မိခင်နို့တိုက်မယ့်မေမေများ နို့ထွက်များအောင် လိုက်နာသင့်တာတွေ

ဒီလိုဖော်ပြပေးခဲ့တဲ အချက်လေးတွေအတိုင်း ဆောင်ရန်၊ရှောင်ရန် တွေကို လိုက်နာပြီးပြုမူနေထိုင်မယ်ဆိုရင် မေမေတို့အတွက် နို့တိုက်ဖို့အဆင်ပြေစေတဲ့အပြင် မိခင်ဘဝမှာပါ ပျော်ရွှင်မှုတွေပြည့်ဝနေမယ်လို့ ယုံကြည်ပါတယ်နော်။

မေမေတို့ရေ မိခင်နို့ရည်ကသာ သားသားမီးမီးလေးတို့အတွက် အကောင်းဆုံးဆိုတာ မေမေတို့လည်း သိပြီးသားပါနော်။ ဒါပေမယ့် မေမေတို့အားလုံးလိုလိုက နို့ထွက်နည်းတတ်တယ်လို့ ကြားဖူးပါတယ်။ နို့ထွက်နည်းရတဲ့အကြောင်းကတော့ စိုးရိမ်သောကပူပန်တာတွေ၊ ဒေါသထွက်စရာတွေ၊ မျက်ရည်ကျစရာတွေ၊ အချိန်မှန်နို့မတိုက်ဖြစ်တာတွေနဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေကနေ နို့ထွက်နည်းစေတယ်၊ နို့ခမ်းစေတယ်လို့ သိရပါတယ်။ ဒါကြောင့် မေမေများအတွက် နို့ထွက်များလာအောင် တခြားဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာKalay ကနေ မျှဝေပေးချင်ပါတယ်။

စားမယ့်အစားအသောက်တွေကို ဂရုစိုက်ပြီးစားသုံးပါ

နို့တိုက်မယ့် မေမေများက  ဟင်းသီးဟင်းရွက်တွေကို စုံလင်အောင် စားပေးဖို့ လိုပါတယ်။ သစ်သီး၊ နို့၊ ကွေကာ၊ ထောပတ်၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ စပျစ်သီး၊ အမဲသား၊ စွပ်ပြုတ်စတဲ့ အချို၊ အချဉ်၊ အငန် စတာတွေကို စုံလင်အောင်စားတာက နို့ထွက်ကောင်းစေပါတယ်။

ပြုလုပ်ဖြစ်နေတဲ့ အပြုအမှုတစ်ချို့ကို ပြင်ဆင်ပါ

နို့ထွက်ကောင်းဖို့က အစားအသောက်တွေအပြင် တခြား ကျန်းမာရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေ အများကြီး ရှိပါသေးတယ်။ အိပ်တဲ့ပုံစံ၊ စားတဲ့ပုံစံ၊ အနားယူတာတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်နော်။

အစားကိုမကြာခဏစားပေးပါ

သားသားမီးမီးတို့ကို နို့တိုက်မယ့် မေမေတွေက အစားအသောက်ကို နည်းနည်းနဲ့ မကြာခဏစားဖို့လိုပါတယ်။ နေ့ဘက်မှာ နှစ်နာရီတစ်ကြိမ်လောက် စားပြီး ညဘက်မှာ လေးနာရီခြားတစ်ကြိမ် စားသင့်ပါတယ်။

သားသားမီးမီးလေးတွေကို လေထုတ်ပေးပါ

နို့တစ်ဖက်တိုက်ပြီးနောက် တခြားတစ်ဖက်ကို ပြောင်းတိုက်တဲ့အခါမှာလည်း လေထုတ်ပေးဖို့ လိုသလို  သားသားမီးမီးလေးတွေ နို့ဝသွားရင်လည်း  မတ်တတ်ရပ်ပေးပြီး ခဏလေးဖြစ်ဖြစ် လေထုတ်ပေးရင်လည်း နို့ပိုစို့နိုင်ပါတယ်။

အရေးကြီးတဲ့ အချက်အလက်တွေကို မှတ်ထားပါ

နို့ထွက်နည်းရင် အရင်ဆုံး ကိုယ်တိုင်က သတိပြုမိတတ်ပါတယ်။ နို့ထွက်နည်းတာကို သူများတွေကို ပြောပြဖို့ ရှက်မနေပါနဲ့နော်။ ပြောပြတိုင်ပင်မှသာ နို့ထွက်နည်းရတဲ့အကြောင်းကို အဖြေရှာနိုင်မှာပါ။ နို့ထွက်နည်းတာကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုး မလုပ်ပါနဲ့။  ဒီလိုပြဿနာမျိုးဆိုတာ နို့တိုက်မေမေများ အားလုံးအတူတူ ခံစားရတတ်တာပါ။

အမြဲလန်းဆန်း တက်ကြွနေပါ

တခါတလေမှာ နို့ထွက်နည်းတာက ဘာမှအကြောင်းမဟုတ်ပါဘူး။ ခက်ခဲတာလည်း မဟုတ်ဘူးလေ။ ဒီ့အတွက်နဲ့ စိတ်ညစ်နေတာ၊ အားငယ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ညမှာ သားသားမီးမီးလေးတွေ မအိပ်တာကို ထထိန်းနေရတာတွေတွက်လည်း ပင်ပန်းကောင်း ပင်ပန်းနိုင်ပါတယ်။ ဒါတွေဖြစ်လာရင်စိတ်ပင်ပန်းစရာမလိုပဲ တတ်နိုင်သမျှ လန်းဆန်းတက်ကြွအောင် နေလိုက်ပါ။ ကြုံတာကတော့ ကြုံမှာပါပဲ။ တွေးထားတာထက်ကို အများကြီး ပိုပင်ပန်းနိုင်ပေမယ့် အရမ်းစိတ်ထဲ ပင်ပန်းနေရင် နို့ထွက်နည်းလာပြီးသားသားမီးမီးလေးတွေ နို့မဝဖြစ်တတ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ စိတ်ရောကိုယ်ပါ လန်းဆန်း တက်ကြွအောင် နေဖို့လည်း အရမ်းကိုအရေးကြီးတဲ့အချက်ပါ။

နို့တိုက်ပုံအနေအထား မှားယွင်းတာတွေ

အခုမှ ပူပူနွေးနွေး မိခင်လောင်းတွေအနေနဲ့ သားသားမီးမီးလေးတို့ကို နို့တိုက်တဲ့အခါ နို့တိုက်ပုံ အနေအထားတွေ မမှန်ကန်တာလို့  နို့ထွက်နည်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေထံကနေ နို့ထွက်ပိုကောင်းစေတဲ့ အနေအထားမျိုးကိုသင်ယူဖို့ မရှက်ပါနဲ့နော်။

မကြာခဏ နို့တိုက်ခြင်း

နို့တိုက်တဲ့အပေါ် မူတည်ပြီး နို့ထွက်ကောင်း၊ မကောင်း ကွာခြားတတ်ပါတယ်။ သားသားမီးမီးတွေက နို့ကိုကုန်အောင် စို့လိုက်တာက ကုန်အောင်မစို့တာထက် နို့ထွက်ပိုကောင်းစေပါတယ်။ ကလေးငယ်က နို့ကို ကုန်အောင်မစို့တဲ့အခါ ကျန်ရှိတဲ့ နို့ကို ညှစ်ပစ်လိုက်ပါနော်။

ရေလုံလောက်စွာ သောက်သုံးပါ

နို့ထွက်ကောင်းစေဖို့ မေမေတို့ရဲ့ ခန္ဓာကိုယ်အတွင်း ရေဓာတ်လုံလောက်ဖို့ လိုပါတယ်။ ရေများ များသောက်ပြီး အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပါ။ ဖျော်ရည်လုပ်သောက်ပါ။  နို့တိုက်ကျွေးရင်တောင် ဘေးနားမှာ ရေပုလင်းထားပြီး ရေသောက်ပေးပါ။ ဒါမှ နို့ထွက်ကောင်းမှာ ဖြစ်ပါတယ်။

ကောင်းစွာအနားယူပါ

အိမ်မှာပဲ ကလေးငယ်ကို ပြုစုစောင့်ရှောက်နေတဲ့ မေမေ ဒါမှမဟုတ်လည်းအိမ်အပြင်ထွက် အလုပ်လုပ်နေတာ ဘယ်လိုပဲဖြစ်ပါစေ အနားယူဖို့လိုပါတယ်။ နို့တိုက်မိခင် တစ်ယောက် အနေနဲ့ ကလေးထိန်းတာ၊ အိမ်မှုကိစ္စတွေ လုပ်တာ၊ ကလေး ဝေယျာဝစ္စလုပ်တာတွေနဲ့ အချိန်တွေကုန်ပြီး အနားမယူနိုင်တာ၊ ခဏတဖြုတ် မအိပ်စက် နိုင်တာမျိုးတွေမဖြစ်အောင် သတိထားဖို့လိုပါတယ်။ ဒီလိုဖော်ပြပေးခဲ့တဲ အချက်လေးတွေအတိုင်း ဆောင်ရန်၊ရှောင်ရန် တွေကို လိုက်နာပြီးပြုမူနေထိုင်မယ်ဆိုရင် မေမေတို့အတွက် နို့တိုက်ဖို့အဆင်ပြေစေတဲ့အပြင် မိခင်ဘဝမှာပါ ပျော်ရွှင်မှုတွေ ပြည့်ဝနေမယ်လို့ ယုံကြည်ပါတယ်နော်။

From Kalay