ကိုယ်နဲ့ အဆင်ပြေဆုံး ကိုယ်ဝန်တာနည်း ဘယ်လိုရွေးမလဲ

ညီမလေးတို့ရေ…. အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ စဉ်းစားစရာတွေက အစီအရီပေါ်လာပြီလေ။ ဘယ်မှာနေမှာလဲသူ့ဝင်ငွေကဘယ်လောက်ရှိလဲ၊ ကိုယ်ကရော တလ ဘယ်လောက်ရှာနိုင်လဲ၊ အိမ်ထောင်ပြုပြီးပြီးခြင်း ကလေးယူမှာလား၊ ကလေးရပြီးရင် အလုပ်ကဆက်လုပ်မှာလား၊ အလုပ်ဆက်လုပ်ရင် ကလေးဘယ်သူက ကြည့်ပေးမှာလား၊ အလုပ်ထွက်လိုရင်ရော အမျိုးသားဝင်ငွေ တခုထဲနဲ့လောက်ပါ့ မလား စသဖြင့် မသေချာမှုပေါင်းများစွာနဲ့ကြုံရတတ်ပါတယ်။ တချို့ညီမလေးတွေ ဆိုရင် ချစ်သက်တမ်းကသာကြာလာတယ် အိမ်ထောင်မှုဆိုတဲ့နယ်ပယ်ထဲ ဝင်ဖို့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ မချနိုင်ဘူးဖြစ်နေတတ်ပါတယ်

ဒီလိုအခြေအနေမှာ Family Planning လို့ခေါ်တဲ့ မိသားစုစီမံကိန်း အရေးကြီးတဲ့ နေရာမှာပါလာပါတယ်။

Family Planning လုပ်တော့မယ်ဆိုရင် စဉ်းစားရမှာတွေက

၁။ ကလေးချက်ခြင်းယူမှာလား (ဒါမှမဟုတ်) ဘယ်လောက်ကြာအောင် တားချင်တာလဲ။

၂။ ဟော်မုန်းပါတာသုံးမှာလား မပါတာသုံးမှာလား။

(တချို့ အမျိုးသမီးတွေမှာ ကျန်းမာရေး အခြေအနေအရ ဟော်မုန်းပါတဲ့နည်း သုံးမရတာတို့၊ ဟော်မုန်းကို မခံနိုင်တာတို့ ဖြစ်တတ်ပါတယ်။)

ကိုယ်နဲ့ အဆင်ပြေနိုင်မဲ့ သန္ဓတားနည်းတွေ ရွေးနိုင်ဖို့ အကြမ်းဖျဉ်း ရှင်းပြပါ့မယ်။ (ကိုယ်ဝန်တားဖို့ သိပ်မသေချာတဲ့ ရက်ရှောင်တဲ့ နည်းတို့၊ မြန်မာပြည် ဈေးကွက်ထဲမှာ ရှာရခက်တဲ့ အမျိုးသမီးသုံး ကွန်ဒုံ တို့လို နည်းတွေတော့ ချန်ခဲ့ပါမယ်။)

၁။ လက်မောင်းအရေပြားအောက်ထည့် သန္ဓေတားနည်း

အချိန်ကြာကြာ ကိုယ်ဝန်တားချင်သူတွေ၊ ဟော်မုန်းနဲ့ တဲ့သည့်သူများ သုံးသင့်ပါတယ်။

၃ စင်တင်မီတာလောက်ရှိတဲ့ ပလစ်စတစ်ချောင်းကလေးကို လက်မောင်းအရေပြားအောက်ထဲ ထည့်ထားတာပါ။ ခန္ဓာကိုယ်ထဲကို ဟော်မုန်းနဲနဲချင်း စိမ့်ထုတ်ပေးပြီး တလတခါ သားဥကြွေတာ ရပ်သွားစေခြင်းဖြင့် ကလေးမရအောင် ကာကွယ်ပေးပါတယ်။ ရာသီလာတာမမှန်တာ၊ လုံးဝမလာတာမျိုးဖြစ်တတ်ပါတယ်။ ၃နှစ်ခံတဲ့ နည်းဖြစ်လို့ ကလေးမရအောင်ကြာကြာတားချင်တဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ အဲဒါကြောင့် တချို့သန္ဓေတားနည်းတွေလို ဆေးသောက်ဖို့မေ့သွားလို့/ ဆေးထိုးဖို့ ရက်နောက်ကျသွားလို့ ကိုယ်ဝန်ရသွားတာမျိုးပူစရာမလိုပါဘူး။ ကိုယ်ဝန်မရအောင် ၉၉ %ကျော် ကာကွယ်ပေးနိုင်ပါတယ်။

၂။ သားအိမ်ထဲထည့် သန္ဓေတားနည်း /IUD

အချိန်ကြာကြာ ကိုယ်ဝန်တားချင်သူတွေ၊ ဟော်မုန်န်းမပါတာ သုံးချင်တဲူ့တွေနဲ့ သင့်တော်ပါတယ်။

၃ စင်တီမီတာလောက်ပဲ အရှည်ရှိတဲ့ အင်္ဂလိပ်အက္ခရာ“T” ပုံစံပလပ်စတစ်ချောင်းလေးရဲ့ အမြီးလေးမှာ အပ်ချည်ကြိုးလိုကြိုးစလေးတပ်ထားတာပါ။ ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီးနှစ်မျိုးရှိတယ်။
သုံးတဲ့ အမျိုးအစားပေါ်မူတည်ပြီး ၅နှစ်ကနေ ၁၀နှစ်အထိခံပါတယ်။အဲဒါကြောင့် တချို့သန္ဓေတားနည်းတွေလို ဆေးသောက်ဖို့မေ့သွားလို့/ ဆေးထိုးဖို့ ရက်နောက်ကျသွားလို့ ကိုယ်ဝန်ရသွားတာမျိုးပူစရာမလိုပါဘူး။ ကိုယ်ဝန်မရအောင် ၉၉ %ကျော် ကာကွယ်ပေးနိုင်ပါတယ်။

၃။ သားကြောဖြတ်ခြင်း
သားသမီးပြည့်စုံသွားပြီ။ ကလေးထပ်ယူဖို့လဲ အစီအစဉ် မရှိတော့တဲ့ သူတွေနဲ့ သင့်တော်ပါတယ်။

အမျိုးသမီးသားကြောဖြတ်ခြင်း၊ အမျိုးသား သားကြောဖြတ်ခြင်း နှစ်မျိုးရှိပါတယ်။ ခွဲစိတ်မှု အသေးစားလေးလုပ်ရတာပါ။ သားကြောဖြတ်ပြီးမှ စိတ်ပြောင်းပြီး ကလေးပြန်လိုချင်ရင်တော့ မရတော့ပါဘူး။ ကိုယ်ဝန်မရအောင် ၉၉ %ကျော် ကာကွယ်ပေးနိုင်ပါတယ်။

၎။ အမျိုးသားသုံး ကွန်ဒုံး

အကြာကြီး ကိုယ်ဝန်တားဖို့ အစီအစဉ်မရှိတဲ့သူတွေ၊ ဟော်မုန်းပါတဲ့ နည်း မသုံးချင်သူတွေ၊ လိင်ဆက်ဆံဖော်များတဲ့သူတွေ၊ လိင်ဆက်ဆံရာက ကူးစကိနိုင်တဲ့ ရောဂါတွေကို ကာကွယ်ချင်သူတွေ နဲ့ သင့်တော်ပါတယ်။

အမျိုးသားအင်္ဂါမာနေချိန်မှာ စွပ်ပြီးသုံးရတဲ့ အရမ်းပါးလွှာတဲ့ အစွပ်ကလေးပါ။ လိင်တခါဆက်ဆံရင် တခါစွပ်ရတာဖြစ်လို့ အမျိုးသမီးရဲ့ ရာသီစက်ဝန်းကို ထိခိုက်မှု မရှိပါဘူး။ကလေးလိုချင်ရင် တချို့ဟော်မုန်းပါတဲ့နည်းတွေလို ခြောက်လတနှစ်ပြန်စောင့်ရတာမှိုးလဲ မရှိပါဘူး။
ထူးခြားချက်။ ။ လိင်ဆက်ဆံ၇ာမှတဆင့်ေ၇ာဂါတွေမကူးနိုင်အာင် ကာကွယ်ပေးနိုင်တဲ့ တခုတည်းသော ကိုယ်ဝန်တားနည်းပါ။

၅။ သုံးလခံထိုးဆေး ( ဒက်ပို Depo ထိုးဆး)

အမျိုးသမီး ဟော်မုန်းပါတဲ့ သုံးလတကြိမ်ထိုးဆေးဖြစ်ပါတယ်။ ရာသီလာတာမမှန်တာ၊ လုံးဝမလာတာမျိုးဖြစ်တတ်ပါတယ်။ ဆေးထိုးတာကြာသွားပြီဆိုရင် ရာသီလုံးဝထိမ်သွားတတ်ပါတယ်။ ကိုယ်အလေးချိန် ပြောင်းတတ်ပါတယ်။ (တချို့က ဝလာပြီး တချို့က ပိန်သွားတတ်ပါတယ်) ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်မရအောင် ၉၀ %ကျော် ကာကွယ်ပေးနိုင်ပါတယ်။ တချို့ ရောဂါရှိတဲ့သူတွေက ဟော်မုန်းပါတဲ့ နည်းတွေသုံးမရပါဘူး။

သတိပြုရန်။ ။ တချို့ အမျိုးသမီးတွေမှာ ဆေးရပ်ပြီး ကလေးရဖို့ ခြောက်လတနှစ်ပြန်စောင့်ရတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ခဏပဲတားပြီး ကလေးအမြန်ပြန်ယူချင်သူတွေ မသုံးသင့်ပါဘူး။

၆။ တားဆေး

တနေ့တလုံးပုံမှန်သောက်ရတဲ့ဆေးနဲ့ အရေးပေါ် တားဆေးဆိုပြီးနှစ်မျိုး ရှိပါတယ်။ အဲဒိနှစ်မျိုး မမှားဖို့လိုပါတယ်။

အရေးပေါ်တားဆေး

အရေးပေါ်တားဆေးဆိုတာက သန္ဓေတားနည်း တခုခုမသုံးဘဲ အမျိုးသားနဲ့ အတူတူနေမိတယ် ဒါမှမဟုတ် ပုံမှန်သုံးနေကြ သန္ဓေတားနည်း မှာ အကြောင်းတခုခုကြောင့် ( ဥပမာ ကွန်ဒုံးသုံးရင်ပေါက်တာ) အရေးပေါ်တာားနည်းလိုအပ်ရင် သုံးဖို့ပါ။ လိင်ဆက်ဆံမိပြီး (၅)ရက်အတွင်း သောက်ရပါမယ်။ စောစောသောက်နိုင်လေ ကိုယ်ဝန်မရအောင် ကာကွယ်နိုင်လေဖြစ်ပါတယ်။ အရေးပေါ်သန္ဓေတားဆေးဖြစ်တဲ့အတွက် အရေးပေါ်မှပဲ သုံးရပါမယ်။ ရေရှည်သန္ဓေတားဖို့အတွက် လုံးဝ မသင့်တော်ပါ ။ ခဏခဏ အရေးပေါ်မယ့် အခြေအနေမျိုးရှိရင်တော့ တခြားသားဆက်ခြားနည်းတွေနဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ဖို့ စဉ်းစားသင့်ပါတယ်။

တနေ့တလုံး သောက်တားစားဆေး

လအနည်းငယ်လောက်ပဲ သန္ဓေတားပြီး မကြာခင် ကလေးလိုချင်တဲ့ အမျိုးသမီးတွေ အတွက် သင့်တော်ပါတယ်။
ဟော်မုန်းပါတဲ့ တားဆေးပါ။ တနေ့တလုံးပုံမှန်သောက်ရပါတယ်။
ဆေးသောက်ရပ်ပြီး လ အနည်းငယ် အတွင်းမှာ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။နို့ထွက်နည်းစေတဲ့အတွက် နို့တိုက်မိခင်တွေ ကလေးမွေးပြီး (၆) လ နေမှ စသောက်ပါ။ ရာသီပေါ်ချိန် မဟုတ်ပဲ သွေးနည်းနည်း ဆင်းတာ၊ နည်းနည်း ၀လာတာ၊ ပိန်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဆေးသောက်တာ ကြာလာရင် ဒီဘေးထွက်ဆိုးကျိုးတွေ တဖြည်းဖြည်း ပျောက်သွားပါတယ်။ တချို့အမျိုးသမီးတွေဆို ဘာဘေးထွက် ဆိုးကျိုးမှ မခံစားရပါဘူး။
.
“Mate_မိတ်” မျိုးဆက်ပွားကျန်းမာရေး