✳️ မွေးကင်းစ ဝက်ခြံ (neonatal acne )

( ကျွန်မရဲ့ မွေးကင်းစကလေး မျက်နှာ/လည်ပင်း/ကိုယ်မှာ အနီစက်တွေ ပေါက်နေလို့)

#neonatal acne
#erythema toxicum neonatorum

♻️အဖြစ်များသည်။ ဘယ်လောက်တောင် အဖြစ်များလည်း ဆိုလျှင် မွေးကင်းစ ၂-ယောက်မှာ ၁-ယောက်ဖြစ်နိုင်သည်။ CHM ရဲ့ message box မှာ ခဏခဏ လာမေးကြသည်။ အများစုက မွေးပြီး ၂-ရက်မှာ စထွက်သည်။ အချို့ကမွေးပြီး ၂-ပတ်လောက်မှာ စဖြစ်သည်။ မျက်နှာမှာ စထွက်ပြီး ကိုယ် လက် ခြေထောက် တို့ကို ပြန့်သွားသည်။ ထူးခြားတာက လက်ဖဝါး। ခြေဖဝါးမှာ မဖြစ်။ အနီ စက်। လုံး। ပြား। ပြည်မွှားသေးသေးလေး များစသဖြင့် ပုံသဏ္ဌာန်မျိုးစုံကို တွေ့ရလိမ့်မည်။ ကလေးက လန်းဆန်းနေကောင်း ပြီး တခြားဘာလက္ခဏာမှ မရှိပါ။ ၄-၅ ရက်နေလျှင် ဝက်ခြံ ထွက်တာ ရပ်သွားလိမ့်မည်။ ထွက်ပြီးထားတဲ့ ဝက်ခြံလေးတွေကလည်း တစ်ရက်အတွင်း ပျောက်သွားမည်။ ပုံမှာပြထားသည်။ တခါတလေ ပျောက်တာ နဲနဲကြာတတ်သည်။ လများအတော်ကြာ မပျောက်ပါက ဆရာဝန်နှင့်ပြပါ။လိမ်းဆေးပေးနိုင်သည်။

♻️ဘာကြောင့်ဖြစ်တာလည်း- မေမေ့သွေးထဲက ပါလာတဲ့ အကြွင်းအကျန် ဟော်မုန်းတွေကြောင့်ပါ။ အဲဒီဟော်မုန်းတွေက ကလေးရဲ့ အရေပြားမှာ ရှိတဲ့ အဆီထုတ်တဲ့ glands တွေကို လှုံဆော်လိုက်တဲ့အခါ အဆီခဲလေးတွေ ဖြစ်ကုန်တာပေါ့။

♻️ကုသရန်- ဘာမှလုပ်စရာမလိုပါ။ ထပ်ပြောပါမည်။ ဘာမှလုပ်စရာမလိုပါ။ ဘာမှလိမ်းစရာ မလိုပါ။ သောက်ဆေးလည်း သောက်စရာမလိုပါ။ သနပ်ခါးလည်း လိမ်းစရာ မလိုပါ။ lotions တွေ cream တွေလည်း လိမ်းစရာမလိုပါ။ မွေးကင်းစကလေး၏ နုနယ်သော အရေပြားကို မလိမ်းသင့်တာ လိမ်းမိလျှင် ဆိုးကျိုးရှိနိုင်သည်။ ကလေးကို ပုံမှန်ဆေးကြောသန့်စင်ပေးရန်တော့လိုသည်။

မေတ္တာဖြင့်
စိုးမိုးကျော်(Child Health Myanmar Page)
Ref: RCH, Dermnet
Photos: RCH, Google
www.childhealthmyanmar.com