ကိုယ်ဝန် အမြန်ဆုံး ရရှိစေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန် မြန်မြန် ရရှိနိုင်ဖို့ လိုက်နာ ဆောင်ရွက်ရမယ့် အချက်(၃) ချက်ပဲ ရှိတယ်နော်။ လုံ့လ၊ ဝိရိယလေး ထားပြီး ကြိုးစားဖို့ပဲ လိုတာပါ။

ဘဝမှာ လိုချင်တာတွေအတွက် အမြဲပဲ ကြိုးစားရမှာပါ။ ဒီလို ကြိုးစားတဲ့အခါမှာလည်း လုံ့လ၊ ဝိရိယ ရှိဖို့ လိုသလို အချိန်ကိုက် ဆောင်ရွက်တတ်ဖို့လည်း အရေးကြီးပါတယ်နော်။ ကိုယ်ဝန်ရဖို့အတွက်လည်း လုံ့လ၊ ဝိရိယ ထားပြီး ကြိုးစားရမှာပါ။ ဒါမှ မြန်မြန် ရရှိမှာနော်။

အချိန်ကိုက်ဆောင်ရွက်တတ်ပါစေ

ဖေဖေလောင်း ဖြစ်ချင်တဲ့သူနဲ့ မေမေလောင်း ဖြစ်ချင်တဲ့ သူတို့ရေ ကိုယ်ဝန်ရရှိဖို့အတွက်တော့ အဓိက အခြေခံ ကျတဲ့ လိင်ဆက်ဆံခြင်းကို ဘယ်လိုမှ ရှောင်ရှားလို့ မရဘူးနော်။ လိင်ဆက်ဆံတဲ့အခါမှာတော့ ကိုယ်ဝန်အတွက် ဦးစားပေးပြီး ဆောင်ရွက်ရတော့မှာပါ။ ကိုယ်ဝန် ရရှိဖို့ အထောက်အကူပြုတဲ့ လိင်ဆက်ဆံတဲ့ ပုံစံလေးတွေ သုံးပေးဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ မမျိုးဥနဲ့ သုတ်ပိုးတွေ ထိတွေ့အောင် အချိန်ကိုက် ဆောင်ရွက်ရမှာပါ။ မမျိုးဥကြွေတဲ့အချိန်ကို အချိန်ကိုက်၊ အချိန်မီ သုတ်ပိုးလေး ထည့်သွင်းပေးနော်။ ဒါဆိုရင် မမျိုးဥလေးကြွေချိန်နဲ့ ဖေဖေလောင်းရဲ့ သုတ်ပိုးလေး အထဲရောက်မှာနဲ့ ကွတ်တိဖြစ်ပြီး ကိုယ်ဝန်ရမှာပါ။

ဟော်မုန်းတွေကို ဂရုစိုက်ပါ

မေမေလောင်း ဖေဖေလောင်းတို့ အနေနဲ့ အပြင်မှာ ကိုင်တွင်မမြင်ရနိုင်တဲ့ ဟော်မုန်းကို ဂရုစိုက်ဖို့ဆိုတာ နည်းနည်းတော့ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဂရုစိုက်ရမှာပါ။ မဟော်မုန်း၊ ကျားဟော်မုန်းတွေ မှန်ကန် ကောင်းမွန်နေမှ မမျိုးဥကြွေတာနဲ့ သုတ်ပိုးအားကောင်းတာ၊ အရည်အသွေးပြည့်မီတာတွေ ဖြစ်မှာပါ။ ဘယ်လို ဂရုစိုက်ရမလဲဆိုတော့ ဆေးလိပ်လျှော့သောက်ပါ၊ အရက်လျှော့သောက်ပါ၊ သန္ဓေတားဆေး ဖြတ်လိုက်ပါ။ အစားအစာတွေ ကောင်းမွန်စွာ စားသောက်ပါ။

သားအိမ် အဆင်သင့်ဖြစ်ပါစေ

မေမေလောင်းတို့ရေ သားအိမ် အဆင့်သင့်ဖြစ်ပါစေဆိုတာ သန္ဓေသားလေး တွယ်ကပ်ချိတ်မှာက သားအိမ်ဖြစ်တာကြောင့်ပါ။ သားအိမ်က ကောင်းကောင်းလက်ခံနိုင်မှ သန္ဓေသားလေးက လွယ်လွယ်ကူကူ တွယ်ကပ်နေနိုင်ပြီး ကိုယ်ဝန် ရရှိမှာပါ။ သားအိမ်အားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပါ။ ဆောင့်ကြောင့် မထိုင်ပါနဲ့။ အစားအစာ ပုံမှန်စားပါ။ ဖောလစ်အက်ဆစ် သောက်ပါ။