အမေတွေ သိသင့်တဲ့ မေးခွန်းရဲ့ အဖြေများ

Q – ကလေးငယ် ဝမ်းသွားတဲ့အခါ သွေးပါမယ်ဆိုရင် ဘာလုပ်သင့်ပါသလဲရှင့်။
A – ကလေးငယ်များ ဝမ်းသွားရင် သွေးပါနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။
-ဝမ်းသွားပြီး ချွဲနှင့်သွေးပါလျှင် ဝမ်းကိုက်ခြင်း ဖြစ်တာကြောင့် တတ်ကျွမ်းသော ကလေးဆရာဝန် တစ်ယောက် နှင့်ပြပါ။ ဆေးမြီးတိုနှင့် မကုရ။
-ဝမ်းပျက် ဝမ်းသွားနေရာမှာ ဝမ်းတွင်းသွေးပါလာမယ် (red current jelly) jelly တုံးမျိုးသွေးပါလာပါက အူတစ်ခုထဲတစ်ခု ကျွံဝင်သွားခြင်း (Intussusception) ဖြစ်၍ ဆေးရုံသို့ အမြန်သွားမှ ကယ်နိုင်ပါမယ်။ ဒီကလေးမျိုး အန်လာတယ်။ ဗိုက်ဖောင်းလာနိုင်ပါတယ်။ အသက် ၆ လ ပတ်ဝန်းကျင်မှာ အဖြစ်များပြီး ဆောင်းတွင်းအခါ အဖြစ်များပါတယ်။
-ဝမ်းသွားတဲ့အခါ သွေးတွေဝမ်းနှင့် မရောဘဲ သီးသန့်ထွက်ပါက Rectal Polyp ခေါ်စအိုထဲ၌ မွေးရာပါ အသားပိုလုံးရှိလျှင် ထွက်လာတတ်ပါတယ်။ ကလေးများမှာ လိပ်ခေါင်းရောဂါ ဖြစ်ခဲပါတယ်။ ကလေးခွဲစိတ်ဆရာဝန်နှင့် ပြသဆွေးနွေးသင့်ပါတယ်။

Q – ကျွန်မရဲ့ကလေးအိပ်ချိန်များ နေတာဟာ ဘာကြောင့်ပါလဲ။
A – ငယ်သောကလေးများ အိပ်ချိန်များခြင်းဟာ သဘာဝပါပဲ။ ကလေးတစ်ယောက်ဟာ အနည်းဆုံး ၈ နာရီမှ ၁၂ နာရီအိပ်ရပါမယ်။ (နေ့လည်အိပ်ချိန် အပါအဝင်)

Q – ကလေးငယ်အတွက် ဘယ်အချိန်ဟာ ဖြည့်စွက်စာကျွေးဖို့ အသင့်လျော်ဆုံးပါလဲ။
A – ၆ လ အရွယ်ကလေးများ ဖြည့်စွက်စာကျွေးဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ထိုအချိန်ကျမှ ထမင်းစတဲ့ ကစီဓာတ်ကိုချေဖို့ Enzyme များကလေးမှာ ဖြစ်လာပါတယ်။

Q – ကျွန်မရဲ့ ကလေးဟာ ဝမ်းခဏခဏ ချုပ်တတ်ပါတယ်။ ဘယ်လိုလုပ်ရပါမလဲ။
A – မိခင်နို့တိုက်တဲ့ ကလေးများဟာ ဝမ်းပျော့ပျော့ သွားတတ်ပါတယ်။ မိခင်နို့တွင် ရေအများကြီးပါပါတယ်။ မိခင်နို့တိုက်လျက် ဝမ်းချုပ်လျှင် မိခင်၏ အစားအသောက်ကို နည်းနည်းပြောင်း၍ စားပါ။ ဥပမာ– မိခင်သည် ကင်ပွန်းချည်ရည်ဟင်း စားပါ။ အသီးအနှံစားပါ။ အရည်များများသောက်ပါ။

Q – ကလေးငယ်တွေကို သူ့ဘာသာသူ အပေါ့အပါး သွားတတ်အောင် ဘယ်အရွယ်မှာ လေ့ကျင့်ပေးရပါမလဲ။
A – သုံးနှစ်ပြည့်ပြီးမှ လေ့ကျင့်ပေးပါ။ စောပြီးလေ့ကျင့်ပေးပါက ကလေးစိတ်အနှောင့်အယှက်ဖြစ်ပြီး အခက်အခဲ ဖြစ်တတ်ပါတယ်။

Q – မွေးပြီးဘယ်နှစ် ရက်လောက်မှာ ကလေးကို ရေချိုးပေးရပါမလဲရှင့်။
A – ကလေးချက်ကြွေပြီးမှ ရေချိုးသင့်ပါတယ်။

Q – အလုပ်လုပ်တဲ့ မိခင်တွေဟာ ကလေးတွေကို ဘယ်လိုနို့တိုက်ရပါမလဲ။
A – မိခင်အလုပ် မသွားခင်နှင့် အလုပ်ကပြန်လာချိန်၊ ညအချိန်တွေမှာ နို့တိုက်နိုင်ပါတယ်။ မိခင်နို့ကို ညှစ်ပြီး သန့်ရှင်းစွာ ထည့်ထားပါက ၆ နာရီ၊ ၈ နာရီထားလို့ရပါတယ်။ မိခင်အလုပ်သွားချိန်မှာ ညှစ်ထားတဲ့နို့ကို တိုက်လို့ရပါတယ်။

Q – ကလေးငယ်ချက်စူလျှင် ဘယ်လိုပြုပြင်မလဲ။
A – ချက်စူနေလျှင် ဘာမှမလုပ်ပါနှင့်။ ကလေးမှောက်တတ်လျှင် အလိုလိုကောင်းသွားပါတယ်။ ၈ လ၊ ၉ လ မကောင်းလျှင်၊ ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ပါ။ ကျပ်ပြားတို့နှင့် စည်းကျပ်ထားခြင်းမလုပ်ရ။ အနာဖြစ်တတ်ပါတယ်။ အော်လျှင်၊ ငိုလျှင်၊ ချောင်းဆိုးလျှင် ပိုစူတတ်တာကြောင့် လက်ဖဝါးနဲ့ ခဏဖိထားပါ။

Q – ကျွန်မရဲ့ကလေးဟာ အဖျားအနည်းငယ်ရှိပြီး သူ့ရဲ့နားကို တစ်ချိန်လုံး ကုတ်နေပါတယ်။ ဘာဖြစ်လို့ပါလဲ။
A – နားကုတ်တယ်ဆိုတာက နားယားလို့ပဲ ဖြစ်မှာပါ။ ကလေးကို ရေချိုးပေးရင် နားအနောက်ကို ပွတ်တိုက်ဆေးဖို့ မမေ့ပါနဲ့။ နားအနောက်ဘက်က ကျန်နေတတ်လို့၊ အဲဒီနေရာမှာ ချေးတွေရှိပြီးခြောက်တဲ့အခါ ယားတတ်တယ်။ တစ်ခါတလေ နားကွဲနာဖြစ်တတ်တယ်။ နားကွဲနာဖြစ်ရင်တော့ ဖျားတတ်တယ်။ နားအနောက်ဘက် လှန်ကြည့်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။ နားကွဲနာဖြစ်နေရင် နီးရာဆရာဝန်နဲ့ပြပါ။

Q – ကလေးနားထဲက နာဖာချေးတွေကို ဘယ်လိုထုတ်ပေးရမလဲ။
A – နားမှာ နားဖာချေးရှိရင်တော့ ဒီအတိုင်းထားပါ။ သူ့ဟာသူ ထွက်လာပါလိမ့်မယ်။ ထွက်လာမှ Tissure (or) Cotton bud နဲ့သုတ်ပါ။ နားဖာချေး အရမ်းခြောက်ပြီး မာနေရင် နားဆရာဝန်နဲ့ပြပါ။ နားထဲကို မကလော်ပါနဲ့။ နားမကြပ် ပါနဲ့။ ဆေးများလည်း မထည့်ပါနဲ့။ အန္တရာယ်ရှိနိုင်ပါတယ်။

ဒေါက်တာအိအိခင်(ကလေး)

#BabiMild_Myanmar မှ တင်ဆက်သည်။