးဆွနိုင်တော့ပါဘူး။ အာဟာရချို့တဲ့တဲ့ ကလေးတွေနဲ့ ကင်ဆာရောဂါဖြစ်တဲ့ ကလေးတွေဟာလည်း မှိုင်တွေနေတတ်ပါတယ်။

အူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းပြီး အစာစုပ်ယူမှုမရှိဘဲ ဝမ်းပျက်၊ ဗိုက်နာတဲ့ ကလေးတွေမှာလည်း ခန္ဓာကိုယ်အတွင်း ဓာတ်ပြောင်းလဲပြီး လုံးဝလှုပ်ရှားချင်စိတ်မရှိတော့ဘဲ နုံးခွေနေတာ တွေ့ရပါတယ်။

တစ်ခါတလေ ကလေးကို တိုက်တဲ့ဆေးတွေထဲမှာ အိပ်ဆေး၊ စိတ်ငြိမ်ဆေးနဲ့ အတက်ကျဆေးတွေပါရင် မူးဝေတတ်တဲ့ဆေးတွေ ပါသွားရင်လည်း ကလေးဟာ ငြိမ်ကျသွားမှာ ဖြစ်ပါတယ်။

ထိပ်ကပ်နာဖြစ်တဲ့ကလေး၊ နှာရည်ယိုကြာလွန်းတဲ့ကလေး၊ ပန်းနာရင်ကျပ်ကြောင့် အသက်ရှူရခက်ခဲတဲ့ ကလေးတွေဟာ ရောဂါထကြွစဉ်ကာလတွေမှာ သိသာစွာ နုံးသွားတတ်တာ တွေ့ရပါတယ်။ အောက်စီဂျင်နည်းလို့ပဲဖြစ်ဖြစ်၊ အသက်ရှူရတာ အားစိုက်ရလို့ပဲဖြစ်ဖြစ်၊ ရောဂါပြင်းထန်မှုကြောင့်ပဲဖြစ်ဖြစ် ဒီလိုနုံးခွေတဲ့ လက္ခဏာကို ဖြစ်စေနိုင်ပါတယ်။

#စိတ်ပိုင်းဆိုင်ရာ ခံစားမှုဝေဒနာများ

ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို လူကြီးတွေက သတိမထားမိတာ ဖြစ်နိုင်ပါတယ်။ ကလေးတွေလည်း စိတ်ထောင်းကိုယ်ကြေ ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။ အလွန်အမင်း စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ တွေ့ကြုံရရင် ကလေးဟာ ငြိမ်သက်သွားပါတယ်။ စိုးရိမ်ပူပန်ကြောင့်ကြစရာ၊ စိတ်လှုပ်ရှားစရာတွေ့ရင်လည်း ကလေးဟာ နောက်ပိုင်းမှာ နုံးခွေသွားတတ်ပါတယ်။

ကလေးတွေဟာ ဖြစ်ချင်တာနဲ့ တကယ်ဖြစ်နေတာ ကွာဟလွန်းပြီး အဲဒီကွာဟချက်ကို ဖြေသိမ့်ဖို့ နည်းလမ်းရှာတွေ့မထားတဲ့အခါ စိတ်ကျရောဂါဖြစ်တဲ့ အခြေအနေတွေမှာ မလှုပ်မရှား နေထိုင်တတ်ကြပါတယ်။ ဒါကြောင့် နုံးခွေပြီး လှုပ်ရှားချင်စိတ်မရှိတဲ့ ကလေးကို ဘာပူပင်သောကရှိနေသလဲ၊ စိတ်ထဲခံစားရတာ ဘာရှိလဲ၊ ကြောက်လန့်စရာ ဘာရှိလဲ၊ ဆုံးရှုံးထိခိုက်တာ ဘာရှိနေလဲ စတာတွေ မေးမြန်းစူးစမ်းလေ့လာဖို့ အရေးကြီးပါတယ်။

#နာတာရှည် နုံးခွေခြင်း လက္ခဏာစုများ

အဲဒီလက္ခဏာစုရဲ့ ထူးခြားချက်တွေကတော့ ဘာအကြောင်းမှ ရှာမတွေ့ဘဲ ခြောက်လကျော်လာတဲ့အထိ အမြဲလိုလို နုံးခွေနေတာ ဖြစ်ပါတယ်။

နေ့စဉ်ပုံမှန် လှုပ်ရှားမှုတွေကို မလုပ်နိုင်တော့တဲ့အထိ ကလေးဟာ အိပ်ရာထဲမှာပဲ ခွေနေတတ်ပါတယ်။ လှုပ်ရှားလို့ မောတာရယ်လို့မဟုတ်ဘဲ အလိုလို လှုပ်ရှားချင်စိတ်မရှိတာ ဖြစ်နိုင်ပါတယ်။

လည်ချောင်း နာတာ၊ လည်ပင်းကျိတ်ရောင်တာ၊ ကြွက်သားတွေ နာကျင်တာ၊ အဆစ်အမြစ်တွေ နာတာ၊ ခေါင်းကိုက်တာ၊ နုံးခွေတာ၊ မှတ်ဥာဏ်အားနည်းတာ၊ အာရုံစူးစိုက်လို့ မရတာတို့ပါတွဲပြီး ရှိတတ်တာ တွေ့ရပါတယ်။

ဒီအကြောင်းအရာတွေကတော့ ကလေးတွေ သွက်လက်ဆော့ကစားလှုပ်ရှားတဲ့ အလုပ်ကနေ သွေဖည်ပြီး မလှုပ်မယှက် နုံးခွေနေရတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကိုကြည့်ပြီး ကလေးမှာရှိတဲ့ ရောဂါလက္ခဏာနဲ့ စိတ်အခြေအနေတွေကို ဖော်ထုတ်နိုင်ပြီး ကုသလိုက်ရင်ဖြင့် ကလေးဟာ ပုံမှန်သွက်လက်စွာ ပြန်လည်ဆော့ကစားလာမှာ ဖြစ်ပါတယ်။

လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ကလေးတွေ အမြဲပျော်ရွှင်လန်းဆန်းတက်ကြွတာကို မိဘတွေမြင်နိုင်စေဖို့ ဂရုပြုကြည့်ရှုရမယ့် အကြောင်းအရာတွေကို ရေးသားလိုက်ရပါတယ်။

ပါမောက္ခ ဒေါက်တာကေသီထွန်းရဲ့ “အနာဂတ်ကြယ်ပွင့်များ၏ မိုးကောင်းကင် ကလေးသူငယ်တို့၏ ကျန်းမာရေး” (ဒုတိယအကြိမ် ပုံနှိပ်ခြင်း) စာအုပ်မှ ဆရာမ၏ခွင့်ပြုချက်ဖြင့် Lebay Baby Diapers မှ ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။

#Lebay