🌺”နို့တိုက်မိခင်” ဘာသောက်မလဲ🌺

“နို့တိုက်မိခင်”များဟာ သာမန်လူတွေထက် ရေပိုငတ်ပါတယ်။ ပူပြင်းတဲ့ရာသီဆို ရေဓာတ်ပိုလိုပါတယ်။ မြန်မာ နို့တိုက်မိခင်များသောက်သုံးလေ့ရှိသော သောက်ဖွယ်အရည်အမျိုးမျိုးကို အုပ်စု (၅) မျိုးခွဲပြီး ကျန်းမာရေးပညာပေးရေးပေးလိုပါတယ်။

(က) ရေ

ရေသန့်ဗူး (သို့) ကျိုချက်ထားသော ရေကျက်အေးက ကျန်းမာရေးအတွက် အကောင်းဆုံး သောက်စရာပါ။ နို့မတိုက်ခင်တိုင်း ရေတစ်ခွက်သောက်ပါ။ ရာသီဥတုပေါ်မူတည်ပြီး တစ်နေ့ကို အနည်းဆုံး ၁ လီတာခွဲ ၂ လီတာလောက်တော့ သောက်သင့်ပါတယ်။

(ခ) နို့အမျိုးမျိုး

မိခင်နဲ့ တည့်မယ်ဆိုရင် ကျိုချက်ထားသော (သို့) အခြားနည်းနဲ့ ပိုးသတ်ထားသော နွားနို့ နဲ့ ပဲနို့ဟာ နို့တိုက်မိခင်ကို အာဟာရဓာတ်အများကြီးပေးပါတယ်။ တစ်နေ့ကို ၂၅၀ ml မှ ၅၀၀ ml လောက်ထိ သောက်နိုင်ပါတယ်။ ပဲနို့က သတ်သတ်လွတ်သမားများအတွက်အသုံးတည့်ပါတယ်။ အဝလွန်လို့ ကိုယ်လေးချိန်ချလိုသူများ အဆင်ပြေစွာဝယ်လို့ရလျှင် အဆီထုတ်ထားတဲ့ နွားနို့သောက်နိုင်ပါတယ်။

(ဂ) နို့ပါဝင်သော အချိုရည်များ

အိုဗယ်တင်းနဲ့ မိုင်လိုကို နို့တိုက်မိခင်များသောက်နိုင်ပါတယ်။ သံဓာတ် (Iron) ဖြည့်ထားတဲ့ အထူးထုတ်တွေဆို နို့တိုက်မိခင်များအတွက် ပိုကောင်းပါတယ်။ ဖျော်ရင် သကြားထပ်မထည့်တာ ကျန်းမာရေးအတွက်ပို သင့်လျော်ပါတယ်။

(ဃ) ကေဖင်း လှုံ့ဆော်ပစ္စည်းပါသော အရည်များ

ကော်ဖီ၊ လက်ဖက်ရည်က မိခင်နို့က တဆင့် ကလေးဆီ အနည်းငယ်သွားပါတယ်။ ကြိုက်လို့၊ သောက်နေကျမို့ တစ်နေ့ ၁ ခွက် ၂ ခွက်သောက်မယ်ဆိုရင် ကလေးဆီရောက်တဲ့ပမာဏက မဆိုသလောက်လေးမို့ ပြဿနာမရှိပါ။ သောက်နိုင်ပါတယ်။ မှတ်သားဖို့အချက်က အချို့သော ကလေးငယ်များဟာ မဆိုသလောက်ဆိုတဲ့ ကေဖင်းဓာတ် နည်းနည်းလေးကိုပဲ တုံ့ပြန်မှုလွန်ကဲပြီး အငိုလွန်ခြင်း၊ အိပ်စက်မှု လျော့နည်းခြင်း၊ အိပ်ချိန်မမှန်ခြင်းတို့ဖြစ်နိုင်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင်တော့ သောက်တဲ့ပမာဏကို ထပ်လျှော့ပါ။

ကိုလာ၊ ပပ်စီ၊ ကျွဲရိုင်း၊ shark စတဲ့ အားအင်ဖြည့် အချိုရည်လို့ ထုတ်လုပ်သူများခေါ်ဆိုတဲ့ အချိုရည်တွေကတော့ နို့တိုက်မိခင်များ ယေဘုယျအားဖြင့် မသောက်သုံးသင့်ပါ။ သကြားဓာတ်လွန်ကဲပြီး ပမာဏများစွာပါဝင်တဲ့ ကေဖင်းက ကလေးဦးနှောက်ကိုလှုံ့ဆော်တဲ့အပြင် သောက်တဲ့ မိခင်ဆီးအများကြီးသွားတတ်လို့ လိုအပ်တဲ့ ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။

(င) သဘာဝအသီးဖျော်ရည်များ

အိမ်မှာ သန့်စင်စွာဖျော်ထားတဲ့ မကျည်းဖျော်ရည်၊ ရှောက်ချိုသီးရည်၊ သံပရာရည်စသည်များ သောက်သုံးနိုင်ပါတယ်။

အုန်းစိမ်းရည်သောက်လို့ရလားမေးသူများလို့ သောက်လို့ရပါတယ်လို့ဖြေပါမယ်။ လတ်လတ်ဆတ်ဆတ်သောက်ပါ။

#နေနေမိုးဆွေ (Child Health Myanmar)
Photo Credit to Google
#naynaymoeswe
(Reference- Nutrition Australia Organization, Breastfeeding Association Australia, The Royal Women’s Hospital Guidelines)