ကလေးနှင့် အားဆေးများ
|ကျွန်မကလေး ဘာအားဆေးတိုက်ရမလဲ? အလွန်အမေးများသည်။ အားဆေးအကြောင်း အယူမှားနေသူ နှင့် အားဆေး အားကိုးလွန်းသူ များနေသည်။
အားဆေးသည် ထွားဆေးမဟုတ်ပါ။
အားဆေးသည် ဗိုက်တာမင်မျိုးစုံ စုထားခြင်းဖြစ်ပါသည်။
=====================
(၁) ဗိုက်တာမင်ဆိုတာ ဘာလဲ?✅
=====================
ကိုယ်ခန္ဓာကြီးထွားဖို့ အတွက် အဓိကလိုသည်က ကစီဓာတ်နှင့် အသားဓာတ်ဖြစ်သည်။ ကစီဓာတ်နှင့် အသားဓာတ်နှစ်မျိုးကို အုတ်ခဲနှင့် သံတိုင်များဟု မြင်ကြည့်လျှင် အုတ်ခဲနှင့် သံတိုင်များသုံးပြီး အဆောက်အအုံဖြစ်ဖို့ သဲ၊ ကျောက်ခဲ၊ ဘိလပ်မြေနှင့် ရေစသည်တို့က ဗိုက်တာမင်သဖွယ်လိုသည်။
(ကစီဓာတ်= ဆန်၊ ဂျုံ၊ ပြောင်း)
(အသားဓာတ်= ကြက်၊ ဝက်၊ အမဲ၊ ဆိတ်သားနှင့် ပဲမျိုးစုံ)
ဗိုက်တာမင် A, B, C, D, E နှင့် အခြားဓာတ်ငယ်များသည် ဦးနှောက်နှင့် ကိုယ်ခန္ဓာ တည်ဆောက် ပြုပြင်ဖို့အတွက် နေ့စဉ်လိုသည်။ အခြားဓာတ်ငယ်များမှာ ကယ်လ်စီယမ်၊ အိုင်အိုဒင်း၊ သံဓာတ် စသည်တို့ဖြစ်သည်။
====================
(၂) ဗိုက်တာမင်ကို ဘယ်ကရ?✅
====================
(က) ရောင်စုံ ဟင်းသီးဟင်းရွက်၊ သစ်သီးစုံ၊ အသား၊ ငါး၊ ကြက်ဥ၊ ကလီစာ၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ကန်စွန်းဥ၊ နွားနို့၊ ဒိန်ချဉ် စသည်တို့မှ ရသည်။🔺
(ခ) အားဆေးဟု အများခေါ်သော ဆေးရည် ဆေးပြားလေးများမှ ရသည်။🔺
=========================
(၃) အပေါ်ကနှစ်မျိုး အနက် ဘယ်ဟာကကောင်း?✅
=========================
သဘာဝ အစားအစာမှ ရသော ဗိုက်တာမင်ကို အားဆေးမှ ရသော ဗိုက်တာမင်ထက် ခန္ဓာကိုယ်မှ ပို၍ စုပ်ယူကြောင်း သြစတြေးလျ အစိုးရက အတိအလင်း ကြေငြာထားပေးသည်။
ထို့ကြောင့် ဖွံ့ ဖြိုးပြီး နိုင်ငံကြီးများတွင် လတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များသည် အားဆေးပုလင်းထက် ဈေးကြီးပါသည်။ လတ်ဆတ်သော သဘာဝအစားအစာများကို အားဆေးထက်တန်ဖိုးထားကြပါသည်
=========================
(၄) ကျွန်မကလေး အားဆေးလိုသလား✅
=========================
(က)ပုံမှန်နို့စို့ ပုံမှန်စားသောက်နေသော ကလေးတစ်ယောက်အတွက် အားဆေးမလိုပါ။🔵
*မွေးလာမယ့် ကလေးထွားစေလိုလျှင် အာဟာရဖြစ်စေသော အစာကို ကိုယ်ဝန်ဆောင်က များများစားပါ။ အစာမဝင်လျှင် သံဓာတ်အားဆေး ဖြည့်ကူပါ။🔺
* နို့စို့ကလေးထွားလိုလျှင် အာဟာရဖြစ်စေသော အစာကို အမေ များများစားပါ။ 🔺
*အစာစားသော ကလေးထွားလိုလျှင် အာဟာရဖြစ်စေသော အစာကို ကလေးကို များများကျွေးပါ။ အဝလွန်အောင် ကျွေးဖို့မဆိုလိုပါ။🔺
*ကလေးကြီးများ ထွားလိုလျှင် အာဟာရဖြစ်စေသော အစာကို ကလေးကို များများကျွေးရမည့် အပြင် ကိုယ်လက်လှုပ်ရှားမှု များသော ကစားနည်းများ အားပေးပါ။🔺
(ခ) အောက်ပါကလေးများတွင် ဗိုက်တာမင် စုပ်ယူအားက နည်းသည့်အတွက် အားဆေးလိုသည်။🔵
-လမစေ့ဘဲ အလွန်စောပြီးမွေးလာသောကလေးမ
-ပေါင်ချိန်မပြည့်ပဲ မွေးဖွားလာသည့်ကလေးများ
-အစာအိမ်နှင့် အူလမ်းကြောင်းတွင် နာတာရှည်ရောဂါရှိသောကလေးမျာ
-ကင်ဆာ အပါအဝင် အခြားသော ပြင်းထန်ဆိုးဝါးသော ရောဂါရှိသူကလေးများ
-အသားနှင့် ဟင်းသီးဟင်းရွက် လုံးဝ လုံးဝ လုံးဝ မစားလောက်အောင် ဂျီးများသော ကလေးများ
=========================
***သတိ- သဲ, ကျောက်ခဲ, ဘိလပ်မြေတို့ ဝယ်ပြီး အုတ်နှင့် သံတိုင်မရှိလျှင် အဆောက်အအုံမဖြစ်ပါ။***
***သတိ-ကလေးများ ကျန်းမာကြီးထွား ဉာဏ်ရည် မြင့်မားဖို့ လတ်ဆတ်သော သဘာဝအစားအစာများကို တန်ဖိုးထားစေလိုပါသည်။***
#နေနေမိုးဆွေ (Child Health Myanmar Page)