သားအိမ်ပြင်ပသန္ဓေတည်ခြင်း

ကိုယ်ဝန်အစောပိုင်း မိခင်သေဆုံးမှု ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သားအိမ်ပြင်ပသန္ဓေ ဖြစ်နေမှန်းမသိပဲ အချိန်လွန်မှသိမယ်

 သားအိမ်ပြင်ပသန္ဓေတည်တယ်ဆိုတာ  ပုံမှန်ကိုယ်ဝန်တည်ရမယ့် သားအိမ်အတွင်းပိုင်းနေရာမှာမဟုတ်ပဲ သားအိမ်ပြင်ပ/ ဝမ်းဗိုက်နေရာအမျိုးမျိုးမှာ သန္ဓေတည်တာကို ခေါ်ပါတယ်။ ဒီလို သားအိမ်ပြင်ပသန္ဓေတည်ခြင်း အကြောင်းအရာကို မေမေတို့ သိရှိရအောင်လို့ Kalay မှတဆင့် ဒေါက်တာချစ်ကောင်းရဲ့ ဖော်ပြထားတာတွေကို တစ်ဆင့်ပြန်လည် ဝေမျှ လိုက်ရပါတယ်နော်။

ဘယ်နေရာတွေမှာတည်တတ်လဲ?

သားဥပြွန်တလျောက်မှာ တည်တာက အများဆုံး ဖြစ်ပြီး (97.5%)ကျော် ထိအဖြစ်များပါတယ်။ ဝမ်းတွင်းအခြားနေရာတွေမှာ(1.5%) သားဥအိမ်နဲ့သားအိမ်ခေါင်းမှာ(1%)ခန့်ဖြစ်တတ်ဖြစ်နိုင်ပါတယ်။

ဘယ်လိုအခြေနေဆိုအသက်အန္တရာယ်ဖြစ်နိုင်ပါလဲ

ကိုယ်ဝန်အစောပိုင်း မိခင်သေဆုံးမှု ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သားအိမ်ပြင်ပသန္ဓေ ဖြစ်နေမှန်းမသိပဲ အချိန်လွန်မှသိမယ်။ သားဥပြွန်လိုကိုယ်ဝန်တည်ရာနေရာတွေ တင်းကားပေါက်ထွက် မယ်။ ဗိုက်ခေါင်းထဲ သွေးယိုစိမ့်မှုဖြစ်မယ် ဆိုရင် မိနစ်ပိုင်းအတွင်းအသက်အန္တရာယ် ဖြစ်နိုင်တဲ့အခြေနေဖြစ်ပါတယ်။ ဒီလိုအခြေနေမှာ အရေးပေါ်ခွဲစိပ်ကုသမှု၊ သွေးသွင်းကုသမှု အခြားလိုအပ်တဲ့ ကုသစောင့်မှုစတာတွေ မလုပ်နိုင်ခဲ့ရင် အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေနေတွေလည်းဖြစ်ပါတယ်။

ဘယ်လိုအခြနေမှာ သားအိမ်ပြင်ပ သန္ဓေရှိမှန်းသိနိုင်မလဲ

အများအားဖြင့် ကိုယ်ဝန် စရှိကာစ ရှိလို့ရှိမှန်းမသိသေးချိန်မှာ ဘာမှထူးထူးခြားခြားမခံစားရပဲ ရှိနိုင်ပါတယ်။ ကိုယ်ဝန်တစ်လခွဲအရွယ်လောက်မှာတော့ ဒုက္ခပေးနိုင်တဲ့အရွယ်ကိုရောက်လာတာဖြစ်ပါတယ်။ ဒီချိန်ထိ ကိုယ်ဝန်ရှိလို့ရှိမှန်းမသိသေးသူတွေ မြန်မာပြည်မှာ အများအပြားရှိနေပါသေးတယ်။ ကိုယ်ဝန်ရှိမရှိ ဂရုစိုက်သတိထားကြည့်တဲ့သူ အနည်းငယ်ကတော့ ဆီးစစ်ရင် ကိုယ်ဝန်ရှိကြောင်းပြလို့ ကိုယ်ဝန်ရှိနေတယ်လို့ပဲ အကြမ်းဖျင်းသိကြတာများပါတယ်။ ဒီအချိန်မှာ တီဗွီဓာတ်မှန် (Ultrasound)လည်း ရိုက်ကြည့်ဖို့ စိတ်ကူးမရကြသေးသူ ဗိုက်မအပ်ရသေးသူတွေကများပါတယ်။ ဓမ္မတာပေါ်ရက်ကိုကျော်လာတဲ့နောက် တစ်လအတွင်း ဆီးစစ်တာအပြင် ကိုယ်ဝန်ရှိကြောင်းပြပါက အာထရာဆောင်းရိုက်ကြည့်ရင် ပုံမှန်ကိုယ်ဝန်လား နေရာလွဲနေတဲ့ သားအိမ်ပြင်ပ ကိုယ်ဝန်လားဆိုတာ ဘာလက္ခဏာမှ မပြခင်ကတည်းက သိနိုင်ပါပြီ။ ကိုယ်ဝန်အစောပိုင်း ဝမ်းဗိုက်အောက်ပိုင်းက နာတာနဲ့ သွေးစအနည်းငယ် ဆင်းတတ်တာက လူနာအတော်များများစကြုံရတဲ့လက္ခဏာပါ။ ဒါပေမယ့် လူနားအများစုက အန္တရာယ် လက္ခဏာတွေစပြလာတော့မှ သတိထားမိတတ်ကြပါတယ်။

အန္တရာယ်လက္ခဏာတွေကတော့

 

  • သားအိမ်ပြင်ပသန္ဓေတည်တဲ့ဘက် / ဆီးစပ် / ဗိုက်အောက်ပိုင်း ဘေးတစ်ဘက်ဘက်က နာမယ်
  • စမ်းကြည့်ရင်လည်းနာမယ် (tenderness /Rebound tenderness)
  • ရင်ညွန့်မှာမအီမသာဖြစ်မယ်။ ပုခုံးထိပ်တွေ နာလာတတ်တယ်။
  • ကိုယ်ဝန်ရဲ့ပုံမှန်လက္ခဏာတွေအပြင် ရင်တုန်မယ်။ မူးမယ်။ ဖြူဖပ်ဖြူရော်ဖြစ်လာမယ်။ (ဒီလိုအခြေနေဆို ဝမ်းခေါင်းထဲသွေးယိုစိမ့်မှု တော်တော် များနေပါပြီ) (သွေးပေါင်အလွန်ကျသွားရင်)သတိပါလစ်နိုင်သေးတယ်။ နောက်ဆုံးအသက်ပါအန္တရာယ်ဖြစ်သွားနိုင်ပါတယ်။
    ဒါက လူနာဘက်က ခံစားသိရှိနိုင်တဲ့လက္ခဏာတွေဖြစ်ပါတယ်။

ဆရာဝန်နဲ့တွေ့တဲ့အခါ

  •  ဓမ္မတာရက်ကျော်နေတာ ရှိမရှိ မေးမယ်(အဖြေကအမျိုးမျိုးဖြစ်နိုင်ပါတယ်)
  • ကိုယ်ဝန်ရှိမရှိဆီးစစ်ကြည့်မယ်။ခေတ်မီတဲ့နေရာဆေးရုံတွေမှာ သွေးကနေလည်း ကိုယ်ဝန်ဆောင်ဟော်မုန်းတစ်မျိုး(beta hCG) ကိုစစ်နိုင်တယ်။ ပိုတိကျတယ်။ အန္တရာယ်လက္ခဏာမရှိသေးချိန်မှာ/ ရောဂါသတ်မှတ်လို့မရသေးချိန်မှာ အချိန်ပိုင်းအလိုက်သွေးကစစ်ရတာ လည်း ရှိတယ်။
  • တကိုယ်လုံးရဲ့ ယေဘုယျအခြေနေနဲ့အရေးကြီး တဲ့ သွေးပေါင်ချိန် သွေးခုန်နှုန်း အသက်ရှုနှုန်း စတာတွေကိုကြည့်မယ် အဆုတ်နဲ့ နှလုံးကို အခြေနေကြည့်မယ်။ ပြီးရင် ဗိုက်စမ်းကြည့်တဲ့ အခါ ထိတာနဲ့နာတာကိုတွေ့ရနိုင်တယ်။ အစမ်းမခံနိုင်အောင်နာတတ်တယ်။ အလုံးအကျိတ်တစ်ခုအနေနဲ့တော့ မတွေ့တဲ့သူက များတယ်။
  • ဝမ်းခေါင်းထဲသွေးယိုနေခဲ့ရင် လက္ခဏာအဖြစ် ဗိုက်ခေါင်းထဲ အရည်တမျိုးရှိနေတာကိုတွေ့ရနိုင်တယ်။
  • POD Puncture ဆိုတဲ့နည်းနဲ့လည်းဝမ်းခေါင်းထဲရှိနေတဲ့အရည်ရဲ့သဘာဝကိုစစ်ဆေးနိုင်တယ်။
  • USG (Ultradound) ရိုက်ကြည့်နိုင်တယ်။ အာထရာဆောင်းမှာသားအိမ်အတွင်းသန္ဓေသားမတွေ့ရဘဲ သားအိမ်ပြင်ပနေရာတစ်ခုခုမှာ ကိုယ်ဝန်ရှိနေတဲ့ပုံကိုတွေ့နိုင်သလို ဝမ်းတွင်းသွေးယိုစိမ့်မှု ရှိမရှိကိုလည်းသိနိုင်တယ်။
  • ဘာကြောင့်ဖြစ်ရတာလဲ?

    ပုံမှန်သန္ဓေတည်ခြင်းဖြစ်စဉ်မှာ မမျိုးဥနဲ့ ဖိုမျိုးဥဟာသားဥပြွန်အတွင်းမှာတွေ့ဆုံပြီး သန္ဓေအောင်ခြင်း(Fertilization) ဆိုတဲ့အဆင့် ရောက်တယ်။ အဲ့ဒီနောက် (၆)ရက်ခန့်အကြာမှာ သန္ဓေအောင်ထားတဲ့သားလောင်းဟာ သားအိမ်အတွင်းပိုင်းကို ဝင်ရောက် အမြစ်တွယ် (In plantation) ပြီးဆက်လက်ကြီးထွားလာရတာဖြစ်ပါတယ်။

    သးအိမ်ပြင်ပ သန္ဓေ တည်ခြင်းမှာတော့ သန္ဓေအောင်ပြီးသား သန္ဓေသားလောင်းလေးဟာ သားအိမ်အတွင်းဝင်ရောက် ကုပ်တွယ်ခြင်းမပြုနိုင်အောင် သားဥပြွန်မှာ ချို့ယွင်းချက်ရှိနေလို့ သားဥပြွန်ထဲမှာပဲ သန္ဓေသားဟာဆက်လက်ကြီးထွားတယ်။ သားဥပြွန်ဟာ သားအိမ်လို သန္ဓေသားကြီးထွားတဲ့ဒဏ်ကိုမခံနိုင်တဲ့ သေးငယ်တဲ့ အင်္ဂါတစ်ခုဖြစ်တယ်။ ဒါကြောင့် အချိန်နဲ့အမျှ ကြီးထွားလာတဲ့သန္ဓေသားကြောင့် ဖောင်းကားတင်းပြည့်လာတဲ့နောက်ဆုံး ပေါက်ထွက်ကာသွေးယိုစီးမှုပါဖြစ်လာတာမျိုးဖြစ်ပါတယ်။ တခြားနေရာတွေမှာ (သားဥအိမ် အူထိန်းမြှေး အူဖုံးမြှေး စတဲ့ နေရာတွေမှာ သန္ဓေတည်ရင်လည်း အလားတူဖြစ်စဉ်ကြောင့် အသက်ကိုရန်ရှာနိုင်တဲ့အခြေနေမျိုးဖြစ်လာတာပါပဲ။

     ရောဂါဖြစ်စေတဲ့ အခြေခံအကြောင်းရင်းတွေက

    အဖြစ်အများဆုံးအမျိုးအစားဟာသားဥပြွန်သန္ဓေတည်တာဖြစ်သလို အဖြစ်စေဆုံး အကြောင်းရင်းကလည်း သားဥပြွန် ရဲ့ ပုံမှန်ဖွဲ့စည်းပုံ ပုံမှန်လှုပ်ရှားမှု စတာတွေကို ချို့ယွင်းစေတဲ့ အခြေနေတွေပဲဖြစ်ပါတယ်။

    1. အရင်က သားဥပြွန်သန္ဓေတည်ဖူးသူတွေမှာပြန်ဖြစ်နိုင်တယ်။ (7-15%)
    2. သားဥပြွန် ယောင်ယမ်းခြင်း(Salpingitis)(40% =အများဆုံးဖြစ်စေတဲ့အကြောင်ရင်း)
    3. မျိုးပွားအင်္ဂါတွေယောင်ယမ်းစေတဲ့ပိုးမွှားများကူးစက်ခံရမှု (အဓိက – Chlamydia)
    4. သားဥပြွန်နှင့်ဆိုင်ရာ ခွဲစိပ်ကုသမှုများ
    5. သားကြောဖြတ်ရာမှာမအောင်မြင်မှု (သို့မဟုတ်) သားကြောပြန်ဆက်ရန်ခွဲစိပ်မှုများ
    6. ဓမ္မတာသွေးလုံးနှင့် သက်ဆိုင်သောရောဂါများ.( Endometriosis)
    7. ဆေးလိပ်သောက်ခြင်း (ကိုယ်ဝန် စရှိတဲ့အချိန်မှာသောက်ရင်ပိုဖြစ်နိုင်တယ်)
    8. သန္ဓေတားနည်းတွေထဲက Progesterone ပါဝင်သောသားဝေးပစ္စည်းသုံးစွဲမှု နှင့် အခြားသားဝေးပစ္စည်းထည့်သွင်းသုံးစွဲမှုများ
    9. သန္ဓေတားဆေးတွေထဲမှာ progestigen ပါဝင်တဲ့ ဆေးများ– စတာတွေဟာ အဓိက အခြေခံ အကြောင်းတရားတွေဖြစ်ပါတယ်။

    ဘယ်လိုကုသမှုတွေလိုအပ်လေ့ရှိပါလဲ

    လူနာရဲ့အခြေနေနဲ့ ရောဂါအခြေနေပေါ်မှာအများကြီးမူတည်ပါတယ်။ ယေဘုယျအားဖြင့်တော့ Cytotoxic drug လို့ခေါ်တဲ့ဆေးတွေသုံးပြီး သားအိမ်ပြင်ပသန္ဓေကိုသေးငယ်ပျောက်ကင်းသွားအောင်လုပ်တဲ့နည်း၊ မှန်ပြောင်းနဲ့ခွဲစိတ်ကုသမှုနည်း၊ ဗိုက်ခွဲပြီးရောဂါဖြစ်တဲ့နေရာကို ဖယ်ရှားပြင်ဆင်မှု ဖြတ်တောက်မှု စသဖြင့် အဓိက ကုသမှုနည်းလမ်းတွေရှိပါတယ်။ လူနာရဲ့အခြေနေအရ သွေးသွင်းကုသရမှု အရေးပေါ်စောင့်ရှောက်မှု တွေလည်းလိုအပ်တတ်ပါတယ်။ လူနာအများစုကအရေးပေါ်အန္တရာယ်ရှိသော အခြေနေရောက်မှ သိကြတာများတဲ့အတွက် အခြားကုသနည်းတွေထက်စာရင် ရောဂါဖြစ်တဲ့နေရာကို အရေးပေါ် ခွဲစိတ်ဖြတ်တောက် ကုသမှုခံကြရတာများပါတယ်။လူနာတိုင်းနီးပါး သွေးသွင်းကုသမှုပါခံယူရမယ့်အခြေနေရောက်မှ ဆေးရုံရောက်လာတတ်ကြလို့ပဲဖြစ်ပါတယ်။ စောစောသိမယ်၊ လူနာကို ဒုက္ခမပေးနိုင်မယ့် အရွယ်အစားအခြေနေလည်းဖြစ်မယ်ဆိုရင်တော့ သားဥပြွန်ကိုဖြတ်ထုတ်ကုသရတာမျိုးတွေကိုရှောင်လွှဲကုသနိုင်မယ့် အခြားနည်းလမ်းတွေလည်းသုံးကောင်းသုံးနိုင်မှာဖြစ်ပါတယ်။

    အခြားသိသင့်တာလေးတွေ

    သားအိမ်ပြင်ပသန္ဓေတည်ခြင်း(Ectopic Pregnancy)ဟာ အန္တရာယ်ကြီးသလို အဖြစ်လည်းမနည်းတဲ့ အခြေနေတစ်ခုဖြစ်ပါတယ်။ဒုက္ခမပေးခင် ကြိုတင်သိရှိနိုင်အောင် သတိထား သတိပြုသင့်ပါတယ်။ လုပ်သင့်တာတွေကတော့-

    • Ectopic Pregnancy ဖြစ်လာစေနိုင်တဲ့ အခြေခံ အကြောင်းရင်း Risk Factors တွေကို ရှောင်နိုင်သမျှရှောင်ပါ။ သတိထားပါ။ ဖြစ်လာရင် လည်းလိုအပ်သလို ထိရောက်စွာကုသထားပါ။
    • Ectopic Pregnancy ဖြစ်လာခဲ့ရင်လည်းအန္တရာယ်မပေးခင် ကကြိုသိနိုင်အောင် ဓမ္မတာစက်ဝန်း ကိုမှတ်တမ်းထားပါ။
    • ကိုယ်ဝန်ရဖို့ကြိုးစားနေချိန် /ကိုယ်ဝန်ရနိုင်တဲ့အခြေနေမျိုးမှာဓမ္မတာပေါ်ရမယ့်ရက် ကိုကျော်တာနဲ့ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်ပါ။
    • ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ( ဓမ္မတာကျော်ပြီးရှိ မရှိမသေချာသေးရင်လည်း) တတ်နိုင်သမျှစောစီးစွာ Ultrasound (အာလ်ထရာဆောင်း)ရိုက်ထားပါ။
    • ကိုယ်ဝန်ရှိကာစမှာဖြစ်တတ်တဲ့ ဆီးစပ်နဲ့ ဗိုက်အောက်ပိုင်းနာကျင်မှုတွေကို မပေါ့ဆဘဲ ကျွမ်းကျင်သူနဲ့တိုင်ပင် ပြသ ပြီးကုသမှုခံယူပါ။

     

    Credit: Dr. Chit Kaung