ကလေးပဲ ငိုတာဘာဆန်းလဲ
|ကလေးငိုတာက ဆန်းတော့မဆန်းပါဘူး။
ဒါပေမယ့် ‘ကလေးငိုတာ ရေးကြီးခွင်ကျယ်လုပ်လို့’ လို့ ပြောလာတဲ့သူ ရှိရင်တော့ သူ့ကို အပြင်းအထန် ကန့်ကွက်ရပါလိမ့်မယ်။ ကလေးငိုတဲ့ ကိစ္စက ကလေးအတွက်ရော မိခင်အတွက်ပါ အရေးပါတဲ့ အရာတစ်ခုပါ။ ဘာကြောင့် ဒီလို ပြောရလဲ ရှင်းပြပါ့မယ်။
ကလေးတွေမှာလည်း သူတို့ ငိုရတဲ့ အကြောင်းရင်း ရှိနိုင်သလို သူတို့ကို အငိုတိတ်အောင် ကြိုးစားချော့မြှူနေရတဲ့ မိခင်တွေကလည်း ကြောင်ရေချိုးနေကြတာတော့ မဟုတ်ပါဘူး။
စကားမပြောတတ်သေးတဲ့ ကလေးတွေ ဘာကြောင့်ငိုရသလဲ စဉ်းစားနိုင်အောင် ဥပမာလေး တစ်ခု ပေးကြည့်မယ်။ ကိုယ့်ကိုယ်ကို ‘ok’ နဲ့ ‘not ok’ နှစ်ခွန်းပဲ ပြောနိုင်တဲ့ ထူးဆန်းတဲ့ ဆွံ့အ နားမကြား တစ်ယောက်လို့ မြင်ကြည့်လိုက်။ ဒီနှစ်ခွန်းက ကိုယ့်ဘဝအတွက် ဘယ်လောက် အရေးပါလိမ့်မလဲဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။
ကလေးက မငိုနေရင် ‘ok’၊ ငိုနေရင်တော့ ‘not ok’ လို့ ပြောနေတာလို့ ယေဘုယျ ယူဆလို့ ရပါတယ်။
‘ကလေးငိုတာ ဘာခက်လဲ နို့တိုက်လိုက်၊ ချော့လိုက်ပေါ့’ လို့ပြောရတာ လွယ်ပါတယ်။ ဒါပေမယ့် တခါတလေ ထင်သလောက် မရိုးရှင်းပါဘူး။ ကလေးက ‘not ok’ ပဲ ပြောနေတာလေ။ ဘာက မ ok တာလဲမှ မပါတာ။ ဘာလုပ်ပေးရမှာလဲ။ သားဦး ရထားတဲ့ မိခင်တွေ အတွက်ဆို သိဖို့ ပိုမခက်ပေဘူးလား။
ဒီပြဿနာလေးကို ဖြေရှင်းနိုင်အောင် လက်တွေ့ကျတဲ့ အကြံကောင်းလေးတစ်ခုကို ဒီ post မှာမျှဝေပါ့မယ်။ အဲဒါကတော့ check list (ဖြစ်နိုင်သော အကြောင်းရင်း စာရင်း) လေးလုပ်ထားပြီး ပါတဲ့အချက်တစ်ခုချင်းစီအတွက
ဒီပုစ္ဆာလေးကို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေ ရှိဖို့ လိုပါတယ်။ မွေးကင်းစကလေး အငိုလွန်ခြင်းက မိခင်မှာ မီးထွက်ချိန် ဖြစ်လေ့ရှိတဲ့ စိတ်ဓာတ်ကျရောဂါ (postnatal depression) ကို မီးလောင်ရာ လေပင့်ပေးပါတယ်။ ဒါကိုမရိပ်မိတဲ့ အခြားမိသားစုဝင်တွေရဲ့ ‘ဒါလေးတောင် မလုပ်နိုင်ရကောင်းလား’ ဆိုတဲ့ ဝေဖန်ပြစ်တင်မှုတွေကတော့ ရေနစ်သူကို ဝါးကူထိုးသလိုပါပဲ။ Postnatal depression ကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ အမေတွေ ရှိဖူးပါတယ်။ မယုံမရှိပါနဲ့။
Check list
၁။ ကိုယ့်ရဲ့ ဂရုစိုက်မှု (attention) ကို လိုချင်လို့လား။
ချီပေးပြီး လမ်းလျှောက်ပေးပါ။ ပုခက်ထဲမှာ သာသာလေး လွှဲပေးပါ။ လေလေးချွန် သီချင်းလေးဆိုပါ။ ပြုံးပြ၊ ပြောင်ပြပါ။
၂။ ဗိုက်ဆာနေတာလား။
နို့တိုက်ကြည့်ပါ။ သတ်မှတ်ချိန်ထက် နည်းနည်းစောနေသေးလည်း စမ်းတိုက်ကြည့်လို့ရပါတယ်။ ကလေးငယ်လေးတွေကို နို့တိုက်လွန်သွားမှာ သူတို့ အရမ်းဝကစ်လာမှာ မပူပါနဲ့။ သူတို့က ဗိုက်ဝသွားရင် နို့ဆက်မစို့တော့ပါ။ သဘာဝက သူတို့ အဝမလွန်အောင် တားဆီးပြီးသားပါ။
၃။ ချီးသေးစိုနေလို့လား။
အနှီးလဲပါ။ diaper လဲပါ။ diaper rash (ဆီးလောင်) ရှိရင် ရေသန့်သန့်နဲ့ဆေးပါ။ အဝတ်နုနဲ့ဖိ၍ ခြောက်အောင်ထားပြီးမှ zinc oxide ပါတဲ့ diaper cream လိမ်းပေးပါ။ မသက်သာရင်တော့ ဆရာဝန်ပြဖို့လိုပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဟော်မုန်းဆေး တွေကို ဆရာဝန်ပေးမှ သုံးပါ။
၎။ လေထိုးနေလား။
မတ်မတ်လေးထား ကျောလေးကို ညင်ညင်သာသာလေး ပုတ်ပေးပါ။ လေမထွက်ရင်တောင် ကလေးက အဲသလိုလေး လုပ်ပေးတာကို ကြိုက်ပါတယ်။ နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။
၅။ သက်သောင့်သက်သာ မရှိလို့လား။
ကလေးသိပ်အိုက်နေမလား၊ သိပ်ချမ်းနေမလား စဉ်းစားပါ။ ရာသီဥတုနဲ့ သင့်တင့်လျှောက်ပတ်တဲ့ အဝတ်အစားလေးတွေ ရွေးဝတ်ပေးပါ။ ဗိုက်နေရာမှာ သိပ်ကျပ်နေလား စစ်ပေးပါ။
၆။ ချိုလိမ်လေးပဲ လိုချင်လို့လား။
ချိုလိမ်ကတော့ သုံးတတ်ရင် အသုံးတည့်လို့ ကောင်းကျိုးအတွက် လိုအပ်ရင် သုံးပါ။ အချို့ကလေးငယ်လေးတွေကတော့ သူတို့ရဲ့ လက်ကလေးတွေကိုပဲ စုပ်နေရမှ ကျေနပ်တာမျိုးရှိပါတယ်။ သန့်အောင် လွတ်လွတ်လပ်လပ်ရှိအောင် ထားပေးပါ။
၇။ အိပ်ချင်နေပြီး အိပ်မပျော်နိုင်တာလား။
ကလေးငယ်လေးတွေက သူတို့ကို အနှီးလေးနဲ့ ထုပ်ပေးထားရင် ကြိုက်ပါတယ်။ မေမေ့ဗိုက်ထဲ ရှိတုန်းအတိုင်း ဆင်တူလို့ လုံခြုံတဲ့ ခံစားမှု ရလို့လားတော့မသိ။ အိပ်လို့ကောင်းအောင် ဖန်တီးပေးပါ။ အခန်းအပူချိန်၊ အလင်းအမှောင်၊ အသံဗလံ စတာတွေ စစ်ဆေးပါ။
၈။ ကြိုက်တတ်တဲ့ တီးလုံးလေးကိုပဲ လိုနေတာလား။
ကိုယ့်ကလေး ဘယ်တီးလုံးလေးတွေ ကြိုက်တတ်လဲ သိရအောင် စမ်းသပ်ပါ။ စုဆောင်းထားပါ။ အချို့ကတော့ ရေလှိုင်းသံ၊ ကျေးငှက်သံ စတာတွေကို ကြိုက်တတ်ပါတယ်။
၉။ နေများ မကောင်းလို့လား။
ကိုယ်အပူချိန်တိုင်းပါ။ အခြားရောဂါလက္ခဏာတွေ ရှာပါ။ နားကိုကိုင်ကိုင်နေလား၊ အစာအရည်ဝင်လား၊ အန်လား၊ အင်ပျဉ်ရှိလား၊ ရင်ကျပ်လား၊ ဆီးကောင်းလား၊ ဝမ်းကောင်းလား၊ လန်းဆန်းရဲ့လား စတာတွေ စစ်ပါ။ ကလေးနေမကောင်းဘူးထင်ရင် ဆရာဝန်ပြပါ။ မသေချာရင်လည်း ဆရာဝန်ပြဖို့ ဝန်မလေးပါနဲ့။
၁၀။ နောက်ဆုံး ကိုယ့်ကိုယ်ကို သတိမူပါ။ ဘယ်လိုလုပ်လုပ် အငိုမတိတ်ရင် ကိုယ့်မှာလည်း စိတ်ဖိဆီးမှုဒဏ် တော်တော်လေးခံနေရပြီဆိုတာ မမေ့ပါနဲ့။ ကလေးအငိုတိတ်အောင်လုပ်ဖို့ အခြားတစ်ယောက်ကို အကူအညီတောင်းပါ။ ကိုယ်ပဲရှိတယ်ဆိုရင်တော့ ကလေးကို လုံခြုံတဲ့ ပုခက်ထဲ ခဏထား၊ အကျောလေးဆန့်၊ လေကောင်းလေသန့်လေးရှူ၊ စိတ်အေးအေးထားပြီးမှ နောက်တစ်ခါ check list နံပါတ် ၁ မှ ၉ အထိ ပြန်ကြိုးစားကြည့်နိုင်ပါတယ
မှတ်ချက်။ ။ ဤ post တွင်ရေးထားသည့် ‘မိခင်’ ဆိုသည့် အသုံးအနှုန်း သည် ကလေးကိုပြုစုစောင့်ရှောက်နေ
~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ကျန်းမာသန်စွမ်းသော သားသားမီးမီးလေးများကို ပြုစုပျိုးထောင်နိုင်ကြပါစေ
photo credit to google image
reference to raisingchildren.net.au
ကျော်စန်းလွင်(Child Health Myanmar)