ကူညီပါရစေ၊ ကလေးရကြဖို့ (၁)
|ဒီပြဿနာကို ကူညီဖြေရှင်း ပေးပြီး အောင်အောင်မြင်မြင်နဲ့ ကလေးရသွားနိုင်အောင် အကြံဉာဏ်များ ပေးဖို့ ဒီ post ကို ရေးပေးခြင်း ဖြစ်ပါတယ်။ နတ်ပြည်က ကျလာတဲ့ အပ်တစ်ချောင်းနဲ့ လူ့ပြည်က တက်သွားတဲ့ အပ်တစ်ချောင်း ထိမိဖို့ထက် လူသားတစ်ယောက် ဖြစ်လာဖို့က ပိုခက်ခဲတယ်လို့တောင် ဘုရားဟော ရှိခဲ့ပါတယ်။ ဒါကြောင့် မအောင်မြင်သေးရင် စိတ်မပျက်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့။ အကြံကောင်း၊ ဉာဏ်ကောင်းတွေ ပေးသွားပါ့မယ်။ပထမဦးဆုံး သားအောင်၊ သန္ဓေတည်ခြင်း အခြေခံကို ရှင်းပြပါ့မယ်။ အပျိုဝင်ပြီး သွေးမဆုံးသေးသော အမျိုးသမီးများမှာ တစ်လတစ်ကြိမ် (နောက်လာမည့် ရာသီ၏ ပထမသွေးဆင်းရက် မတိုင်မီ ၁၄ ရက် အလိုမှာ) သားဥအိမ် (ovary) မှ သားဥ (ovum) ကြွေပါတယ်။ Ovulation လို့ခေါ်ပါတယ်။ ကြွေလာတဲ့ သားဥက သားဥပြွန် (fallopian tube) အတွင်းမှာ အောက်ကရေကူးတက်လာတဲ့ အမျိုးသားမှ ကံထူးရှင် သုတ်ပိုး (sperm) တစ်ကောင်နှင့် တွေ့ဆုံပေါင်းစည်းပြီး သားအောင်ပါတယ် (fertilization)။ သားအောင်ပြီး ဆဲလ်တစ်လုံးမှ (embryo) ဆဲလ်များပွားပြီး အောက်ရှိ သားအိမ်တွင်းသို့ ဆင်းလာကာ သားအိမ်နံရံမှာကပ်၍ (implantation) သန္ဓေ ဆက်တည်ပြီး ကိုယ်ဝန်ဆောင်ပါတယ်။မောင်နှံ။ ။ ကျွန်တော်တို့ ကလေးရဖို့ ကြိုးစားနေတာ ကြာလှပြီဆရာ။ မရနိုင်သေးလို့ ဖန်ပြွန်သန္ဓေသား လုပ်ဖို့ လွှဲစာလေး ရေးပေးပါဆရာ။
ဆရာဝန်။ ။ ကြိုးစားနေကြတာ ဘယ်လောက်တောင် ကြာပြီလဲ။
မောင်နှံ။ ။ နှစ်လ တောင် တင်းတင်း ပြည့်ခဲ့ပြီးပါပြီ။
အချို့ဇနီးမောင်နှံများက ကလေးလိုချင်စိတ် ပြင်းပြ၍ စိတ်လောနေတတ်ကြပါတယ်။ အတော်များများက လေး၊ ငါးလ ကြိုးစားမှရကြတယ် ဆိုတာ မသိကြလို့ပါ။ တစ်နှစ်ထက်ကျော်ကြာအောင် ကြိုးစားသော်လည်း မအောင်မြင်သေးပါက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ရင် fertility specialist OG နဲ့ပြရပါမယ်။ အမျိုးသမီးက အသက် ၃၅ နှစ်ထက်ကြီးရင်တော့ အချိန်သိပ်မရှိတော့၍ စောစောစီးစီး ပြရပါမယ် (ဥပမာ ၆ လကြာ ကြိုးစားပြီး မရသေးရင်)။
မောင်နှံ။ ။ ကျွန်မတို့ ကလေးရဖို့ ကြိုးစားနေတာ တစ်နှစ်ကျော် ကြာနေပြီဆရာ။ ပုံမှန်လည်း အတူနေကြပါတယ်။ ဘာများလိုအပ်နေလဲ မသိဘူး ဆရာ။
ဆရာဝန်။ ။ ပုံမှန်ဆိုတော့ ဘယ်လောက်လောက် အတူနေကြပါသလဲ။
မောင်နှံ။ ။ တစ်ပတ်တစ်ကြိမ် မပျက်မကွက် နေပါတယ် ဆရာ။
ဇနီးမောင်နှံ အများစု မသိကြသေးတာက အမျိုးသမီး တစ်ဦး၏ ရာသီတစ်လမှာ ကလေးရနိုင်ခြေရှိတဲ့ ရက်စုစုပေါင်းက ၆ ရက်ပဲရှိပါတယ် (fertile period)။ ၇ ရက်တစ်ကြိမ်ပဲ ဆက်ဆံရင် ဒီ ၆ ရက်ကိုလွတ်လွတ်နေပြီး သားဥနှင့်သုတ်ပိုးတို့ မတွေ့နိုင်ပဲ ပွတ်ကာသီကာလေး လွဲလွဲ နေနိုင်ပါတယ်။ သုတ်ပိုးက မ ကိုယ်တွင်းမှာ ၅ ရက်အထိ အသက်ရှင် နေနိုင်ပြီး သားဥက ကြွေပြီး တစ်ရက်သာ ရှင်နိုင်ပါတယ် (သားမအောင်ခဲ့ရင်)။ ဒါကြောင့် ကလေးရနိုင်ခြေရှိတဲ့ရက်တွေက
သားဥကြွေရက်ကတော့ နောက်လာမယ့် ရာသီ၏ ပထမသွေးဆင်းရက် မတိုင်မီ ၁၄ ရက် အလိုမှာ ဖြစ်ပါတယ်။ ပထမသွေးဆင်းရက်ကို ရာသီ၏ ရက် ၁ ဟုခေါ်ပြီး နောက်ရက်များကို ရက် ၂၊ ၃ စသည်ဖြင့် ဆက်ခေါ်သွားပါတယ်။ ဥပမာ ၃၀ ရက် ရှိခဲ့သော ရာသီတွင် ရက် ၁၆ တွင် သားဥကြွေခဲ့ပြီး ကလေးရနိုင်သောရက်များမှာ ရက် ၁၁ မှ ရက် ၁၇ အထိဖြစ်ပါတယ်။
သားဥကြွေချိန်ကို သိစေနိုင်တဲ့ အခြားအချက်များ ရှိပါသေးတယ်။
* သားဥကြွေတဲ့အခါ အချို့က စူးရှတဲ့ နာကျဉ်မှုကို ဗိုက်အောက်ပိုင်း ဘယ်ဘက် (သို့) ညာဘက်တွင် ခံစားရတတ်ပါတယ် (Mittelschmerz)။
* မနက်တိုင်း ကိုယ်အပူချိန်တိုင်းကြည့်ရင
* ဆီးထဲရှိ LH ဆိုတဲ့ ဟော်မုန်းကို တိုင်းတဲ့ ovulation predictor test kit ကိုသုံးနိုင်ပါတယ်။ LH တက်ပြီဆိုရင် တစ်ရက်နှစ်ရက်အတွင်း သားဥကြွေပါတယ်။
မ အင်္ဂါတွင်းကို လက်ချောင်းထည့်၍ သားအိမ်ခေါင်းအရည်ကို ယူကြည့်ခြင်းအားဖြင့်လည်း ကလေးရနိုင်တဲ့ ရက်ပိုင်းလားဆိုတာ ပြောနိုင်ပါတယ်။ အရည်က ကြက်ဥအစိမ်း အကာ ပုံစံဆိုရင် ကလေးရနိုင်တဲ့ ရက်ပိုင်းပါ။ ပျစ်ပျစ်ခဲခဲ လက်ချောင်းနှစ်ချောင်းကြား ရှည်ရှည် မ တန်းတဲ့ အရည်ဆိုရင် ကလေးမရနိုင်တဲ့ရက်ပိုင်းပါ။
ကလေးရနိုင်တဲ့ရက်တွေကို အလွယ်ကူဆုံး သိနိုင်တဲ့နည်းကတော့ mobile application တွေသုံးတဲ့နည်းပါ။ Period and ovulation tracker တစ်ခုခု install လုပ်ထားပြီး သွေးဆင်းရက်တွေ ထည့်ပေးရုံနဲ့ ကလေးရနိုင်တဲ့ရက်တွေကို app ကပြောပါတယ်။ ဥပမာ Clue period tracker app.
အချို့ fertility specialist တွေကတော့ fertile period ကိုတွက်ခြင်းကို အားမပေးဘဲ အနည်းဆုံး သုံးရက်ခြားတစ်ခါ ပုံမှန် ဖိုမ ဆက်ဆံခြင်းကို ပိုအားပေးပါတယ်။
အခြားလုပ်သင့်တာတွေ ရှိပါသေးတယ်။ အမျိုးသားရော အမျိုးသမီး အတွက်ပါ ပြောမှာ ဖြစ်ပါတယ်။
👨🏽
👩🏽 ဆေးလိပ်သောက်ခြင်း၊ အရက် အလွန်အကျွံ သောက်ခြင်းများကို ရှောင်ကျဉ် သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ကတော့ အရက် လုံးဝ မသောက်သင့်ပါ။
👨🏽
👩🏽 ကာလသားရောဂါများ ရှိမရှိ စစ်ဆေးပြီး ရှိပါက ကုသမှုခံယူပါ။
👨🏽
👩🏽 အခြားရောဂါ အခံများရှိပါက ကုသမှုခံယူပါ။ ဥပမာ – လည်ပင်းကြီးရောဂါ (သိုင်းရိုက် ဟော်မုန်း အနည်း အများ)၊ ဆီးချို
👨🏽
👩🏽 ကျန်းမာအောင် အာဟာရပြည့်အောင် စားသောက်ပါ။
👩🏽 Folic acid ပါသော ကိုယ်ဝန်ဆောင် အားဆေး သောက်နေပါ။ ဘာမှန်းမသိတဲ့ဆေးတွေ မသောက်ပါနဲ့။ သောက်ဖို့လိုရင် ကလေးယူဖို့ ကြိုးစားနေကြောင်း ဆရာဝန်ကို အသိပေးပါ။
👨🏽
👩🏽 သင့်တော်သော အားကစား လုပ်ပါ။
👨🏽
👩🏽 စိတ်သောက ဖိစီးမှုများ နည်းနိုင်သမျှ နည်းပါစေ။ Stress များနေရင် ဦးနှောက်ကထွက်တဲ့ ဟော်မုန်းတွေ ကောင်းကောင်း အလုပ်မလုပ်လို့ပါ။
👩🏽 အမျိုးသမီးများ အသက်ကြီးလာလေ ကလေးရနိုင်ခြေ နည်းလာလေဖြစ်တာကို သတိပြုရပါမယ်။
👩🏽 အဝလွန်ပါက ကလေးရရန် ခက်သလို ပိန်လွန်းရင် လည်း ရာသီထိမ်သွားပြီး ကလေး မရနိုင်ပါ။
👨🏽 ဗလထွက်အောင်ဆိုပြီး သောက်တဲ့ ဟော်မုန်းတွေ (anabolic steroid) မသောက်သင့်ပါ။
👨🏽 ဝှေးစေ့ကို အမြဲအပူလွန်စေနိုင်တဲ့ အရာတွေရှောင်ပါ။ ဥပမာ – သိပ်ကျပ်တဲ့ နိုင်လွန် အတွင်းခံဘောင်းဘီ မဝတ်သင့်ပါ။
ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာသော်လည်း ကလေးမရနိုင်သေးရင် မိသားစုဆရာဝန် (သို့) OG အထူးကုနဲ့ ပြရပါမယ်။ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါမယ်။ ပြီးမှဘယ်လိုကုသမှု ခံယူရမယ်ဆိုတာကို အထူးကုက အကြံပြုနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်ကို နောက် post မှာ ရေးပါ့မယ်။
အရေးအကြီးဆုံးကတော့ စမ်းသပ်စစ်ဆေးမှုမှ ကလေးမရနိုင်တဲ့ အကြောင်းရင်းကို သိရတဲ့အခါ တစ်ဦးအပေါ် တစ်ဦးက အပြစ်မတင်ဘဲ နားလည်မှု၊ ဖေးမမှု၊ နှစ်သိမ့်မှုများနဲ့ အထူးကုရဲ့ အကြံပြုချက်များကို အတူတကွ ရှေ့ဆက် လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။
~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ချစ်စရာ သားသားမီးမီးလေးများကို အချိန်တိုအတွင်း ရရှိနိုင်ကြပါစေ။
photo credit to google image
reference to Royal Australian and Newzealand College of Obstetricians and Gynaecologists
ကျော်စန်းလွင်(Child Health Myanmar)