မီးဖွားပြီး မေမေတို့ ရွေးချယ်စရာ ကိုယ်ဝန်တားနည်းများ

မေမေတို့ရေ….

မိတ်မျိုးဆက်ပွားကျန်းမာရေးက ဒေါက်တာသီရိပါ။

ဒီနေ့ မီးဖွားပြီးကိုယ်ဝန်တားတာနဲ့ ပတ်သတ်ပြီး ရှင်းပြပေးမယ်နော်။

အမျိုးသမီးတွေမှာ ရာသီမလာခင် ၁၄ ရက်မှာ သားဥကြွေတာပါ။ ရာသီလဲပြန်မလာသေးဘူး၊ မိခင်နို့လဲတိုက်နေပေမယ့် သားဥကြွေချိန်မှာ ကိုယ်ဝန်တားနည်း တခုခုမသုံးဘဲ အတူနေမိရင် ကလေးမီးဖွားပြီး သုံးပတ်လောက်နဲ့ နောက်ထပ်ကိုယ်ဝန်ပြန်ရသွားနိုင်ပါတယ်။ အဲဒါကြောင့် တချို့မိသားစုတွေမှာ အထက်အောက် ကလေးလေးနှစ်ယောက် ၁၀လ လောက်ပဲခြားပြီး ရှိနေနိုင်တာပါ။

အကယ်၍ ကလေးသိပ်မနီးချင်ရင်တော့ လင်မယားအတူနေဖြစ်တဲ့ အချိန်တိုင်းမှာ ကိုယ်ဝန်တားနည်းတခုခုကို မဖြစ်မနေသုံးရပါမယ်နော်။ (မီးဖွားပြီးစ ပထမဆုံးအကြီမ် ပြန်ပြီး လင်မယားအတူနေဖြစ်တာဖြစ်ပါစေ တကြိမ်ထဲနဲ့ ကိုယ်ဝန်ထပ်ရှိသွားနိုင်ပါတယ်နော်)
..

❋ ကိုယ်နဲ့အဆင်ပြေဆုံး ကိုယ်ဝန်တားနည်း ဘယ်လိုရွေးမလဲ။

ကိုယ်ဝန်တားနည်းအားလုံးက အမျိုးသမီးတိုင်းနဲ့ သင့်တော်တာ မဟုတ်ပါဘူး။ ဥပမာ သွေးခဲနိုင်တဲ့ ရောဂါအခံရှိတဲ့ အမျိုးသမီးတွေဆို တားဆေးကဒ်လုံးဝမသုံးသင့်ပါဘူး။ (ကျမလူနာတယောက်ဆို အသက် ၄၀ မှာ ဦးနှောက်ထဲ သွေးခဲပိတ်ပြီး သုံးခါတိတိ လေဖြန်းဖူးပါတယ်၊ အဲလိုလူမျိုးတွေ တားဆေးကဒ်သုံးမိရင် ရောဂါအခြေအနေ ပိုဆိုးသွားနိုင်ပါတယ်)။ ဒါကြောင့် ကိုယ်နဲ့အဆင်ပြေဆုံး ကိုယ်ဝန်တားနည်းဘယ်နည်းဖြစ်မလဲဆိုတာကို မိမိရဲ့ ကျန်းမာရေးအခြေအနေတွေကို အသေးစိတ်သိတဲ့ သားဆက်ခြားကျန်းမာရေးနဲ့ ပတ်သတ်ပြီး သေချာတတ်ကျွှမ်းတဲ့ သူနာပြုဆရာမနဲ့ဖြစ်စေ၊ မိသားစုဆရာဝန်နဲ့ဖြစ်စေ၊အိုဂျီနဲ့ဖြစ်စေ တိုင်ပင်သင့်ပါတယ်။
.

❋ ကိုယ်ဝန်တားဖို့အဆင်သင့်ဖြစ်ပြီ၊ ကိုယ်ဝန်တားနည်းတခုခုကို မသုံးသင့်တဲ့ ကျန်းမာရေးပြဿနာတွေလဲ မရှိဘူးဆိုရင်……..

မီးဖွားပြီး အဆင်ပြေတဲ့ အချိန်မှာ (ကိုယ်ဝန်ထပ်မရှိနေတာသေချာရင်) ဒါတွေသုံးလို့ရပါတယ်။

🌺လက်မောင်းအရေပြားအောက်ထည့် သန္ဓေတားပစ္စည်း ( ကိုယ်ဝန်မရအောင် ၉၉ % ကျော်ကာကွယ်နိုင်ပါတယ်)
🌺 ၃ လခံထိုးဆေး ( ကိုယ်ဝန်မရအောင် ၉၉ % ကျော် ကာကွယ်နိုင်ပါတယ်)
🌺ဟော်မုန်းတမျိုးထဲပါ တနေ့တလုံးသောက်ဆေးကဒ် ( မမေ့မလျော့ပဲ မှန်မှန်သောက်လျှင် ကိုယ်ဝန်မရအောင် ၉၉ % ကျော် ကာကွယ်နိုင်ပါတယ်)
🌺 ကွန်ဒုံး ( နည်းစနစ်မှန်မှန်သုံးလျှင် ကိုယ်ဝန်မရအောင် ၉၈% ကျော် ကာကွယ်နိုင်ပါတယ်)
🌺ထူးခြားချက်အနေနဲ့ကတော့ သားအိမ်ထဲကိုယ်ဝန်တားပစ္စည်းထည့်တဲ့နည်းသုံးမယ်ဆိုရင်တော့ ကလေးမွေးပြီး ၄၈ နာရီအတွင်းထည့်ရပါတယ်။ (တချို့ခွဲမွေးတဲ့ မေမေတို့ကို ကလေးမွေးပြီးတာနဲ့ အိုဂျီက IUD တန်းပြီးထည့်ပေးလေ့ရှိပါတယ်၊ အဲလိုလုပ်ချင်ရင် မမွေးခင် အိုဂျီနဲ့ ကြိုပြီးတိုင်ပင်ထားဖို့လိုပါတယ်။) အကယ်၍ မွေးပြီး ၄၈ နာရီကျော်သွားရင်တော့ IUD ထည့်ဖို့မွေးပြီး ၄ ပတ်အထိ စောင့်ရပါမယ်။
(IUD က ကိုယ်ဝန်မရအောင် ၉၉ % ကျော် ကာကွယ်နိုင်ပါတယ်)
..

❋ မေမေအများစု အတွက် နားလည်ရခက်တဲ့ ကိုယ်ဝန်တားနည်းတခုကတော့ နေ့စဉ်သောက်ဆေးကဒ်ပါ။

တချို့ကလဲ နို့တိုက်နေရင် မသောက်ရဘူး၊ တချို့ကလဲ သောက်လို့ရတယ်၊ အိုဂျီကိုယ်တိုင်ပေးထားတာ စသဖြင့် အငြင်းပွားရလေ့ရှိပါတယ်။ အဖြေမှန်ကဘာလဲ။

တကယ်တော့ နေ့စဉ်သောက်ဆေးကဒ် နှစ်မျိုးရှိပါတယ်။ ဟော်မုန်းတမျိုးပါတာနဲ့ နှစ်မျိုးပါတာပါ။
နို့တိုက်မိခင်တွေဆိုရင် ဟော်မုန်းတမျိုးပါတဲ့ ဆေးကဒ်သောက်ရမှာပါ။

အကယ်၍ မိခင်နို့တိုက်မနေဘူး၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က စစ်ဆေးကြည့်လို့ သွေးခဲနိုင်တဲ့ အခြေအနေတွေ မရှိဘူးဆို ဟော်မုန်းနှစ်မျိုးပါ တနေ့တလုံးသောက်ဆေးကဒ်ကို မီးဖွားပြီး ၂၁ ရက်မှ ၂၈ ရက်အတွင်း စသောက်လို့ရပါတယ်။

ကလေးခြောက်လပြည့်ပြီး ဖြည့်စွက်စာကျွေးနေပြီဆိုရင်တော့ ဟော်မုန်းနှစ်မျိုးပါ ဆေးကဒ်ကိုသောက်လို့ရပါတယ်

.
❋ သားသမီးထပ်ယူဖို့ အစီအစဉ်မရှိတော့တဲ့ မေမေ၊ ဖေဖေတို့ကတော့ သားကြောဖြတ်ချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။