Syndrome

Syndrome ဆိုတာကို မြန်မာလို ရောဂါလက္ခဏာစုလို့ ပြန်ရမလားပဲ။ လက္ခဏာတွေတစ်ခုထက်ပိုရှိလို့ syndrome လို့ခေါ်တာပေါ့။ Down Syndrome ဆိုတော့ ဒေါင်းရောဂါလက္ခဏာစုပေါ့နော်။ Down Syndrome ဟာ မိခင်အသက်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ဆက်စပ်နေတယ်။ အသက်ငယ်တဲ့မိခင်တွေကလည်း Down Syndrome ကလေးလေးမွေးနိုင်ပေမယ့် ဖြစ်နိုင်ချေ ရာခိုင်နှုန်းနည်းတယ်။ အမေအသက်သိပ်ငယ် (၁၅နှစ်အောက်)ရင်လည်း Down Syndrome မွေးနိုင်ချေများတယ်။ အသက်ကြီးလို့ ဒေါင်းကလေးလေးရတယ်ဆိုပြီး ပြောတာထက် ဖြစ်နိုင်ချေများတယ်ဆိုတဲ့ စကားလုံးကို သုံးချင်တယ်။ Risk လို့ခေါ်တာပေါ့။ အသက် ၂၅ နှစ်ရှိတဲ့ မိခင်က ဒေါင်းမွေးဖို့ အကြိမ်၁၂၀၀မှာ တစ်ကြိမ်ဖြစ်နိုင်ချေရှိပြီး မိခင်အသက် ၃၅ ကျော်သွားရင် အကြိမ် ၃၅၀ မှာ တစ်ကြိမ်ဖြစ်နိုင်ချေတက်သွားတယ်။ အသက်၄၀ကျော်မှ မွေးမယ်ဆိုရင်တော့ အကြိမ်၁၀၀မှာ တစ်ကြိမ်ဖြစ်နိုင်ချေရှိပြီး အသက်၄၉ နှစ်မှာမွေးရင် ကလေး၁၀ယောက်မွေးတိုင်း ဒေါင်းကလေးတစ်ယောက်ပါဖို့ ဖြစ်နိုင်ချေရှိတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အသက်ငယ်တဲ့ မိခင်တွေမှာလည်း ဒေါင်းမွေးဖို့အလားအခာရှိတယ်ဆိုတာ မေ့ထားလို့မရဘူးနော်။ ဖြစ်နိုင်ချေ (risk) သာနည်းတာပါ။ အဲဒါကြောင့် အခုအမျိုးသမီးတိုင်း ဒေါင်းကလေးဟုတ်မဟုတ်ကို စစ်ရမယ်လို့ American college of obstetrics and gynecology က အကြံပေးထားတယ်။

Ultrasound နဲ့ စစ်တာကို ကိုယ်ဝန် ၁၁ ပတ်နဲ့ ၁၄ ပတ်ကြားမှာ စစစ်နိုင်တယ်။ ကိုယ်ဝန် ၁၅ ပတ်နဲ့ ၁၈ပတ်ကြားမှာ အမေရဲ့ သွေးကိုစစ်ပြီး ဒေါင်းဟုတ်မဟုတ် သိနိုင်တယ်။ ကိုယ်ဝန်၁၈ ပတ်နဲ့ အပတ် ၂၀ ကြားမှာ ကလေးအင်္ဂါအစိတ်အပိုင်းတွေကို သေချာကြည့်လို့ ရပြ္ပီဖစ်တဲ့အတွက် ဒေါင်းကလေးငယ်တွေမှာ ရှိတတ်တဲ့ ကိုယ်အင်္ဂါထူးခြားမှု ချို့ယွင်းမှုလေးတွေကို ultrasound ရိုက်ရင်း စစ်နိုင်တယ်။ ဒါတွေက သန္ဓေသားကို ထိခိုက်မှု မရှိနိုင်တဲ့ စစ်ဆေးမှုတွေပေါ့။ နောက်စစ်ဆေးမှုတွေကကျတော့ ဗိုက်ထဲက ရေမွှာရည်ကို အပနဲ့စုပ်ထုတ်ပြီး စစ်တာ၊ အချင်းက အသားစကို၊ ဒါမှမဟုတ် ချက်ကြိုးကအသားစကို အပ်နဲ့လှမ်းစုပ်ယူပြီး စစ်တာတွေလည်း လုပ်နိုင်တယ်။ အဲဒါကျတော့ အထဲကို ထိုးသွင်းပြီးမှ စစ်ရတာတွေမို့လို့ ကလေးကိုထိခိုက်ဖို့၊ ကိုယ်ဝန်ပျက်ကျဖို့ အန္တရာယ်ရှိတယ်။

ဒေါင်းကလေးငယ်မွေးခြင်းဟာ မိခင်အသက်နဲ့ ဘာလို့ဆက်စပ်နေတာလဲ။ အသက်ကြီးလာတဲ့အခါ အမမျိုးဥထဲမှာ ကလာဘ်စည်းလေးတွေ ကွဲတဲ့အခါ ပိုပြီးအမှားဖြစ်သွားနိုင်လို့ပါပဲ။ ဒေါင်းကလေးငယ်လေးတွေဟာ ခရိုမိုဆုန်းနံပါတ် ၂၃မှာ ပုံမှန်ရှိရမယ့် ခရိုမိုဆုန်း၂ခုအစား သုံးခုပါလာတာပါ။ သူတို့ကို trisomy 21 လို့ခေါ်တယ်။ အခြားအမျိုးအစားတွေလည်း ရှိပေမယ့် trisomy 21 က အဖြစ်အများဆုံးဖြစ်တယ်။အမျိုးအစားပေါ်မူတည်ပြီး ဉာဏ်ရည်ကွာသွားတယ်။ အချို့က သိပ်မဆိုးဘူး။ ရောဂါလက္ခဏာစုလို့ဆိုတဲ့အတိုင်း သူတို့လေးတွေမှာ ရောဂါလက္ခဏာ တစ်ခုထက်ပိုပြီး ပါလာကြတယ်။ သာမာန်ကလေးတွေထက် ဉာဏ်ရည်နိမ့်မယ်၊ မျက်နှာအသွင်အပြင်မှာ ပုံမှန်ကလေးတွေနဲ့ မတူတဲ့အချက်ကလေးတွေ ရှိမယ်။ လည်ပင်းနဲ့ ခြေထောက်လက်ထောက်ကလေးတွေမှာ ထူးခြားချက်တွေ ရှိတယ်။ မွေးရာပါနှလုံးရောဂါ ပါလာတတ်တယ်။ အသက်ကြီးတဲ့အခါ အမေ့လွယ်ရောဂါ (Alzheimer’s) အဖြစ်စောတယ်။

သူတို့ရဲ့ ဉာဏ်ရည်ဟာ ယေဘုယျအားဖြင့် ၅၀ နဲ့ ၇၀ ကြားရှိတတ်တယ်။ ပုံမှန်လူကတော့ ၉၀ – ၁၁၀ ကြားရှိတယ်။ အချို့ဒေါင်းကလေးတွေဟာ ၃၅ အောက်ရောက်တဲ့အထိ ဆိုးတတ်တယ်။ ကြွက်သားလေးတွေ အားပျော့တဲ့အတွက် ကလေးဘဝမှာ ဖွံ့ဖြိုးမှုနောက်ကျတတ်တယ်။ သူများကလေးက ၆ လမှာ ထိုင်ရင် သူတို့လေးတွေက ၁၁ လလောက်မှ ထိုင်တတ်မယ် စသည်ဖြင့်ပေါ့။ အကြမ်းအားဖြင့် ပုံမှန်ကလေးတွေရဲ့ အသက်ရဲ့ နှစ်ဆလောက်နေမှ လုပ်တတ်မယ်။ ဉာဏ်ရည်အနိမ့်အမြင့်ပေါ်မူတည်ပြီး စာသင်လို့ လွယ်တာခက်တာ ကွာသွားတယ်။ အဲဒီတော့ ပုံသေကားချပ်ပြောလို့မရဘူး။ ဒေါင်းကလေးငယ်လေးတွေရဲ့ ပါစင်နယ်လတီဟာ အေးဆေးတယ်၊ ရှက်တတ်တယ်၊ စိတ်ရှည်တယ်၊ ကြင်နာတတ်တယ်၊ နူးနူးညံ့ညံ့နေထိုင်ပြောဆိုတတ်တယ်။ အချို့ကလေးတွေမှာတော့ ခေါင်းမာတာ၊ စိတ်လှုပ်ရှားလွယ်တာမျိုး ဖြစ်တတ်တယ်။

အဓိက စိတ်ပူရတာကတော့ မွေးရာပါနှလုံးရောဂါပါပဲ။ ဒေါင်းကလေးတွေမှာ အဖြစ်အများဆုံး ရောဂါပါ။ နောက်တစ်ခုက အစာအိမ်နဲ့ အူလမ်းကြောင်း ချို့ယွင်းချက်ကလေးတွေပါ။ သူက ဒုတိယအဖြစ်အများဆုံး မွေးရာပါချို့ယွင်းချက်ပေါ့။ ဒေါင်းကလေးငယ်တွေဟာ အိုမင်းလွယ်တယ်။ သူတို့ရဲ့ ပျမ်းမျှအသက်ရှင်နေနိုင်မှုဟာ လေးဆယ်တန်းဖြစ်တယ်။ အသက်ကြီးရင် အဖြစ်များတဲ့ ရောဂါတွေက သွေးကင်ဆာနဲ့ အမေ့လွယ်ရောဂါပါ။ ကလေးတွေကို ဘယ်လောက်ပြုစုပံ့ပိုးပေးနိုင်သလဲအပေါ်မူတည်ပြီး သက်တမ်းကွာမယ်၊ အတန်းပညာလေ့လာနိုင်စွမ်း နည်းနည်းကွာမယ်။ သတိထားရမှာက ကလေးမလုပ်နိုင်တာကို အတင်းမတွန်းဖို့ပါပဲ။ အခြားကလေးတွေနဲ့ တန်းတူထားပြုစုဖို့ ဆက်ဆံပြောဆိုဖို့လည်း အရေးကြီးပါတယ်။ အချို့မိဘတွေဟာ ဒေါင်းကလေးလေးတစ်ယောက်မွေးလာတော့ နောက်ထပ် ဒေါင်းကလေးလေးတွေကို ထပ်မွေးစားပြီး မိသားစုအဖြစ် ပျော်ပျော်ရွှင်ရွှင်နေကြတယ်။ အဲဒီလိုမိသားစုလေးတစ်ခုပုံလေး တင်ပေးလိုက်တယ်နော်။ ဘယ်လိုချို့ယွင်းချက်တွေပဲရှိရှိ ကိုယ့်သားသမီးလေးဖြစ်လာပြီမို့ ကြင်နာတဲ့ မိဘတို့ရဲ့မေတ္တာနဲ့ပဲ သူတို့လေးတွေကို ထွေးပွေ့ကြပါစို့ ❤️