ကလေးနှင့် သံဓာတ်၏ အရေးပါမှု

သံဓာတ်က ကလေးအတွက်ဘာလို့အရေးပါတာလည်း?

ခန္ဒာကိုယ်၌စွမ်းအင်ထုတ်လုပ်ဖို့ အောက်ဆီဂျင်လိုသည်။ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတာက သွေးနီဥများဖြစ်၏။ သွေးနီဥများပြုလုပ်ဖို့ သံဓာတ်လိုသည်။

သံဓာတ်ချို့တဲ့ပါက ကလေး၏ဦးနှောက်နှင့်ဥာဏ်ရည်ဖွံဖြိုးမှုကို ထိခိုက်နိုင်သည်။

သံဓာတ်ချို့တဲ့သောကလေးများက မောလွယ်। ခေါင်းကိုက်တတ်၍ အိပ်ကောင်းခြင်းမရှိတတ်ကြ။ အသားရောင်ဖျော့၍ လှုပ်ရှား। ကစားခြင်းကို မမက်မောပေ။

သံဓာတ်သည် ကလေးငယ်၏ရောဂါခုခံအားအတွက်လည်းအရေးပါသည်။

အစားအသောက်ကရသော သံဓာတ်(၂)မျိုး

၁။ အရည်အသွေးမြင့်သံဓာတ် (Haem-Iron)
နီသောအသား (red meat )မှရသည်။ အမဲသား।ဆိတ်သား।သိုးသား।ကြက်।ဝက် စသဖြင့်။ နီရဲလေလေ သံဓာတ်ကြွယ်ဝလေလေ ဖြစ်၏။ ဖြူဖျော့လေလေ သံဓာတ်နည်းလေလေဖြစ်၏။ အဲလောက်သိလျှင် ခန့်မှန်းလို့ရပြီ။ အမဲသားက ကြက်သားထက် သံဓာတ်ပိုပါ၏။ အရည်အသွေးမြင့်သံဓာတ်တို့ကို အူလမ်းကြောင်းက လွယ်လင့်တကူ စုပ်ယူနိုင်၏။

၂။ အရည်အသွေးနိမ့် သံဓာတ်(Non Heam-Iron )
အပင်မှရသည်။ wholegrain breads( wholegrain ပေါင်မုန့်)। ပဲအမျိုးမျိုး। ပဲသီး।သံဓာတ်ထဲ့ထားသော cereal များ စသဖြင့်။ အရည်အသွေးနိမ့်သံဓာတ်တို့ကို အူလမ်းကြောင်းမှ အလွယ်တကူ မစုပ်ယူနိုင်။ အလွယ်တကူ စုပယူနိုင်ရန် ဗီတာမင်-C၏ အကူအညီကိုယူရ၏။ ထို့ကြောင့်အသားမစားသောသူများက အစာစားတိုင်း ဗီတာမင်-C ပါသောအစားအစာများကို အတူတူတွဲစားပေးရသည်။ ဗီတာမင်-စီ ကြွယ်ဝသော အစားအစာများက အရည်ရွှမ်းသော အချဉ်သီးများ। ခရမ်းချဉ်သီး। ကီဝီသီး। ဂေါ်ဖီ ပန်းစိမ်း। ဂေါ်ပီပန်းဖြူစသဖြင့်။
ကြက်ဥမှာပါသော သံဓာတ်ကလည်း အရည်အသွေးနိမ့်၍ ခန္ဒာကိုယ်က အလွယ်တကူစုပ်ယူ၍မရပါ။

ကလေးများက သံဓာတ်အရမ်းလိုအပ်၍ စားသော အဓိကအစာကျွေးချိန်တိုင်းတွင် သံဓာတ်ပါဖို့ လိုအပ်သည်။ ဖြစ်နိုင်လျှင် နံနက်ခင်း। နေ့လယ်ခင်း အစာပြေ အနည်းငယ် စားချိန်တိုင်းတွင်လည်း သံဓာတ်ပါသောအစားအစာကို ရွေးချယ်ကျွေးသင့်သည်။

သံဓာတ်မချို့တဲ့စေရန်
♻️နီသောအသား(red meat ) ကို ၂-ပတ်လျှင် ၆-ကြိမ်အနည်းဆုံကျွေးပါ။

♻️ပေါင်မုန့်ကျွေးလျှင် wholegrain bread ကိုရွေးပါ။ သံဓာတ်များ အပိုအဆောင်းထဲ့ထားသော ပေါင်မုန့်। cereal များကျွေးလျှင် ပိုကောင်း၏။

♻️ဂျုံနှင့်ပတ်သက်သော အစာစားသူများကလည်း wholemeal ဂျုံကိုရွေးပါ။

♻️ပဲသီးမျိုးစုံ। ပဲမျိုးစုံကို အလှည့်ကျ ကျွေးပါ။

♻️အသားမပါသော အစားအစာစားသည့်နေ့တွင် ဗီတာမင်-စီပါသော အစားအစာကို အတူတူကျွေးဖို့ မမေ့ပါနှင့်။ အရည်အသွေးနိမ့် သံဓာတ်များကို အူလမ်းကြောင်းမှ အလွယ်တကူ စုပ်ယူနိုင်ရန်ဖြစ်သည်။ ဗီတာမင်-စီတို့သည် အပူချိန်မြင့်မြင့်ကိုကြာကြာထိလျှင် ပျက်စီးသွားကြ၏။ ဥပမာ- ခရမ်းချဉ်သီးသုပ်တွင် ဗီတာမင် စီပါပေမဲ့ ခရမ်းချဉ်သီးဖြင့် ကျက်ကျက်ကလေးချက်ထားသော ဟင်းတွင်တော့ ဗီတာမင်စီများ ပါချင်မှပါတော့ပါမယ်။

♻️အချို့အသီးခြောက်များတွင် သံဓာတ်ပါသည်။ ဥပမာ- စွံပလွံသီး। စပျစ်ခြောက်। apricot ခြောက်। sultanas စသဖြင့်။

♻️သန်ရှိသောကလေးကလည်း သံဓာတ်ချို့တဲ့နိုင်၍ ၆-လ တစ်ကြိမ် သန်မှန်မှန်ချပေးပါ။

♻️တိုက်သော ကလေးအားဆေးထဲတွင် သံဓာတ် နှင့် ဗီတာမင်-စီထဲ့ထားလျှင်လည်းကောင်းပါသည်။

♻️အသက် ၁-နှစ်အထက်ကလေးများကို နွားနို့စတိုက်နိုင်၍ တစ်ရက် ၅၀၀-ml ထက်မပိုပါနဲ့။ ပိုပါက သံဓာတ်ချို့တဲ့နိုင်သည်။

မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page )
Ref: NSW Health, Australia
Photos: Google
www.childhealthmyanmar.com