တစ်နှစ်အောက်ကလေးများအတွက် သင်ကြားပေးရန် နည်းလမ်းကောင်းလေးများ

မိဘတွေအနေနဲ့ မိမိကလေးဖွံ့ဖြိုးနှုန်း နောက်ကျနေလွန်းတယ်လို့ ထင်မှတ်ပြီး စိုးရိမ်စိတ်မလွှမ်းမိုးသင့်ဘဲ ကလေးကို ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်

 တစ်လသားအရွယ်

တစ်လသားအရွယ် ကလေးလေးတွေဟာ 8 လက်မ၊ 15 လက်မ အကွာအဝေးကို ကောင်းကောင်း မြင်နိုင်နေ ပါပြီ။ ကလေးအနေနဲ့ မြင်နိုင်စွမ်းရည် တိုးတက်လာလေ မျက်နှာတွေကို အာရုံစိုက်နိုင်လေ ဖြစ်တာကြောင့် ကလေး မအိပ်နေဘူးဆိုရင် မေမေက ကလေးမျက်နှာနဲ့ အနီးဆုံးမှာ မျက်နှာရှိစေပြီး ချော့မြူပေးရင် မေမေကို မြန်မြန် မှတ်မိစေနိုင်သလို ကလေးရဲ့မှတ်သား နိုင်စွမ်းရည် တိုးတက်လာအောင်လည်း အထောက်အကူပြုရာ ရောက်ပါတယ်။

 နှစ်လသားအရွယ်

ကလေးအသက် 2 လသားအရွယ်မှာ လက်ခုပ်တီးပြခြင်း ၊ သီချင်းဆိုပြခြင်းဟာ ကလေးရဲ့ လက်လှုပ်ရှားမှု၊ အမြင်အာရုံ အရည်အသွေး တိုးတက်လာအောင်လုပ်ပေးခြင်းဖြစ်ပါတယ်။ မေမေအသံနဲ့ လက်လှုပ်တဲ့အမူအရာကို ရင်းနှီးကျွမ်းဝင်လာတဲ့အခါမှာ မေမေပုံစံအတိုင်း အတုခိုးပြီး လိုက်လုပ်ဖို့ ကြိုးစားတာကြောင့် မျက်လုံးမှ မြင်တာကို လက်က တစ်ပါတည်း လိုက် လုပ်ဆောင်တတ်တဲ့ အရည်အသွေး (hand-eye coordination) တိုးတက်လာစေသလို ဘာသာစကားတတ်မြောက်ရေးအတွက်လည်း များစွာ အထောက်အပံ့ဖြစ်စေပါတယ်။

သုံးလသားအရွယ်

ကလေး သုံးလသားအရွယ် ရောက်လာချိန်မှာတော့ လက်ကလေးတွေကို လှုပ်ရမ်းပြီး ဆော့ကစားစပြုလာပါပြီ။ မျက်လုံးမှမြင်တာကို လက်က တစ်ပါတည်း လိုက်လုပ်ဆောင်တတ်တဲ့ အရည်အသွေး (hand-eye coordination) တိုးတက်လာစေဖို့အတွက် အရောင်လည်းစုံ အသံလည်းမြည်တဲ့ ကစားစရာကို ဖမ်းယူတတ်အောင် ကလေးနဲ့အတူတူ ကစားပေးပါ။ ကလေးဟာ ကစားစရာအပေါ် စိတ်ဝင်စားနေတဲ့အတွက် ကလေးငယ်ရဲ့ ဦးခေါင်းဟာ ထောင်မတ်နေမှာဖြစ်ပြီ့း  ကလေးနဲ့အတူ ကစားပေးခြင်းဖြင့် ၀မ်းလျားမှောက်တတ်တဲ့အကျင့် ရသွားစေဖို့လည်း အားပေးရာ ရောက်ပါတယ်။ ကလေးငယ်မျက်နှာကို မှန်ထဲမှာမြင်စေခြင်းဟာလည်း ဦးခေါင်းထောင်မတ်နိုင်လာအောင် လေ့ကျင့်ပေးတဲ့ နည်းတစ်နည်းဖြစ်ပါတယ်။

 လေးလသားအရွယ်

လေးလသားအရွယ်ရောက်လာချိန်မှာ အရောင်တောက်တောက် ကစားစရာလေးတွေတွေ့တဲ့ အခါ ပျော်ရွှင်မြူးတတ်ပြီး မျက်စိရှေ့မှ ကစားစရာပျောက်သွားတဲ့အချိန်မှာတော့ အော်ငို တတ်လာပါပြီ။ စိတ်ခံစားချက်ကို တုံ့ပြန်တတ်လာတဲ့ အရွယ်ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသားမီးမီးတွေ အရွယ်ရောက်လာတဲ့အခါ အမြဲတမ်းပြုံး ပျော်နေတတ်တဲ့အကျင့်ရှိအောင် ကလေးလေးလသား အရွယ်ကတည်းကစပြီး ပြုစုပျိုးထောင်ပေးလို့ရပါပြီ။

 ငါးလသားအရွယ်

ငါးလသားအရွယ်ကလေးလေးတွေရဲ့ မျက်လုံးတစ်စုံ ၊ နားတစ်စုံဟာ ကောင်းစွာအလုပ်လုပ်လာပါပြီ။ ဗလုံးဗထွေးစကားသံလေးတွေနဲ့ စတင်ပြောစပြုလာပြီဖြစ်တဲ့အတွက် မိမိရဲ့ကလေးမှာ စကားလုံးလေးတွေကို နားလည်လာစေဖို့ ၊ စကားလုံးတွေကို ရင်းနှီးကျွမ်းဝင်လာစေဖို့ မိဘတွေအနေနဲ့ နားလည်လွယ်မယ့် စကားလုံးလေးတွေကို ထပ်တလဲလဲပြောပြခြင်း ၊ စာအုပ်မှာပါတဲ့ ရုပ်ပုံတွေကို ညွှန်ပြပြီး ရုပ်ပုံရဲ့အမည်ကိုပါ ဆိုပြခြင်းတို့ လုပ်ဆောင်ပေးသင့်ပါတယ်။

 ခြောက်လသားအရွယ်

ကလေးထိုင်နိုင် ၊ လှုပ်ရှားမှုလုပ်နိုင် ၊ မြင်မြင်သမျှပစ္စည်းတွေကို ပါးစပ်ထဲထည့်တတ်တဲ့အရွယ်ဟာ အသက်ခြောက်လသားအရွယ်ဖြစ်ပါတယ် ။ ကလေးကို မှောက်လျက် အနေအထားနေစေပြီး ခန္ဓာကိုယ်ကို ရှေ့သို့ သွားလိုစိတ်ဖြစ်လာအောင် မလှမ်းမကမ်းအကွာအဝေးလောက်မှာ ထားကာ ကလေးရဲ့လှုပ်ရှားသွားလာနိုင်စွမ်းအဆင့်ကို မြှင့်တင်ပေးသင့်ပါတယ်။ တွေ့သမျှကို ကောက်စားတတ်တဲ့ အရွယ်ရောက်နေပြီဖြစ်တာကြောင့် ကလေးသွားလာတဲ့နေရာတစ်လျှောက်မှာ အန္တရာယ်ရှိတဲ့ပစ္စည်းတွေ ဖယ်ရှားထားဖို့လိုပါတယ်။

 ခုနစ်လသားအရွယ်

ခုနစ်လသားအရွယ်ကလေးတွေရဲ့ လက်လှုပ်ရှားမှုစွမ်းရည်ဟာ တိုးတက်လာပြီဖြစ်တာကြောင့် အရာဝတ္ထုတွေကို မိမိရရ ဆုပ်ကိုင်နိုင်တတ်စေဖို့ အလ့အကျင့်လုပ်ပေးလို့ရပါပြီ ။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ဇွန်း ၊ ခွက် စတဲ့ ပေါ့ပါးတဲ့ ပစ္စည်းတွေနဲ့ လက်မြဲအောင် ဦးစွာလေ့ကျင့်ပေးသင့်ပြီး အိမ်အပြင်သို့ထွက်ကာ နှုတ်ပြီးသား မြက်တွေကိုကောက်ယူ ဆုပ်ကိုင်စေသင့်ပါတယ် ။ မြက်က လက်ကို ရှစေနိုင်တာကြောင့် ကလေးအနေနဲ့ နှုတ်ယူဆော့ကစားခြင်းကိုတော့ ခွင့်မပြုသင့်ပါဘူး။

ရှစ်လသားအရွယ်

နေရာတွေကို အာရုံခံစားနိုင်စွမ်းနဲ့ စကားလုံးအသုံးပြုပုံကို ကလေးရှစ်လသားအရွယ်မှာ သင်ကြားပေးလို့ရပါပြီ။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက ဘယ်စကားလုံးကို ရည်ညွှန်းတယ်ဆိုတာကိုသိလာအောင် မိဘတွေအနေနဲ့ နှုတ်မှလည်းပြောသလို လက်ကလည်းညွှန်ပြပေးဖို့ လိုပါတယ်။ ( ဥပမာ- နှာခေါင်းက ဘယ်မှာလဲဟုမေးကာ နှာခေါင်းကဒီမှာလို့ဆိုပြီး ကလေးရဲ့နှာခေါင်းကိုညွှန်ပြပါ။)

 ကိုးလသားအရွယ်

အသက် ဆယ်လပြည့်ချိန်မှာ ဖွက်ထားတဲ့ပစ္စည်းတွေကို ရှာဖွေချင်လာကြပါပြီ။ ပစ္စည်းတွေကို ဖွက်ကာ ရှာဖွေစေခြင်းဖြင့် ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့စွမ်းရည်၊ တွေ့အောင်ရှာမယ်ဆိုတဲ့ စိတ်ကြောင့် အလွယ်တကူ အရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကို ငယ်စဉ်ကတည်း က ပျိုးထောင်ပေးပြီးသား ဖြစ်သွားပါတယ်။ အရောင်တောက်တောက် ကစားစရာတစ်ခုကို သဲထဲမှာမြှုပ်လိုက်ခြင်းဖြစ်စေ ၊ အဖုံးအကာရှိတဲ့ ဘူးထဲမှာဖြစ်စေ ဦးစွာထည့်ပြလိုက်ပါ။ ပြီးနောက် အရာဝတ္ထုအပေါ် ဖုံးထားတာတွေကိုဖယ်ပြီး အဖုံးအကာတို့ရဲ့အောက်မှာ ပစ္စည်းရှိကြောင်းပြကာ လူကြီးကိုယ်တိုင် နမူနာ တစ်ကြိမ် လုပ်ပြပါ။ မကြာမီအချိန်အတွင်းမှာ ကလေးကိုယ်တိုင် ဖွက်ထားတဲ့ပစ္စည်းကို ရှာဖွေတတ်သွားပါလိမ့်မယ်။

ဆယ့်တစ်လသားအရွယ်

ဆယ့်တစ်လသားအရွယ်မှာလည်း ကုန်လွန်ခဲ့တဲ့ လသားအရွယ်မှာလုပ်ဆောင်ခဲ့တဲ့ ကစားနည်းတွေ၊ သီချင်းနားထောင်တာတွေကို ဘာသာစကား စွမ်းရည်တိုးတက်လာစေဖို့ရည်ရွယ်ပြီး ဆက်လက်လုပ်ပေးပါ။ ကလေးအားမကြာခဏ စကားပြောပေးခြင်းက ကလေးအနေနဲ့ ဘာသာစကား သင်ကြားမှုမှာပိုပြီး အထောက်အပံ့ ဖြစ်စေပါတယ်။ ကလေးအား မေးခွန်းလေးတွေမေးခြင်း၊ မိမိလုပ်ပြတဲ့ အမူအရာက မည့်သည့်အသံကို ရည်ညွှန်းသလဲဆိုတာကိုသိအောင် လက်ဟန် ခြေဟန်အမူအရာနှင့်တကွ အသံကိုပါ အသုံးပြုကာသွန်သင်ခြင်းစတဲ့ မိဘနဲ့ သားသမီးတရင်းတနှီး အပြန်အလှန်ဆက်သွယ်မှုရှိခြင်းက ဘာသာစကားစွမ်းရည်တိုးတက်နှုန်းကို မြန်စေပါတယ်။

တချို့ကလေးတွေက စကားပြောစောကြပြီး တချို့တွေဆို လေးဘက်သွားတာနောက်ကျ တတ်ကြပါတယ်။ ကလေးအရွယ်ရောက်စောတာ၊ နှေးတာဟာ ကလေးတစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိကလေးဖွံ့ဖြိုးနှုန်း နောက်ကျနေလွန်းတယ်လို့ ထင်မှတ်ပြီး စိုးရိမ်စိတ်မလွှမ်းမိုးသင့်ဘဲ ကလေးအားဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပျိုးထောင်ပေးသွားပါ။ တကယ်လို့ ကလေးကြီးထွား ဖွံ့ဖြိုးနှုန်းနှေးကွေးလွန်းတယ်လို့ သံသယရှိပါက ကလေးအထူးကုဆရာဝန်ထံ သွားရောက်ပြသပြီး အကြံဉာဏ်ရယူပါ။ ဒါ့အပြင်  လူကြီးများအနေနဲ့ မိမိတို့ရဲ့သွေးသား ရင်းချာလေးတွေကို ကောင်းတဲ့အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုတို့ဖြင့် ရှင်သန်ကြီးပြင်းလာသူများဖြစ်အောင် ပြုစု ပျိုးထောင်ပေးပါ။ အတုမြင်အတတ်သင်ဆိုတဲ့စကားပုံနဲ့အညီ ကလေးဆိုတာလူကြီးကရှေ့ဆောင်လုပ်ပြသမျှကို အတုခိုးပြီးလိုက်ပါလုပ်ဆောင်တတ်တာကြောင့် ကြီးပြင်းလာတဲ့အခါ လိမ္မာယဉ်ကျေးသူတစ်ယောက်ဖြစ်ဖို့ ကလေးငယ်ရဲ့ အရှေ့မှာအပြု အမူကောင်းတွေလုပ်ပြပြီး ယဉ်ကျေးတဲ့စကားကိုသာ ပြောဆိုသင့်ပါတယ်။

Source : Internet

Credit: Kalay