ကလေး သွားနဲ့ ခံတွင်းနဲ့ပတ်သက်ပြီး မေမေတွေ သိချင်နေတဲ့ အချက်တွေ – ၁

ကလေးသွားဖွဲ့စည်းပုံ
ကလေးတွေကအများအားဖြင့် အသက် ၆ လလောက်မှာ သွားစပေါက်တတ်ပြီး ၂နှစ်ခွဲလောက်ဆို သွားပေါက်တဲ့ဖြစ်စဉ် ပြီးဆုံးသွားပါပြီ။
ဒါပေမယ့် အခုကလေးတော်တော်များများမှာတော့ ၆ လမတိုင်ခင် စောပြီးသွားပေါက်ကြတာကို တွေ့ရပါတယ်။ တချို့ကျတော့ လည်း ၈ လလောက်မှ ပေါက်တတ်ပါတယ်။
ကလေးတွေရဲ့သွားက အပေါ်မှာ ၁၀ ချောင်း အောက်မှာ ၁၀ ချောင်းစုစုပေါင်း အချောင်း ၂၀ ရှိပါတယ်။

ကလေးသွားနဲ့ခံတွင်းကို ဘယ်အချိန်ကစပြီး ထိန်းသိမ်းပေးရမလဲ
သွားမပေါက်သေးပင်မယ့် ကလေးသွားဖုံးကို ရက်သားအရွယ်ကစပြီး ထိန်းသိမ်းပေးရပါမယ်။ ဘယ်လိုမျိုးထိန်းသိမ်းပေးရမလဲဆိုတော့ ပိုးသတ်ထားတဲ့ ဂွမ်းကိုသုံးပြီး ကလေးရဲ့သွားဖုံးကို ညင်ညင်သာသာနဲ့ ပွတ်ပေးရပါမယ်။
တစ်နေ့ကို အနည်းဆုံးတစ်ကြိမ်လောက်ပွတ်ပေးရပါမယ်။ ကလေးနို့တိုက်ပြီးအချိန်နဲ့ ညအိပ်ခါနီးအချိန်မှာ လုပ်ပေးသင့်ပါတယ်။ အဲလိုလုပ်ပေးခြင်းအားဖြင့် ကလေးရဲ့ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို သန့်ရှင်းပြီးသား ဖြစ်သွားပါမယ်။

ကလေးသွားကို ဘယ်အချိန်ကနေစပြီး တိုက်ရမလဲ
ကလေးသွားစပေါက်တဲ့အချိန်ကစပြီး တိုက်ရပါမယ်။ သွားအများကြီးပေါက်တော့မှ တိုက်ပေးရမယ်ဆိုတဲ့ အယူအဆက မဟုတ်ပါဘူး။ သွားတိုက်တံကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ
၁။ ပျော့ပျောင်းရပါမယ်
၂။ သွားတိုက်တံ ထိပ်ဖျားက သေးရပါမယ် (ဒါမှ ကလေးပါးစပ်နဲ့ဆန့်မှာဖြစ်ပါတယ်)
၃။ လက်ကိုင်က အနည်းငယ်ကြီးရပါမယ် (ဒါမှသာ ကလေးကိုင်တဲ့အခါ မြဲမြန်စွာကိုင်တွယ်နိုင်မှာဖြစ်ပါတယ်)
ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်တံမျိုးကို ရွေးချယ်အသုံးပြုပါ။