စိတ်လှုပ်ရှား ခံစားလွယ်တဲ့ သားငယ်သမီးငယ်တွေအတွက် ဘယ်လိုကူညီဖေးမပေးကြမလဲ။

ကလေးတိုင်း ငိုကြတာမှန်ပေမယ့် အချို့ကလေးတွေကျတော့ သူများထက်ပိုပြီး စိတ်ထိခိုက်ခံစားလွယ်ကြပါတယ်။ ဝမ်းနည်းလွယ်တယ်၊ မျက်ရည်လွယ်တယ်ပေါ့။ သူတို့လေးတွေကို ဘယ်လိုကူညီနိုင်မလဲ အတူတူစဉ်းစားကြည့်ရအောင်နော်။ အများအားဖြင့် နာသွားလို့ ငိုတယ်၊ လိုချင်တာမရလို့ ငိုတယ်၊ တစ်ခုခုလုပ်တာ အဆင်မပြေလို့ စိတ်ပျက်ပြီး ငိုကြတယ်။ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်စိတ်ခံစားမှုကို ကိုယ်ထိန်းချုပ်တတ်လာကြတယ်။ ပညာရှင်တွေ ပြောတာက အသက် ၇ နှစ်နဲ့ ၉ နှစ်ကြားမှာ ကလေးတွေဟာ ပိုထိန်းချုပ်လာနိုင်တာ တွေ့ရတယ်တဲ့။ ဒီထက်ငယ်သေးတဲ့ ကလေးတွေမှာ ဦးနှောက်က စတင်ဖွံ့ဖြိုးရင့်ကျက်မှုစတဲ့အရွယ်မို့လို့ သူတို့စိတ်ခံစားချက်ကို သူတို့ဘယ်လို ကိုင်တွယ်ရမယ်မှန်း မသိဘဲ ရှုပ်ထွေးစေတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆော့တဲ့အခါ လိုချင်တာမရလို့ ငိုမိတာတွေ အဖြစ်များတယ်။ အစပိုင်းမှာ ငိုတတ်တဲ့ကလေးကို အဖော်တွေက ညှာနိုင်ပေမယ့် ခဏခဏဖြစ်လာတဲ့အခါ သူတို့လည်း ဂရုမစိုက်တော့ဘူး။ မဆော့ချင်တော့ဘူး။ ပြီးတော့ အနိုင်ကျင့်ဖို့၊ စဖို့ ပစ်မှတ်ဖြစ်လာတတ်တယ်။ အဲဒါတွေကို ကိုယ့်ကလေးကို နားလည်အောင် ရှင်းပြထားသင့်တယ်။ တနည်းအားဖြင့် ကိုးနှစ်အောက်ကလေးတွေဟာ သင်ယူဆဲကာလဖြစ်တယ်လို့ သတ်မှတ်လို့ ရတယ်ပေါ့။

ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ငိုတာအပြစ်မဟုတ်ပေမယ့် ဘယ်အချိန်မှာ မငိုသင့်ဘူးလဲဆိုတာလေး နားလည်အောင် ပြောပြရမယ်။ တစ်ခါတလေ မိဘတွေက ကလေးကို အားပေးတဲ့အနေနဲ့ ဘာမှမဖြစ်ပါဘူးတို့၊ ဒါငိုစရာမဟုတ်ဘူးတို့၊ ယောက်ျားပဲကွာ ဘာလို့ငိုရမှာလဲတို့ စသည်ဖြင့် အားပေးတတ်ကြပေမယ့် ကလေးစိတ်ထဲမှာ သူအမှားလုပ်လိုက်တယ်လို့ စွဲသွားတတ်ပါတယ်တဲ့။ အဲဒီလိုပြောမယ့်အစား သူငယ်ချင်းတွေရှေ့မှာ ငိုလိုက်ခြင်းအားဖြင့် ဘာမှအကျိုးမထူးတဲ့အပြင် အပေါ်ကအချက်တွေ ဖြစ်စေတဲ့အတွက် တခါတလေ ငိုလိုက်ခြင်းဟာ အကျိုးယုတ်စေတယ်ဆိုတာ သူနားလည်အောင် ရှင်းပြသင့်တယ်။ သူတို့ကို စိတ်သက်သာအောင် မြန်မြန်လုပ်ပေးနိုင်လေလေ သူတို့ရဲ့ စိတ်ခံစားမှုကို မြန်မြန်ထိန်းနိုင်လာလေလေဆိုတာ တွေ့ရတယ်။ ဒါပေမယ့် စိတ်ခံစားမှုဆိုတာ အခက်သားလား။ ရှင်းပြတုန်းတော့ နားလည်ပေမယ့် တကယ်ဝမ်းနည်းပြီဆိုရင် ထိန်းဖို့ အရမ်းခက်ပါတယ်။ အဲဒီတော့ သူကလေးကို ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲဆိုတာ စဉ်းစားရပြီပေါ့။

သူဝမ်းနည်းပြီး ငိုချင်ပြီဆိုရင် –
♥️ အသက်ဝအောင် ရှူခိုင်းပါ။ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် ( နှာခေါင်းကရှူပြီး ပါးစပ်ကပြန်ထုတ်) ခိုင်းပါ။
♥️ အာရုံလွှဲတတ်အောင် သင်ပေးပါ။ ဥပမာ တစ်ကနေတစ်ရာ စိတ်ထဲမှာ ရေခိုင်းတာ၊ စိတ်ထဲမှာ အလီဆိုခိုင်းတာမျိုး လုပ်နိုင်တယ်။
♥️ လျစ်လျှူရှုတတ်ဖို့ သင်ပေးပါ။ လိုချင်တာ မရရင် အခြားတစ်ယောက်၊ အခြားကစားစရာတစ်ခုနဲ့ ဆော့တတ်ဖို့ သင်ပေးပါ။
♥️ ရန်ဖြစ်နေရတဲ့ နေရာကနေ အခြားတစ်နေရာကို ထွက်သွားခိုင်းလိုက်ပါ။
♥️ ကိုယ့်စိတ်ကို ကိုယ်အားပေးတတ်အောင် သင်ပေးပါ။ ဥပမာ – ငါအဆင်ပြေသွားမှာပါ၊ ခဏနေအိမ်ပြန်ရတော့မှာ။ အိမ်ရောက်ရင် မေမေနဲ့ တွေ့ရရင် အကုန် အဆင်ပြေသွားမယ်။ ဖေဖေမေမေနဲ့ တွေ့ရရင် ဒါတွေဖြစ်ခဲ့တယ်ဆိုတာ ငါပြန်ပြောပြလိုက်မယ်၊ အဲဒါဆိုပြီးသွားမယ် စသည်ဖြင့် ကိုယ့်စိတ်ကို နှစ်သိမ့်တတ်အောင်၊ အကောင်းဘက်ကမြင်တတ်အောင် လေ့ကျင့်သင်ပေးထားနိုင်ပါတယ်။

စိတ်ခံစားလွယ် နှလုံးသားနုနယ်တာ အင်မတန်ထိန်းချုပ်ရခက်ပါတယ်။ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်တတ်ဖို့ အင်မတန် အရေးကြီးတယ်လို့ ကျမထင်တယ်။ သူငိုလို့ ဆူလိုက်ခြင်းဟာ သူကလေးကို ဘာမှ ကူညီရာမရောက်ပါဘူး။ ဒီအခြေအနေ အခက်အခဲကနေ ဘယ်လိုအောင်မြင်အောင် ရုန်းထွက်နိုင်မလဲဆိုတာကို သင်ပေးနိုင်မှ အဖိုးတန်ပါတယ်။ ဟင်းစားပဲမပေးဘဲ ကွန်ချက်ပါပြရမှာပါ။ လေ့ကျင့်ပေးတယ်ဆိုတာမှာလည်း သူ့အတွက် လုပ်ရတာ အရမ်းခက်နေမယ်၊ မလုပ်ချင်ဘူးဆိုရင် အတင်းဖိအားပေးလုပ်ခိုင်းတာမျိုး မလုပ်ပါနဲ့နော်။ တစ်ခါတလေ မိဘနဲ့သားသမီးပဲ၊ သူ့ကောင်းကျိုးအတွက်ခိုင်းတာ ဘာလို့မလုပ်ချင်ရမှာလဲဆိုတဲ့ ငါမိဘဆိုတဲ့ အနိုင်ယူလိုစိတ်က မိဘတွေရဲ့ မသိစိတ်ထဲမှာ အမြဲရှိတယ်နော်။ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် တရားမျှတအောင် သတိထားနေနေ အဲဒီစိတ်က အမြဲခြုံခို တိုက်တတ်တယ်။ ကိုယ့်ကိုကြောက်လို့သာ လုပ်လိုက်ရပေမယ့် သူ့ရင်ထဲမှာ အဲဒါက အကြိတ်အခဲအကြီးကြီးဖြစ်သွားပြီး သူ့အတွက် အကျိုးမထူးပါဘူး။ ခုသင်ခုရတဲ့အဖြေ ဘယ်မှာမှ မရှိပါဘူး။ ဒီနေ့ဒါတွေသင်လို့ မရသေးဘူးဆိုရင် နောက်နေ့တွေ ဆက်တိုက်ခဏခဏပြောပြသွားရင် တဖြည်းဖြည်းနားလည်လာပါလိမ့်မယ်။

မေတ္တာဖြင့်
မပန်းအိ

Ref: Psychology today, Kidspot.com.au