သြစတေးလျကမ်းခြေတွင် ရေနစ်နေသော ဆယ်ကျော်သက် (၂) ဦးအား ဒရုန်းဖြင့် ကယ်ဆယ်ခဲ့

Drone

သြစတေးလျကမ်းခြေမှာ ဒရုန်းကို ရေကူးသမားတွေ အန္တရာယ်ရှိတဲ့ အခြေအနေမှ ကယ်ဆယ်ဖို့  အသက်ကယ် ကိရိယာအဖြစ် အသုံးပြုနေပြီဖြစ်ပါတယ်။ ဆယ်ကျော်သက် လူငယ် ၂ယောက် Byron Bay ကမ်းခြေက ပင်လယ်ထဲမှာ ဒုက္ခဖြစ်နေတုန်းမှာပဲ ကံကောင်းထောက်မစွာနဲ့ သူတို့အနီးမှာ ဒရုန်းများဖြင့် ကယ်ဆယ်ရေးအစီအစဉ်ကို စမ်းသပ်မောင်းနှင်နေတာ ဖြစ်ပါတယ်။ Litter Ripper လို့ ခေါ်တဲ့ ဒရုန်းဟာ ကောင်လေးတွေနားအရောက်မှာ အချက်ပေးသံမြည်ခဲ့ပါတယ်။

အသက် ၁၇နှစ်နှင့် ၁၈နှစ်အရွယ် ကောင်လေးနှစ်ယောက်ဟာ အန္တရာယ်ဇုံအဖြစ် သတ်မှတ်ထားတဲ့ ၃ မီတာအနက်တဲ့ ရေပြင်မှာ အခက်အခဲတွေ့နေတာဖြစ်ပြီး ကယ်ဆယ်ရေးကြီးကြပ်ရေးမှူး Jai Sheridan မှ သူတို့ကို ကယ်တင်ရန်အတွက် ဒရုန်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ Little Ripper လို့ခေါ်တဲ့ ဒရုန်းက သူတို့ရဲ့အပေါ်ကို ပျံသန်းသွားပြီး အရေးပေါ် အသက်ကယ်လေမှုတ်ဘောတစ်ခုကို ချပေးခဲ့ပြီး ကမ်းခြေကို သူတို့ပြန်လာနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ Little Ripper ဒရုန်းကို ကယ်ဆယ်ရေးမှူးမှ မောင်းနှင်ခဲ့တာဖြစ်တယ်လို့ Australian MP Nail Blair မှ news.com.au သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ဒရုန်းကိုအသုံးပြုပြီး ရေးကူးသမားတွေရဲ့ နေရာကိုမှတ်သားကာ ကယ်ဆယ်ရေးဘောကို ချပေးခဲ့တာဖြစ်ပြီး ဘောကိုအမှီပြုပြီး ကမ်းခြေကို ပြန်ကူးလာနိုင်အောင် ကူညီပေးခဲ့တယ်လို့ ကင်မရာ မှတ်တမ်းများအရ တွေ့နိုင်ပါတယ်။ လူငယ် ၂ဦးက ဘောကိုအမှီပြုပြီး ကမ်းခြေကို မောမောပန်းပန်း ပြန်လည်ကူးခတ်ကာ ဘေးမသီရန်မခ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒရုန်းက ၁ကီလိုမီတာ အမြင့်မှ ပျံသန်းပြီး သူတို့ဆီကို တစ်မိနစ်အတွင်းမှာ ဘောကိုချပေးခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေကိုယ်တိုင် ဒရုန်းမပါဘဲ လူငယ်တွေဆီကို ရောက်ရှိဖို့ဆိုရင်တော့ အနည်းဆုံး ခြောက်မိနစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ NSW အစိုးရအဖွဲ့ဟာ ဒရုန်းနည်းပညာအတွက် ရန်ပုံငွေ ဒေါ်လာ ၄၃၀၀၀၀ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်တယ်လို့ ပြည်နယ်တာဝန်ခံ Jogn Barilaro က ပြောကြားခဲ့ပါတယ်။ ဒီလိုကယ်ဆယ်မှုမျိုးဟာ ကမ္ဘာမှာ ပထမဆုံးပါ။ အခုလိုမျိုး ဒရုန်းကို အသုံးပြုပြီး ကယ်ဆယ်တာ အရင်က မရှိခဲ့ပါဘူးဟု Barilaro ကပြောကြားခဲ့သည်။ NSW အစိုးရရဲ့ နည်းပညာအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုကြောင့် အခုလို လူနှစ်ယောက်ရဲ့အသက်ကို မယုံကြည်နိုင်အောင် ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Credit: www.ibtimes.co.uk

တုနှိုင်းခမှ ဘာသာပြန်ဆို ရေးသားသည်။