သမီးငယ်ငယ် ဖြစ်လေ့ရှိတယ် သတိမူမယ် ကာကွယ်ကြမယ် ****************************

အပေါ်ပိုင်း နှင့် အောက်ပိုင်း ခွဲရေးထားသည်။

(၁) အပေါ်ပိုင်း
🔰 မွေးကင်းစ သမီးငယ်များတွင် ရင်သားစူခြင်း၊ ရင်သားမို့မောက်နေခြင်းသည် မိခင် သားအိမ်တွင်း နေစဉ် မိခင်၏ အမျိုးသမီး ဟော်မုန်းနှင့် အချိန်ကြာ တွေ့ထိခဲ့သောကြောင့် ဖြစ်ပါသည်။ အချိန်တို အတွင်း အလိုလို ပျောက်သွားမည်ဖြစ်၍ နှိပ်နယ်ခြင်း၊ ဖိနှိပ်ခြင်း မပြုပါနှင့်။

🔰 မွေးကင်းစ သမီးငယ်များ၏ ရင်သားနှစ်ဖက်တွင် အကျိပ်ကဲ့သို့ အလုံးသေးသေးလေးများ စမ်းမိလျှင် မညှစ်ပါနှင့်။ စိုးရိမ်ခြင်း မရှိပါနှင့်။ ပုံမှန်တွင် ရှိသော glands ဟုခေါ်သည် အရည်အိတ်လေးများက မိခင်ထံမှ ရသော ဟော်မုန်းကြောင့် ယာယီကြီးထွားနေ၍ အကျိပ်လေးများ သဖွယ် ဖြစ်နေခြင်း ဖြစ်ပါသည်။

🔰 မွေးကင်းစ သမီးငယ်များ၏ ရင်သားနှစ်ဖက်သည် စူနေခြင်းမရှိ၊ အကျိပ်လေးများလည်း မရှိပဲ ပုံမှန်ဖြစ်နေလျက်နှင့် ရပ်ကွက်ထဲမှ အဒေါ်ကြီး တစ်ဦးက ညှစ်ပေးပါဟု ပြောသောကြောင့်လည်း မညှစ်ပေးပါနှင့်။
အကျိုးမရှိသည့် အပြင် နူးညံ့သော အတွင်းသား တစ်သျူးများ သွေးခြေဥ နိုင်ပါသည်။

(၂) အောက်ပိုင်း
(က) သွေးစက်ဆင်းခြင်း
🔰 မွေးကင်းစ သမီးငယ်များ၏ သားအိမ်လမ်းကြောင်း ပေါက်လေးမှ သွေးစက်လေးများ ထွက်ခဲ့သည်ရှိသော် စိုးရိမ်စိတ် မလွန်ပါနှင့်။ မွေးကင်းစ သမီးငယ် ၁၀၀ မှာ ၅ ယောက်လောက် ဖြစ်တတ်ပြီး ၃-၄ ရက် အတွင်း ရပ်စဲသွားပါမည်။

(ခ) vulvovaginitis
🔰 သမီးငယ်များ၏ ဆီးသွားပေါက် ပတ်လည်၊ သားအိမ်လမ်းကြောင်းပေါက် ပတ်လည်တွင် နီပြီး ယောင်နေသော ပြဿနာက အဖြစ်များသည်။ ၂ နှစ် နှင့် ၈ နှစ်ကြား သမီးငယ်တိုင်းလိုလို ကြုံဖူးကြသည်။ ငယ်လွန်း၍ မပြောပြတတ်သည်လည်း ရှိသည်။ ယားသည်။ နာသည်။ ဆီးသွားလျှင် စပ်ဖျင်းဖျင်း ဖြစ်မည်။ အတွင်းခံမှာ အဝါရောင် အရည်လေး စွန်းပေနိုင်သည်။

ဖြစ်ရသည့် အကြောင်းရင်းက vagina ဟုခေါ်သည့် သူတို့ သားအိမ်လမ်းကြောင်း၏ အောက်ပိုင်း အတွင်းသားလေးက နူးညံ့လွန်း၍ ထိလွယ် ရှလွယ်ခြင်းကြောင့် ဖြစ်သည်။ ရေချိုးစဉ် ကျန်ခဲ့သော ဆပ်ပြာမြှုပ်များကြောင့် ယောင်နိုင်သလို စိုထိုင်းမှု များလွန်း၍လည်း ဖြစ်တတ်သည်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် မရောစေလိုပါ။

အများအားဖြင့် တစ်ရက် နှစ်ရက်အတွင်း သဘာဝ အလျောက် ပျောက်သွားသည်။ နာကျင်တာ သိပ်ဆိုးလျှင် ရှာလကာရည် အဖြူ လက်ဖက်ရည်ခွက်ဝက် (၁၀၀-၁၅၀ ml) လောက်ကို ရေချိုး ဇလုံထဲထည့်၍ ရေနွေးနွေး ဖြည့်ကာ ၁၀ မိနစ် ၁၅ မိနစ်လောက် ပေးစိမ်လိုက်ပါ။

အဖြစ်များလွန်း၍ မဖြစ်အောင် ကာကွယ်သင့်သည်။ ထိုနေရာကို ဆပ်ပြာ အများကြီး မတိုက်ပါနှင့်။ တိုက်ပြီးလျှင် ရေနှင့် သေချာလောင်းဆေးပါ။ ဂျင်းဘောင်းဘီ ကျပ်ကျပ်၊ နိုင်လွန် အသားကပ်ဘောင်းဘီများ မဝတ်ပေးပါနှင့်။ ချည်သား အတွင်းခံ၊ ချည်သား ဘောင်းဘီပွတို့ ဝတ်လျှင် ထိုပြဿနာ ဖြစ်ခဲသည်။

တခါတရံ ဘက်တီးရီးယားကြောင့်လည်း ဖြစ်တတ်၍ မပျောက်ဘဲ ကြာနေလျှင်၊ လက္ခဏာ ပြင်းထန်လျှင် ဆရာဝန်က ဘာပိုးပေါက်လဲစစ်နိုင်သည်။ antibiotics ပိုးသတ်ဆေး လိုအပ်သည်။ တုပ်ကောင်ကြောင့် ယားရင်၊ ယောင်ရင်တော့ သန်ချဖို့ လိုသည်။

(ဂ) ဆီးသွားလမ်းကြောင်း ပိုးဝင်ခြင်း
🔰 သမီးငယ်များ၏ ဆီးလမ်းကြောင်းက တို၍ သားလေးများထက် အဖြစ်ပိုများသည်။ အရေပြားနှင့် အနောက်ဘက် ဝမ်းသွားလမ်းကြောင်းမှ ဘက်တီးရီးယားများက ဆီးသွားပေါက်မှ တဆင့် ဆီးအိမ်ပေါ်သို့ အလွယ်တကူ တက်နိုင်ကြသည်။ ဆီးအိမ်တွင်းမှ ဘက်တီးရီးယားကို ပိုးသတ်ဆေး ပေး၍ အချိန်မီ မသတ်လျှင် ကျောက်ကပ်ထိ ရောက်သွားမည်။

ဆီးသွား လမ်းကြောင်း ပိုးဝင်သော သမီးငယ်က စကားမပြောတတ်လျှင် ဖျားမည်၊ အန်မည်။ ငိုလွန်းမည်။ ပြောတတ်လျှင် ဆီးသွားလျှင် နာကြောင်း၊ ဗိုက်အောင့်ကြောင်း ပြောမည်။ ဖျားမည်။ အန်နိုင်သည်။ ဆရာဝန် မြန်မြန်ပြ၍ သင့်လျော်သော antibiotics ပိုးသတ်ဆေးပေးပါ။ အရွယ်ပေါ်မူတည်၍ မိခင်နို့ (သို့) ရေများများ တိုက်ပါ။

ကာကွယ်ရန်မှာ သမီးငယ် အီအီးပါပြီးသည့် အခါ ရှေ့မှ နောက်သို့ အီးကုန်းစက္ကူသုံးပြီး သုတ်၍ သန့်စင်ပါ။ နောက်မှ ဘက်တီးရီးယားများ ရှေ့ပေါက်ထဲ ရောက်မလာရန် နောက်မှ ရှေ့သို့ မပွတ်ရ။ ဆီးသွားပြီးလျှင် ရေ (သို့) အိမ်သာသုံး စက္ကူနှင့် သန့်စင်ပါ။ ရေမှန်မှန် ချိုးပေးပါ။

👩🏻‍⚕️ သမီးငယ်များ၏ ကိုယ်ပိုင်အဂါင်္လေးများ အကြောင်း မှန်ကန်စွာ နားလည်၍ လိုအပ်တာဆောင်၊ မလိုအပ်တာ ရှောင်နိုင်ကြစေရန် ရည်ရွယ်ရေးပါသည်။

နေနေမိုးဆွေ (Child Health Myanmar)
Photo credit to Google
#naynaymoeswe
www.childhealthmyanmar.com