မူကြိုတက်စ ကလေးငယ်

မွေးကတည်းက ဆိုးလာတဲ့ကလေးရယ်လို့မရပါဘူး။ ဆိုးလာစေတဲ့အကြောင်းတွေကြောင့် ကလေးဆိုးဖြစ်လာတာပါ။
မူကြိုတက်စအရွယ်မှာ ဘာတွေခံစားတတ်ကြသလဲ။ သူတို့ကို ဘယ်လိုနားလည်မှုပေးလို့ ဘာတွေဖြည့်ဆည်းပေးရမလဲ ။ ဘာတွေပံ့ပိုးပေးဖို့လိုသလဲဆိုတာဟာ ကလေးကျောင်းနေပျော်ဖို့ အထူးအရေးကြီးပါတယ်။ ကလေးငယ်ငယ်ကတည်းက Nursery မထားခဲ့ဖူးဘူးဆိုရင် မူကြိုကျောင်းဆိုတာ သူတို့ဘဝမှာ ပထမဆုံး အိမ်နဲ့ခွဲခွါရတဲ့ မှတ်တိုင်တခုပါ။ အဲဒီနေရာမှာ သူတို့ပျော်ပါမှ ဒုတိယအဆင့် ဆည်းပူးခြင်းဆိုတာကို သူတို့ပျော်မှာပါ။မူကြိုကျောင်းစထားတဲ့နေရာဟာ သူတို့အတွက် စိတ်ဖိစီးစရာနေရာကြီးဖြစ်နေမယ် ၊ အဲဒီမှာရှိတဲ့လူတွေက သူတို့ကို မကြင်နာတတ်တဲ့သူတွေဖြစ်နေမယ်ဆိုရင် သူတို့စိတ်ထဲမှာ အိမ်နဲ့ ၊ မိဘဆွေမျိုးနဲ့ ခဏတာခွဲခွါရတာကို ကြောက်ရွံ့စိုးရိမ်စိတ်ကတမျိုး ၊ သူတို့အပေါ် မကောင်းဘူးလို့ သူတို့မှတ်ယူထားသူတွေနဲ့ နေရတာ ကြောက်ရွံ့စိုးရိမ်စိတ်ကတမျိုး စသဖြင့် ဒီစိတ်တွေ ဖိစီးနေမယ်ဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ ဆည်းပူးလေ့လာခြင်းဆိုတာကို သူတို့ဟာ စောစီးစွာ ပျော်ပျော်ရွှင်ရွှင် အာရုံမစိုက်နိုင်ကြတော့ဘူးပေါ့။ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုရင် အိမ်နဲ့ခွဲရမှာကြောက်တာ ၊ မိဘ သို့မဟုတ် သူအသားကျနေတဲ့လူတွေနဲ့ ခွဲခွါပြီး တစိမ်းတွေအလယ် တစ်ယောက်တည်းနေရမှာကို ကြောက်တာ ၊ အဲဒီသူတွေဟာ သူ့အပေါ်နူးညံ့ညင်သာစွာမဆက်ဆံတတ်ဘဲ အငိုတိတ်အောင် မာန်မဲအော်ဟစ်တတ်တဲ့သူ ၊ ခြေပါလက်ပါဆုံးမပြီး အငိုတိတ်နည်းတွေ သုံးတတ်တဲ့သူတွေ ဖြစ်နေခဲ့မယ်ဆို သူတို့အတွက် ကျောင်းဟာ ကြောက်စရာကြီးဖြစ်နေမှာပါ။

ကျောင်းစထားချိန် (မူကြိုစထားချိန်)မှာ ကလေးငယ်အများစုဟာ ငိုကြွေးတတ်ကြပါတယ်။ ကျောင်းမှာ ပျော်စရာတွေရှိနေမယ်ဆိုရင် ပထမဆုံးအကြိမ် ကျောင်းဆိုတာနဲ့ မိတ်ဆက်ခံရတဲ့ကလေးဟာ အများဆုံးတပတ် ၊ ဆယ်ရက်လောက်အထိပဲ ငိုတယ်လို့ ကျွန်မသိရပါတယ်။ ကျောင်းဆိုတာကို နားလည်တတ်တဲ့ အသက်အရွယ်မဟုတ်သေးရင်တော့ ကိုယ့်ကလေးအခြေအနေအပေါ်မူတည်လို့ ကျောင်းထားဖို့ အချိန်ရွေးသင့်ပါတယ်။

မူကြိုကျောင်းစနေတဲ့ကလေးဟာ Sharing လို့ခေါ်တဲ့ ဝေမျှခြင်းဆိုတာကို ကောင်းကောင်းနားလည်သိထားရမှာပါ။ မောင်နှမသားချင်းရှိတဲ့ကလေးတွေဟာ အိမ်မှာ ကိုယ့်မောင်နှမကို အမြဲမျှဝေလို့ စားအတူ ၊ ကစားအတူ ရှိနေတာမို့ သူတို့အတွက် သိပ်မခက်ခဲလှပေမယ့် အိမ်မှာ ကလေးတစ်ယောက်တည်းရှိတယ်ဆိုရင် ကလေးပစ္စည်း ၊ ကစားစရာ ၊ ဆော့စရာတွေကို ဘယ်သူနဲ့မှ ဝေမျှစရာမလိုဘဲ သူတစ်ဦးတည်း ဆော့ကစားနေရတာမို့ သူဟာ Sharing ဆိုတာကို အတော်ကျင့်ယူရဦးမှာပါ။ ဒါတောင် မိဘတွေက နားလည်အောင် ကောင်းကောင်းကျင့်ယူသင်ဦးမှပါ။ အလိုလိုက်တဲ့မိဘတွေရဲ့ တစ်ဦးတည်းသော သား ၊ သမီးတွေဟာ ဗိုလ်ကျအနိုင်ယူတတ်တဲ့အကျင့် ၊ ပစားပေးခံရတဲ့အကျင့်စွဲနေပြီဆိုရင်တော့ အဲဒီအကျင့်ကို အတော်ဖျောက်ယူရဦးမှာပါ။

ဒါကြောင့် မိဘတွေကို အစကတည်းက ကျွန်မအကြံပေးလိုတာက မိမိသားသမီးကို အလိုလိုက်တာပဲဖြစ်ဖြစ် ၊ ဆုံးမတာပဲဖြစ်ဖြစ် ရေရှည်ကို တွေးခေါ်ပြီး ပြုမူဆုံးမလို့ သင်ပေးသင့်တာတွေကို သင်ပေးရမှာပါ။ ကိုယ့်သားသမီးမို့ သူစိတ်မကျေနပ်ရင် အော်ဟစ်ပြောဆိုတာ ၊ ပစ္စည်းတွေလွှင့်ပစ်တတ်တာ ၊ လူးလှိမ့်အော်ဟစ်ငိုပြီး ဆန္ဒပြတတ်တာ ၊ မထင်မှတ်ရင် လက်ပါတတ်တာတွေကို ကိုယ်ကအပြစ်မယူဘူး ၊ ဗွေမယူဘူး ၊ သည်းခံနိုင်တယ်ဆိုပေမယ့် ကိုယ့်သားသမီးမှာ ဒီအကျင့်ကြီးစွဲသွားရင်ခက်ပြီ။ အိမ်ထဲကထွက်ပြီး ကျောင်းစတက်ရမယ့်သူဟာ ဆရာမတွေနဲ့ တခြားကလေးတွေက ကလေးဆိုးလို့ အမည်တပ်ခံရတော့မှာပါ။

ကိုယ့်ကလေးကိုတကယ်ချစ်တယ်ဆိုရင် ကလေးလူဝင်ဆံ့မယ့် အကျင့်စရိုက်တွေ ၊ အပြုအမူ ၊ အပြောအဆိုတွေကို ကလေးလူတောမတိုးခင် (မူကြိုမနေခင်) အိမ်မှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာ ကလေးအနီးအနားက လူကြီးမိဘတွေရဲ့ တာဝန်ပါ။ ကိုယ်က ကိုယ့်ကလေးမို့ တသက်တာခွင့်လွှတ်သွားနိုင်ပေမယ့် တစိမ်းတွေက ကိုယ့်ကလေးကို ကိုယ်တွေးမြင်ခွင့်လွှတ်သလို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး။ အိမ်မှာအကျင့်ဖြစ်နေတဲ့ အမူအကျင့် ၊ အပြောအဆိုတွေကြောင့် တစိမ်းအလယ် ကလေးဆိုးဆိုတဲ့တံဆိပ် အကပ်ခံရတာ ကလေးအပြစ်မဟုတ်ဘဲ ကလေးကို သွန်သင်ဆုံးမဖို့ ပျက်ကွက်ခဲ့တဲ့ မိဘတွေရဲ့အပြစ်ပါ။

“မိမဆုံးမ ဖမဆုံးမကလေး” ဆိုတဲ့စကားဟာ အပြောခံရတဲ့ကလေးအတွက် နာစရာပါ။ ဘာကိုနာရမှန်းမသိဘဲ အတော်နာကျင်ကြရပါတယ်။ ကိုယ့်အပြစ်မဟုတ်ဘဲ ကိုယ်အပြစ်တင်ခံရသလိုမျိုးပေါ့။ ကိုယ်ဟာပြုမူနေကျအတိုင်း ပြုမူပြောဆိုနေပေမယ့် ကိုယ်အသားကျနေတဲ့ အဲဒီအပြုအမူ ၊ အပြောအဆိုတွေဟာ အများအလယ် ပြစ်တင်စရာ ၊ ရှုံ့ချစရာ ၊ ကဲ့ရဲ့စရာတွေဖြစ်လို့ သိမ်ငယ်ခံစားကြရတာဟာ မိဘတွေက နည်းမှန်လမ်းမှန် သွန်သင်ဆုံးမမှုတွေမပြုခဲ့လို့ လူဆိုးတံဆိပ်အကပ်ခံရတဲ့ ကလေးတွေပါ။

ကလေးဆိုးလို့ အမည်တပ်ခံရတဲ့ကလေးတွေဟာ သိမ်ငယ်စိတ်တွေ ၊ အလိုမကျစိတ်တွေနဲ့ ပိုဆိုးလာတတ်တယ်။ သူတို့ကိုနှိမ်ချလေ ၊ လူရာမသွင်းလေ ဆိုးသထက်ဆိုးလာတတ်ကြတယ်။ ဒါကြောင့် ကိုယ့်ကလေးကို ကလေးဆိုးလေးတွေ မဖြစ်စေချင်ဘူးဆိုရင် နည်းမှန်လမ်းမှန် ဆိုဆုံးမသင်ပြတတ်ဖို့ လိုပါတယ်။

ကလေးဟာ သူ့အရွယ်နဲ့ သူ့နားလည်နိုင်မှု အချိန်မတန်သေးဘဲ ကျောင်းနေရတယ်ဆိုရင် သူနားမလည်တဲ့စာတွေ ၊ လိုက်မမီတဲ့စာတွေကြောင့် သိမ်ငယ်စိတ်တွေ ၊ ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်တွေ ၊ ဆရာမနဲ့ အတန်းဖော်တွေ ကြည့်တဲ့အကြည့်တွေ ၊ မိဘရဲ့ အားမလိုအားမရစကားတွေကြောင့် စာဘက်မှာ စိတ်ပျက်သွားတတ်ကြပါသေးတယ်။ ဒါကြောင့် ကလေးကို သူ့အချိန်နဲ့သူ နည်းမှန်လမ်းမှန် သင်ကြားပြသတတ်ဖို့ဟာလည်း အလွန်အရေးကြီးပါတယ်။

ကျွန်မက တစ်ဦးတည်းသောသမီးလေးကို မွေးထားတာမို့ သမီးသုံးနှစ်အရွယ်မှာ Nursery (1) စတက်ဖို့ ကျောင်းအပ်ခဲ့ဖူးပေမယ့် Sharing ဆိုတာ ကောင်းကောင်းနားမလည် ၊ အိမ်မှာလည်း မောင်နှမတွေနဲ့ ဝေမျှဆော့ကျင့်မရှိ ၊ ကျွန်မအမျိုးသားကလည်း ကလေးကို မျက်နှာတချက်အညိုမခံဘဲ ဖြည့်စွမ်းပေးတတ်သူမို့ ကလေးဟာ ကျောင်းစတက်တဲ့အချိန်မှာ သူ့အနီးအနားရှိတဲ့ကစားစရာတွေဟာ သူတစ်ယောက်တည်း ကစားရမယ့်အရာ ၊ တခြားသူတွေလာယူရင် အသည်းအသန်ငိုတာနဲ့ ကလေးရော မိဘတွေပါ သူအငိုတိတ်အောင် ချော့မော့ဖြောင်းဖျရင်း အတော်စိတ်ဖိစီးခဲ့ကြရဖူးတယ်

အဲဒီနေ့ကစပြီး ကျွန်မတို့ဇနီးမောင်နှံနှစ်ဦး ဆွေးနွေးပြီး ကလေးကို Nursery (1) မထားတော့ဘဲ နောင်နှစ်မှစထားဖို့ သဘောတူခဲ့ကြပါတယ်။ ကျောင်းမှာသင်တဲ့နည်းတွေ ၊ လေ့ကျင့်ဖို့စာတွေ ၊ ဖတ်ပြဖို့စာအုပ်တွေကို ကျွန်မစုဆောင်းပြီး နေ့စဉ် နာရီဝက်လောက် အချိန်ခြားခြားပြီး ကလေးကို စာဖတ်ပြတာ ၊ အတူအရောင်ခြယ်တာ ၊ ပုံဆွဲတာ ၊ Sharing နဲ့ဆိုင်တဲ့ အကြောင်းအရာကို ပုံပြင်ရော ၊ အလေ့အကျင့်ရော အိမ်နဲ့အပြင်မှာပါ အမျိုးမျိုး လေ့ကျင့်သင်ကြားပါတယ်။ Nursery (1) ကို ကျောင်းမှာ မထားတော့ပေမယ့် အဲဒီမှာသိသင့်တဲ့ အကြောင်းအရာတွေကို အိမ်မှာ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

ဒီနှစ်မှာတော့ မတက်မဖြစ်တဲ့ Nursery (2)ကို သမီးလေး လေးနှစ်မပြည့်မီ စတက်နေပါပြီ။ ကျောင်းစတက်တဲ့ရက်မှာ မိဘနှစ်ဦးစလုံး ကလေးကို အတန်းထဲထိ အတူနေပေးခဲ့ပါတယ်။ ကျွန်မတို့ထားတဲ့ကျောင်းက သုံးရက်တိတိ အတန်းထဲ မိဘလိုက်ခွင့်ပေးပါတယ်။ ဒုတိယနေ့မှာတော့ သမီးလေးကို အတန်းမဆင်းမီ နာရီဝက်လောက် အတန်းထဲမှာထားခဲ့ပြီး သူမမြင်တဲ့နေရာမှာ ကျွန်မပုန်းနေခဲ့ပါတယ်။ အမေပျောက်လို့ရှာငိုနေတဲ့ သမီးလေးအသံကို ကြားတာပေါ့။ တခြားမိဘတွေပြောသလို ရင်မနာပါဘူး။ ဒီနေ့ဟာ မလွဲမသွေကြုံတွေ့ရမှာပဲ။ ကလေးကို လူရာဝင်စေချင်ရင် မိဘရင်ခွင်ထဲမှာ အမြဲထွေးပိုက်ထားဖို့ မဖြစ်နိုင်ဘူးလေ။

တတိယနေ့မှာတော့ သမီးလေးအတန်းထဲအထိ မဝင်တော့ဘဲ တံခါးဝကနေ နှုတ်ဆက်ပြီး အပြင်က သမီးကျောင်းဆင်းချိန်အထိ ကလေးမမြင်အောင် စောင့်ခဲ့ပါတယ်။ ဒီမှာက ပထမသုံးရက်ကို တနေ့ တစ်နာရီခွဲပဲသင်တာ။ နောက်ရက်တွေမှာတော့ တနေ့သုံးနာရီနဲ့ တပတ်ငါးရက်သင်ပါတယ်။ တတိယနေ့မှာလည်း သမီးလေး အသည်းအသန်ငိုပါသေးတယ်။ ဒုတိယနေ့မှာ ကျွန်မသိခဲ့တာက ကလေးဟာ အိမ်ကလူကို မမြင်ရရင်ငိုပေမယ့် နောက်ပိုင်းမှာ အတန်းထဲ အတန်းဖော်တွေ ၊ ဆရာမတွေ ၊ Activity တွေနဲ့ အသားကျပြီး အိမ်ကိုခဏမေ့သွားတတ်ပါတယ်။ အိမ်ကလူချောင်းကြည့်နေတာ ပြန်တွေ့ရင်တော့ ပြန်ငိုပါတယ်။ ကိုယ်စိတ်မချသေးရင် အပြင်က စောင့်ချင်စောင့်ပါ။ ကိုယ့်ကလေး စိတ်ဖိစီးလို့ အသည်းအသန် ငိုနေတာမျိုး မမြင်ချင်ရင်ကိုယ်ရှိနေတာ ကလေးကို ပေးမသိပါနဲ့။

စတုတ္ထနေ့မှာတော့ သမီးရဲ့ကျောင်းက တာဝန်ကျဆရာမတွေတွေဟာ ကျောင်းဆင်ဝင်အောက်ကနေ လာသမျှကလေးတွေကို ကျန်းမာရေးအရင်စစ်ဆေးပြီးမှ သက်ဆိုင်ရာအတန်းတွေဆီ ဆရာမတွေကိုယ်တိုင် လိုက်ပို့ပေးတာမို့ ကျောင်းလာပို့တဲ့မိဘတွေမှန်သမျှဟာ ကျောင်းဝကနေ ကလေးပို့ပြီး လှည့်ပြန်ကြရတာပါ။ ကလေးတက်နေတဲ့ ကျောင်းခန်းနားအထိ ပေးမသွားတော့ပါဘူး။ ဘာဖြစ်လို့လဲဆို ကလေးတစ်ယောက်ငိုရင် ကျန်တဲ့ကလေးအချို့ပါ အိမ်ကိုသတိရပြီး လိုက်ငိုကြတဲ့အတွက် ထိန်းရခက်လို့ဖြစ်ပါတယ်။ အဲဒီနေ့မှာတော့ ကျောင်းဝကနေ ငိုနေတဲ့သမီးကို လက်ပြပြီး ကျွန်မဟာ သမီးကြိုက်တတ်တဲ့အစာတွေ အိမ်ပြန်ယူပြီးပြန်လာခဲ့မယ်လို့ ကတိပေးခဲ့ပါတယ်။ ကျောင်းပြန်ကြိုတဲ့အချိန်မှာ ကလေးကြိုက်တဲ့ အစာနှစ်မျိုး ၊ သုံးမျိုး ယူသွားပြီးမှ သွားကြိုပါတယ်။

ကျောင်းစတက်တဲ့ ငါးရက်မြောက်နေ့မှာ ကျွန်မသမီးဟာ ကျောင်းတက်ရင် မငိုတော့ပါဘူး။ ခုမှကျောင်းနဲ့စရင်းနှီးလာတဲ့သမီးဟာ ကျောင်းဝကနေ အမေကိုလက်ပြလို့ သူ့ဘာသာ ကျန်းမာရေးသွားအစစ်ခံတာ ၊ သူ့ဆရာမနဲ့အတူ သူ့အတန်းဘက်ထွက်သွားတာတွေကို တည်တည်ငြိမ်ငြိမ်လုပ်ရင်း သူကြိုက်တဲ့အစာတွေနဲ့ ပြန်လာဖို့ အမေကိုမှာခဲ့ပါသေးတယ်။ ဒါကြောင့် ကျွန်မရဲ့ နည်းဗျူဟာ အောင်မြင်ခဲ့ပါတယ်။ ကျွန်မသမီးဟာ Play Group ဆိုတာတွေကိုတောင် မသွားခဲ့ဖူးသူပါ။

ကျောင်းဖွင့်တာ တပတ်လောက်ရှိတော့ သမီးလေးအတန်းကို အပြင်ကနေ (အတန်းထဲကကလေးတွေမသိအောင်) ချောင်းကြည့်ခွင့်ရတော့ သမီးလေးဟာ ကျောင်းထားစရက်ပိုင်းအတွင်း အတန်းဖော်အသစ်တွေနဲ့ ပြောဟယ် ၊ ဆိုဟယ်နဲ့ ကစားနေပါပြီ။ ကျောင်းကပြန်လာရင် ကျောင်းမှာသင်တာတွေ အမေမမေးဘဲ သူ့ဘာသာ စိတ်လိုလက်ရ ရွတ်ပြတတ်ပါပြီ။

ကျောင်းသွားတော့မယ်လို့ ကျွန်မရေရွတ်လိုက်တာနဲ့ ငိုသံတစက်မကြားရဘဲ မနက်၇နာရီခွဲ အိပ်ယာထ ၊ သွားတိုက်ရေးချိုးပြီး မနက်စာပါစားလိုက်ပါသေးတယ်။ ကျောင်းက မနက်၈နာရီခွဲစတက်တာလေ။ ဆံပင်ညှပ်တာလည်းမကြိုက် ၊ ဆံပင်အရှည်ကို တခါခါနဲ့အမြဲလုပ်နေတတ်တဲ့ ကျွန်မသမီးလေးဟာ ကျောင်းတက်တဲ့ဒုတိယနေ့ကစလို့ တသက်လုံးအကြောက်အကန်ငြင်းလာခဲ့တဲ့ ဆံပင်စည်းနှောင်ခြင်းအလုပ်ကိုလည်း ကြည်ကြည်သာသာလက်ခံတာ ကျွန်မအတွက်ကတော့ အံ့သြစရာပါ။ ဒါဟာ အတန်းဖော်တွေနည်းတူ လုပ်ဆောင်နေထိုင်တတ်လာတဲ့သဘောပါ။ ဒီလိုပဲဖြစ်သင့်တာပါ။

ဒါတွေ ကျွန်မဘာဖြစ်လို့ပြောပြနေသလဲဆိုတော့ ကျွန်မဟာ သူကျောင်းမတက်မီကတည်းက ကျောင်းမှာသူငယ်ချင်းအသစ်တွေနဲ့ ဘာတွေ ဘယ်လိုဆော့ရမယ် ၊ ဘယ်လိုဆေးရောင်ခြယ်လို့ ၊ ဘယ်လိုကခုန် ကစားကြရတယ်ဆိုတာ စာတွေဖတ်ပြ ၊ ပုံတွေပြောပြ ၊ ဗွီဒီယိုဖိုင်တွေလည်း ဖွင့်ပြလို့ ကျောင်းဟာ ပျော်စရာကောင်းကြောင်း ၊ အမေအနားမှာမရှိပေမယ့် အမေဟာ သူ့အကြိုက်စားစရာတွေနဲ့ သူ့ကို ပြန်လာခေါ်မှာဖြစ်ကြောင်း လေ့ကျင့်ပေးထားခဲ့တာပါ။

ကျောင်းဆင်းရင်လည်း ရက်ခြားဆိုသလို သူ့အတန်းကဆရာမတွေကို နှုတ်ဆက်လို့ ကလေးရဲ့အခြေအနေကို မေးမြန်းပါတယ်။ သမီးရဲ့အတန်းဖော်တွေထဲက ကလေးမိခင်တွေနဲ့လည်း မိတ်ဆွေဖွဲ့ထားပြီး သူ့ကလေး ၊ ကိုယ့်ကလေးအကြောင်းနဲ့ ကျောင်းကဆရာမတွေရဲ့ ကလေးဆက်ဆံပုံတွေ ၊ ကျောင်းကပွဲတွေဆိုတာတွေကိုလည်း ကိုယ်တိုင်ကကူတဲ့အခါဝင်ကူလို့ ကျောင်းနဲ့ကိုယ် ၊ ဆရာမတွေနဲ့ကိုယ် ၊ သမီးလေးအတန်းဖော်တချို့ရဲ့ အုပ်ထိန်းသူတွေနဲ့ လိုက်လျောညီထွေရှိအောင်နေပြီး ကိုယ့်ကလေးရဲ့အခြေအနေကို အမြဲလေ့လာပါတယ်။ ဒါမှ လိုအပ်တာလေးတွေကို ကိုယ့်ဘက်က အချိန်မီပြင်ဆင် ပံ့ပိုးစရာရှိတာတွေ ပံ့ပိုးပေးလို့ရမှာပေါ့။

ကလေးကျောင်းပြန်ကြိုတဲ့အခါ သူ့အကြိုက်အစားအစာတွေကို အပြန်လမ်းမှာစားရင်း စိတ်တက်ကြွမှုကို အရင်ယူပါတယ်။ အိမ်ရောက်ရင် သူလုပ်ချင်တာ (ဥပမာ ကာတွန်းကြည့်တာ)ကို တစ်နာရီလောက် လုပ်ခွင့်ပေးပြီး အစာတခုထပ်ကျွေးပါတယ်။ ကျောင်းသွားတုန်းကတော့ အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဗူးစားခဲ့တာပေါ့။ အိမ်ရောက်တော့ ခဏနေပြီးတခုထပ်လုပ်ကျွေးတာပါ။ ပြီးရင် တစ်နာရီလောက် ကာတွန်းကြည့်ခွင့်ပြန်ပေးတယ်။ ပြီးရင် ကလေးကိုတရေးသိပ်ပါတယ်။ မနက်အစောထတဲ့ ကလေးဦးနှောက်ကို နေ့လည်မှာ ပြန်အနားပေးတဲ့သဘောပါ။

အိပ်ရာနိုးရင် အဆာပြေစားသောက်ပြီး ကလေးနဲ့အတူ စာဖတ်တာ ၊ ပုံဆေးခြယ်တာ ၊ ပုံဆွဲတာ ၊ စာရေးတာတွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အတူကစားရင်းနဲ့ တစ်နာရီခွဲ နှစ်နာရီလောက် စာလုပ်ကြပါတယ်။ ပြီးရင် ညစာကျွေးပြီး မိသားစုအတူ ကစားတာမျိုး ၊ သူကြိုက်တဲ့ကာတွန်းကားပေးကြည့်တာမျိုးတွေလုပ်ပြီးမှ ကလေးကိုအိပ်စေတာဖြစ်ပါတယ်။ ကလေးဟာ ကျောင်းနေချိန်မှာ ကျောင်းမှာလည်းပျော် ၊ အိမ်မှာလည်းပျော် ၊ ကျောင်းမှာသင်တာတွေ စိတ်ဝင်စားလို့ အိမ်မှာသင်တာတွေလည်း စိတ်ဝင်စားမယ်ဆို မူကြိုကျောင်းစနေတဲ့ကလေးဟာ ပထမခြေလှမ်းကို အောင်မြင်စွာလှမ်းတက်နိုင်ပါပြီ။

အစကောင်းမှ အနှောင်းသေချာတာလေ။ ကျောင်းစတက်ရတာပျော်မှ ၊ ပထမဆုံးလေ့လာသင်ကြားရတဲ့ ကျောင်းစာတွေကို စိတ်ပါဝင်စားစွာလေ့လာမှ ပညာသင်ယူဖို့ သူတို့ဟာ စိတ်အားထက်သန်မှာဖြစ်ပါတယ်။ ပညာသင်ယူဖို့ စိတ်အားထက်သန်နေမှ သူတို့ရဲ့ ဆန်းသစ်တီထွင်ဥာဏ်တွေဟာ ကွန့်မြူးလာမှာဖြစ်ပါတယ်။ ဒါဟာ ကျောင်းနေမှ ၊ ကျောင်းပျော်မှ ဆန်းသစ်တီထွင်တတ်တယ်လို့ ဆိုလိုတာမဟုတ်ဘဲ မိမိရဲ့ဆန်းသစ်တီထွင်မှုတွေဟာ သင်ယူလေ့လာမှုတွေနဲ့ အရောင်မတင်ထားရင် အရာမထင်ဖြစ်နေတတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ပြောင်မြောက်တဲ့ ဆန်းသစ်တီထွင်မှုတိုင်းဟာ သင်ယူလေ့လာထားမှုတွေ ရှိမနေဘဲ သူ့အလိုလိုဗြုန်းခနဲ ပေါ်လာတတ်တာမျိုးမဟုတ်တာမို့ မိမိရဲ့ကလေးငယ်တွေကို သင်ယူလေ့လာမှုတွေမှာ ပျော်ရွှင်တတ်ရင်းက သူဝါသနာပါရာတွေမှာ ဆန်းသစ်တီထွင်ပြီး ကြိုးစားလိုစိတ်တွေ ဖြစ်ထွန်းလာအောင် ၊ ဒီကတဆင့် ထူးချွန်အောင်မြင်တဲ့ သားကောင်း ၊ သမီးကောင်းတွေအဖြစ် ပျိုးထောင်ပေးရမှာ မိဘတွေဖြစ်တဲ့ ကျွန်မတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။

Credit – ရတု (Burmesehearts)