ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမကိုယ် ယားယံခြင်းတွေ ဖြစ်နေလား
|မောပန်းလွယ်ခြင်း၊ မတည့်တဲ့အစားအစာတွေကို ချဉ်ခြင်းတပ်ခြင်းစတဲ့ စိတ်ပင်ပန်းစရာတွေအပြင် နောက်ထပ်ကြုံတွေ့နိုင်တာကတော့ မိန်းမကိုယ် ယားယံခြင်းပါပဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်ခြင်း၊ အစားစားချင်စိတ် များများဖြစ်ခြင်း၊ အစားလုံးဝမစားခြင်း၊ မောပန်းလွယ်ခြင်း၊ မတည့်တဲ့အစားအစာတွေကို ချဉ်ခြင်းတပ်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ စိတ်ပင်ပန်းစရာတွေအပြင် နောက်ထပ်ကြုံတွေ့နိုင်တာကတော့ မိန်းမကိုယ် ယားယံခြင်းပါပဲ။ ကိုယ်ဝန်ဆောင်သည်တိုင်းတော့ မိန်းမကိုယ် ယားယံခြင်းတွေ မဖြစ်ကြပါဘူး။ မိန်းမကိုယ် ယားယံတာက စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ပေမယ့် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ်ဖို့အတွက်တော့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မိန်းမကိုယ် ယားယံနေတာတွေ သက်သာ ပြေလျော့စေဖို့အတွက် လုပ်လို့ရတာလေးတွေ ရှိပါတယ်။ မိန်းမကိုယ် ယားယံတာတွေကို သက်သာစေဖို့ အစားအစာနဲ့ ထိန်းလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ စားတဲ့ အစားအစာတွေထဲ ဒိန်ချဉ် ပါအောင်စားပါ။ ဒိန်ချဉ် ဒါမှမဟုတ် ဒိန်ချဉ်နဲ့ ပြုလုပ်ထားတဲ့ အစားအစာစားပါ။ ဒိန်ချဉ်ဟာ PH Levelကို ထိန်းပေးတဲ့အပြင် ပိုးမွှားပေါက်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။
အရမ်းယားယံနေတယ်ဆိုရင်တော့ ယားယံတဲ့နေရာတဝို်က်ကို အဝတ်စမှာ ရေခပ်အေးအေးလေး စွတ်ပြီး ကပ်ပေးလို့ ရပါတယ်။ ရေနွေး၊ အပူလောင်စေမယ့်အရာတွေ မကပ်ပါနဲ့။ အရေပြားတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားလေးတွေပဲ ရွေးချယ်ဝတ်ဆင်ပါနော်။ ဂျင်းအကျပ်တွေနဲ့ အတွင်းခံ အရမ်းကျပ်တာတွေကို ကိုယ်ဝန်ဆောင်ကာလမှာ စွန့်လွှတ်လိုက်ပါနော်။ စိုစိုစိစိ ဖြစ်နေတဲ့ အထည်တွေ မဝတ်ပါနဲ့။ ဒါတွေက မိန်းမကိုယ် ယားယံတာကို ပိုဖြစ်စေပါတယ်။
မုန့်ဖုတ်ဆိုဒါလည်း အသုံးပြုလို့ ရပါတယ်။ မုန့်ဖုတ်ဆိုဒါက ယားယံခြင်းတွေ သက်သာစေပြီး ဘက်တီးရီယားတွေကို သေစေနိုင်ပါတယ်။ မုန့်ုဖုတ်ဆိုဒါကို ရေချိုးမယ့် ရေဇလုံထဲ ထည့်ပြီး မိန်းမကိုယ်တဝိုက် ဆေးကြောတာမျိုး လုပ်ပေးနိုင်ပါတယ်။
ယားယံခြင်းတွေကို သက်သာစေတဲ့ လိမ်းဆေးတွေလည်း အသုံးပြုနိုင်ပါတယ်။ ကုတ်ဖဲ့ထားလို့ ပဲ့နေတာမျိုး ရှိတယ်ဆိုရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ လိမ်းဆေးကိုသာ လိမ်းပါ။
ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ သန္ဓေသားလေး ဖွံ့ဖြိုးဖို့အတွက် အရည်တွေ အများဆုံးလိုအပ်တာကြောင့် မိန်းမကိုယ်မှာ ခြောက်သွေ့တာတွေ ဖြစ်လာပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ မိန်းမကိုယ်မှာ ချွေးထွက်များပြီး ကြားတဝိုက်မှာ ပူနွေးစိုစွတ်လာတာကလည်း ယားယံခြင်းစေတဲ့ အကြောင်းရင်းပါပဲ။ မေမေလောင်းတို့ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်ရင်လည်း ယားယံနိုင်ပါသေးတယ်။ ရေမွှေး၊ အဝတ်လျှော်ဆပ်ပြာ၊ ကွန်ဒုံး နဲ့ မိန်းမကိုယ်အတွင်းပိုင်းကိုဆေးကြောတဲ့ဆေးရည် စတဲ့အရာတွေမှာ မိန်းမကိုယ်တစ်ဝိုက်ကို ထိခိုက်စေတဲ့ အရာတွေပါလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ မိန်းမကိုယ်အရေပြားဟာပုံမှန်ထက် တုံ့ပြန်မှုပိုများလာ ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ဓာတ်ပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်တွေအစား ရနံ့ကင်းတဲ့ ထုတ်ကုန်တွေကို အစား ထိုး အသုံးပြုပါ။
Credit: Kalay